မင်းအောင်လှိုင်၏ တရားကျောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

by Hla Soewai - May 21 2022

ယနေ့ စတင်မည့် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများသည် လက်နက်ကိုင်ထားသော်လည်း ဥပုဒ်သီတင်းသီလ ဆောက်တည်သူများ ကဲ့သို့ ငြိမ်ဝပ်ပိပြားစွာ ကြိုးစားနေထိုင်နေကြသူ များ ဖြစ်နေသည်ကို တွေ့ရသည်။

 

အဓိက လာစေချင်သည့် ကေအိုင်အေ၊ ကေအင်ယူ နှင့် အေအေ တို့ အရိပ်အ‌ယောင်မျှပင် မတွေ့ရပေ။ ဆွေးနွေးပွဲ မစမီ မှာပင်ကရင် အမျိုးသား အစည်းအရုံး ကေအင်ယူ နှင့် ကော်ဘရာ စစ်ကြောင်း အဖွဲ့ဝင်များကတော့ ထိုင်း-မြန်မာ နယ်စပ်ရှိ နာမည်ကျော် သေ့ဘော့ဘိုး စခန်းကို မင်းအောင်လှိုင် တပ်များထံ မှ သိမ်းယူပြလိုက်သည်။

 

အခြား အချိန်တွင် စစ်ကောင်စီ သည် ထုံးစံ အတိုင်း မသိချင်ယောင် ဆောင်နေမည် ဖြစ်သော်လည်း ယခုလို "ဆွေးနွေးပွဲကြီး" မစခင်မှာပင် စခန့်းကျသွားရသည့် အဖြစ်က မင်းအောင်လှိုင်၏ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်သွားခဲ့ရသည်။ ထိုသို့ဖြစ်မည် စိုး၍ထင် စစ်တပ်သည် ယခင်လို အလွယ်တကူ ဆုတ်မပြေးနိုင်တော့ပဲ အထက်အမိန့်ဖြင့် တနေလုံး မီးကုန်ယမ်းကုန် ခုခံခဲ့ကြသည်၊ တရုတ် လုပ်၊ ရုရှားလုပ် ဂျက်တိုက်လေယာဉ်များဖြင့် ၃၅ ကြိမ် ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။ သို့သော် စိတ်ဓါတ် အင်အား တွင် မယှဉ်နိုင်အောင် ကွာခြားနေရ၍ နောက်ဆုံးတွင် စစ်ကောင်စီ တပ်များ အကျအဆုံးများစွာ ဖြင့် လက်လွတ် ထွက်ပြေးခဲ့ကြရသည်။

 

ရောက်ရာပေါက်ရာ ထွက်ပြေးကုန်ကြ၍ ထိုင်းဖက်သို့ပင် ရောက်ရှိသွားသော စစ်ကောင်စီ သစ္စာခံ တပ်သား ၁၄ ဦးအား ထိုင်း အာဏာပိုင်များက ဖမ်းဆီးပြီး စစ်ကောင်စီ ဖက်သို့ ပြန်ပို့ ပေးခဲ့ရသည့်အထိ ရှက်ဖွယ်လိလိ ဖြစ်သွားခဲ့ရသည်။

 

လက်နက်မျိုးစုံ နှင့် စစ်ကောင်စီ သစ္စာခံ တပ်သား ၆ ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ (ပုံပါ ဧရာဝတီ၏ သတင်း ဓါတ်ပုံကိုတွေ့နိုင်သည်)

 

ထိုသို့ သမိုင်းတွင် မည့် တိုက်ပွဲကြီးအတွက် ဂုဏ်ယူ မိသလို ကျဆုံးသွားသည့် ရဲဘော်များအားလည်း လေးစား ဂုဏ်ပြုအပ်ပါသည်။

 

ရှမ်းပြည်နယ် ဖယ်ခုံ ဒေသတွင်လည်း ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့၊ PDF များ နှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ အကြမ်းဖက် စစ်တပ်သည် မြေပြင်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့၍ လေကြောင်းမှ ရိက္ခာများ ချပေးရသည့် အထိ ဖြစ်လာသည်ဟု ဧရာဝတီတွင် ဖေါ်ပြထားသည်။ စစ်တပ်ဖက်မှ မကြာသေးမီက သီတဂူ ဘုန်းကြီး သွားရောက်‌ တွေ့ဆုံခဲ့သည့် အောင်ခမ်းထီ၏ ပအို့ လက်နက်ကိုင် အဖွဲ့များက ပူးပေါင်း တိုက်ခိုက်လာကြသည်။

 

လောလောဆယ် တရားကျောင်း ဆွေး‌ နွေးပွဲသိူ့ တက်ရောက်လာသော အဖွဲ့ ၁၀ ဖွဲ့ အနက် ၇ ဖွဲ့သည် NCA လက်မှတ်ထိုးပြီးသား ဖြစ်ပြီး မထိုးရသေးသည့် UWSA, NDAA, SSPP တို့ လည်း ရောက်လာကြသည်ဟု သိရသည်။

 

ငြိမ်းချမ်းပြီးသား လူများ နှင့် ငြိမ်းချမ်းရေး ဆွေးနွေး ခြင်းမျိုး ဖြစ်၍ တရားကျောင်း ဆွေးနွေးပွဲဟု အမည်ပေးလိုက်ခြင်း သာ ဖြစ်သည်။

 

ထိုအကြောင်းကို တရုတ် ဆင်ဟွာ သတင်းဌာနက

ဖေါ်ပြလာပြီး သတင်း အောက်ဆုံးပိုဒ်တွင် ‌သမိုင်း နောက်ခံ အဖြစ် မင်းအောင်လှိုင် အာဏာ သိမ်းမှု အား passive voice ဖြင့် သာ ရေးသားထားသည် ကို ‌တွေ့ရ၍ သဘောကျမိသည်၊ ထိုအပိုဒ် တွင် "အရေးပေါ် အခြေအနေ ကြေညာပြီးနောက် မင်းအောင်လှိုင်ထံ အာဏာ လွှဲပြောင်းပေးခဲ့ကြသည်" ဟု ဗြောင်ကျကျ ပင် လိမ်ညာ ရေးသားထားသည်၊ ဤသည်ကလည်း ကတ္တားနှင့် ကံသည် တခုတည်း ဖြစ်နေ၍ပင် ဖြစ်သည်။

 

မင်းအောင်လှိုင် တို့ အဖွဲ့အတွက် ဝမ်းသာအားရ ဖြစ်စေမည့် သတင်းကောင်းတခုက အာဆီယံ ဥက္ကဌ မှ အာဆီယံ ကာကွယ်ရေး ဝန်ကြီး အစည်းအဝေး တက်ရောက်ရန် ဖိတ်စာပို့ပေးလိုက်ပြီ ဆိုသော သတင်းပင် ဖြစ်သည်။

 

ပြည်သူများ၏ သွေးများ စွန်းထင်း ပေကျံနေသည့် လက်များဖြင့် ဝမ်းသာအားရ သွားကြပေဦးမည်။

 

၎င်းတို့အားလုံးသည် စစ်အာဏာရှင်စနစ်၏ အသီးအပွင့်များကို တချိန်လုံး လက်ဖြန့် စာသုံးခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့အဖို့ မည်သည့်အရာကိုမျှ အထူးတလည် တွေးခေါ် စဉ်းစားစရာမလို၊ ထို့အတွက် အမှန်တရား ဆိုသည်ကိုလည်း မသိ၊ ကိုယ်ချင်းစာတရား ခေါင်းပါးစွာဖြင့် လူဖြစ်ကြီးပြင်းလာသူများ ဖြစ်သည်။

 

စစ်မတိုက်ရသရွေ့ အနေချောင်လှသော စနစ်ကြီး ကို ကာကွယ်ရန် သံဓိဠာန် ချထားကြသူများ ဖြစ်၍ ပြည်သူများအတွက် လွန်စွာ အန္တရာယ် ပေးနိုင်သည့် ကြေးစား သာသာ များ ဖြစ်သည်။

 

၎င်းတို့အားလုံးတွင် လူသားတယောက်၏ ဖြစ်လေ့ဖြစ်ထ ရှိသော ချို့ယွင်းချက်များ ဖြစ်သည့် စာရိတ္တ အားနည်းမှု၊ ပေါ့ဆမှု၊ နိုင်လိုမင်းထက် ကျင့်ကြံလိုမှု များကို အထင်းသား မြင်‌နိုင် တွေ့နိုင်သည့် လမ်းလျှောက် ပြတိုက်ကြီးများ အဖြစ် လေ့လာနိုင်ပေသည်။

 

ထို့အတွက်လည်း အထက်က ပေးသော အမိန့်ကို ကောင်းသည် ဆိုးသည်ဟု လည်း မခွဲခြားတတ်တော့၊ ၎င်းတို့ ကျင်လည်ရာ ပတ်ဝန်းကျင်တွင် မိမိတို့သည်သာ အသက်စွန့်ဝင်သူများ ဖြစ်၍ မြင့်မြတ်သူများ၊ တိုင်းပြည်အတွက် အသုံးတည့်သူများ၊ စွန့်လွှတ်စွန့်စားရဲသည့် သူရဲကောင်းများ ဖြစ်သည်ဟူသော စိတ်ကူးယဉ် လောက ကို ဖန်တီးပြီး ပျော်မွေ့နေကြသူများ ဖြစ်သည်။

 

ချင်းပြည်နယ် ကာကွယ်ရေး တပ်ဖွဲ့မှ စစ်ကောင်စီ စစ်သားများ စိတ်ကြွဆေးများ သုံးထားသည်ကို ‌တွေ့လာရသည်ဟု ဆိုသည်၊ စစ်သားတဦး သေနတ် ထိမှန်သွားသည်ကိုပင် ကြည့်ပြီး အနားက လူများ ရယ်မောနေကြသည်ကို ကိုယ်တိုင် မြင်ခဲ့ရသည့် မင်းတပ် CDF အဖွဲ့ဝင်တဦး၏ အပြောကို မဇ္ဇျိမ သတင်းတွင် ဖေါ်ပြထားသည်။ ရာဘ ဆေးပြား အမြောက်အမြား တင်လာသည့် စစ်ကားတစီးအားလည်း ဧပြီလ အစောပိုင်းက သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

 

ဩစတေးလျှ အစိုးရသည်လည်း ၎င်းတို့၏ သံအမတတ် အသစ် ခန့်အပ်ရန် ငြင်းဆန်ခဲ့မှု အတွက် စစ်ကောင်စီ မှ မိမိတို့လည်း သံတမန် အဆင့်လျော့ချသွားမည်ဆို၍ ခြိမ်းချောက်လာသဖြင့် ၎င်းတို့ လက်ဝယ် ဓါးစာခံ အဖြစ် ဖမ်းဆီးထားသော မစ္စတာ ရှောင်တန်နယ်လ် အတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာရသည်ဟု သိရသည်။

 

အဆိုပါ အရေးတွင် ပထမဆုံး ထိခိုက်မည့်သူသည် မြို့တော် ကင်ဘာရာ တွင် အနေအစား ချောင်စွာဖြင့် ညိမ့်နေသည့် စစ်ကောင်စီ လွှတ် သံအမတ်ဆိုသူဖြင့် ဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့ ခြိမ်းချောက်သည့် အတိုင်း တကယ်လုပ်မည်ဆိုက ၎င်းအား ပထမဆုံး ပြန် ခေါ်ခံရမည့် အရေး နှင့် ကြုံရတော့မည် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး မှ မြန်မာပြည် အထက်ပိုင်း မြို့နယ် ၁၂ မြို့နယ်တွင် တရားစီရင်ရေး အာဏာများ ကျင့်သုံးနိုင်ရန် တရားသူကြီးများ ခန့်အပ်ကြောင်း အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချအောင်ရမည်!!!