ကျားရှေ့ မှောက်လျက် မလဲခဲ့သူများ

by Hla Soewai - May 24 2022

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာ မှုများကြောင့် အာဏာ သိမ်းရပါသည် ဟု အကြောင်း ပြခဲ့သည်၊ မည်သို့ပင် ပြောစေကာမူ လူ နှစ်ထောင်ခန့် သေဆုံးခဲ့ရမှု ၊မိသားစု ထောင်ပေါင်းများစွာ သေကွဲ ရှင်ကွဲ ဖြစ်ခဲ့ရမှု၊ သောင်းချီ အရည်အတွက်ရှိ ပြည်သူများ ယခုထိ သံတိုင်နောက်တွင် ရောက်နေရမှု၊ စစ်ကိုင်း နှင့် မကွေးတိုင်း ‌တို့တွင် ကျေးရွာပေါင်း များစွာ မြေလှန် မီးရှို့ခံခဲ့ရမှု၊ လူပေါင်း ခြောက်သိန်း ခန့် အိုးအိမ် စွန့်ခွာပြီး ထွက်ပြေးနေရသည် ဆိုသော အချက်များကိုတော့ မည်သို့မျှ ပြောင်းလဲအောင် မလုပ်နိုင်ပေ။

 

ဤသည်ကပင် ၎င်းတို့အား အစိုးရတရပ် အဖြစ် ရပ်တည်ပိုင်ခွင့် ဆိုသည်ကို ထာဝရ ပျက်ပြယ်သွားစေခဲ့သည့် လုပ်ရပ်များပင် ဖြစ်ပေတော့သည်။

 

ထိုသို့သော ပုဂ္ဂိုလ်မျိုးက ရွေးကောက်ပွဲ ပြုလုပ်ပြီး တိုင်းပြည်ကို ဒီမိုကရေစီ ပြန်လည် ထားရှိပေးမည် ဆိုသည့် စကား ကို မည်သူကများ အယုံအကြည် ရှိပေမည်နည်း၊ ရွေးကောက်ပွဲ လုပ်ပေးသည် ဆိုစေဦး၊ တက်လာသော အစိုးရသည် ၎င်းတို့ မျက်နှာ ကြည့်၍ အုပ်ချုပ်ကြရပေတော့မည်၊ ၎င်းတို့ တချက် အလိုမကျသည်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ထံသို့ အာဏာလွှဲပြောင်းပေးလိုက်သည် ဆိုကာ အချိန်မရွေး အရပ်သား အစိုးရ ကို ဖြုတ်ချပစ် နိုင်သည်။

 

ဖြုတ်ချယုံဖြင့် အားမရသေးပဲ အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်တိုင်း ဝန်ကြီးချုပ် များကို လုပ်ကြံ ဖန်တီးထားသည့် စွဲချက် အမျိုးမျိူး ဖြင့် ၎င်းတို့ တရားရုံးများမှ တဆင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ် ခံကြရပေဦးမည်။ လွတ်လပ်သည့် အဖွဲ့အစည်း အဖြစ် ရှိရမည့် ဗဟိုဘဏ် အုပ်ချုပ်ရေးကိုပင် ချမ်းသာမပေး။

 

နိုင်ငံ အရေး တွင် ပါဝင်လှုပ်ရှားခဲ့သူများလည်း ဖမ်းဆီး နှိပ်စက်ခံကြရပေဦးမည်။

 

ထိုသို့သော နမူနာများကို မင်းအောင်လှိုင်က တနှစ် အတွင်းမှာပင် သံသယ မြူတမှုန်မျှပင် မကျန်ရအောင် ရှင်းလင်းစွာ ထုတ်ဖေါ်ပြသခဲ့ပြီး ဖြစ်သည် မဟုတ်လော။

 

ဤသို့ဖြင့် ဗိုလ်သန်းရွှေတို့ တိုင်းပြည်အား စည်းကမ်းတကျ ဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးခဲ့သည် ဆိုသည်ကို သမိုင်းမှတ်တမ်းများတွင် မှင်ပင် မခြောက်သေး၊ သူ၏ ဆရာသမား ဖြစ်သူ ဗိုလ်သန်းရွှေ ဂုဏ်ယူဝင့်ကြွားစွာ ချန်ထားရစ်ခဲ့သည့် ဖွဲ့စည်းပုံကြီးကို တပည့်ကျော်ကြီးက အမှိုက်ပုံးထဲ ပစ်မထည့်ယုံတမယ် ချေဖျက်ပြလိုက်ပြီ ဖြစ်သည်။

 

တတိုင်းပြည်လုံးက ၎င်းတို့ရရှိခဲ့သည် ဆိုသော ဒီမိုကရေစီ သည် ဖက်ဆစ် စစ်တပ်၏ ရွှေရည်စိမ် ဒီမိုကရေစီ ကြီးသာ ဖြစ်သည်ကို သဘောပေါက် လက်ခံခဲ့ကြပြီ ဖြစ်သည်။ 

 

၎င်းတို့ရှိနေသရွေ့ မြန်မာပြည်တွင် မည်သူမျှ ရွေရည်စိမ် ဒီမိုကရေစီ နိုင်ငံရေး တွင် ပါဝင်ရဲကြတော့မည် မဟုတ်၊ ကိုယ့်သေတွင်း ကိုယ်တူးရမည့် အရေးကို အဘယ်သို့များ လိုလားသူ ရှိပေမည်နည်း။

 

ထိုနေရာများတွင် ၎င်းတို့ ၏ စိတ်တော်သိ၊ ဗောင်းတော်ငြိမ့်၊ ဘယ်သူသေသေ ငတေမာ သမားများသာ ထင်တိုင်းကြဲ အုပ်ချုပ်ပြီး တိုင်းပြည် နစ်သည်ထက် နစ်ဖို့သာ ရှိပေသည်၊ မည်သည့် အခါမျှလည်း ဦးမော့လာနိုင်စရာ မရှိတော့၊ ကြာလေ နစ်လေ ဖြင့် လုံးပါး ပါးကာ အာရှတွင် ရှေးဟောင်း အမွေအနှစ် ပြတိုက်ကြီး အဖြစ် ဖုန်တထောင်းထောင်း နှင့် ရပ်တည်သွားရပေတော့မည်။

 

ထိုကဲ့သို့ ရွှေရည်စိမ် ဒီမိုကရေစီ စနစ်ကြီး ကို ‌နိုင်ငံတော် အတိုင်ပင်ခံ နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကောင်းစွာ သိရှိ နားလည်ထားပြီး ဖြစ်သော်လည်း ပြည်သူများ၏ ဘဝ၊ လူနေမှု အဆင့်အတန်း မြင့်မားရေး အတွက် လုပ်လို့ရသည့် ဘောင်အတွင်းမှ အစွမ်းရှိသမျှ ကြိုးပမ်းသွားမည် ဆိုကာ လက်နက်အားကိုးဖြင့် အနိုင်ကျင့်လိုသူများ နှင့် တတ်နိုင်သမျှ အဆင်ပြေအောင် ကြိုးစားပေးခဲ့သည်။ Workaround policy ဖြင့် အရှေ့တောင် အာရှတွင် ခေါင်းမော့လာနိုင်ခဲ့သည် အထိ လုပ်ပြသွားခဲ့သည်။

 

၎င်းတို့ဖာသာ ရေးဆွဲပြီး လိမ်လည် အတည်ပြုလာသည့် ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ဥပဒေ ဘောင်အတွင်းမှသာ ပြင်ဆင်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းမျိုးသာ ရှိပြီး တချက်တလေမျှပင် ဖေါက်ဖျက်ခဲ့ခြင်းမျိုး မရှိ။

 

ထို့အတွက် နောက်ဆုံးတွင် တော့ စစ်တပ်သည် ၎င်းတို့ဖာသာ ရေးဆွဲထားသော ဖွဲ့စည်းပုံကို ၎င်းတို့ဖာသာ ဖေါက်ဖျက်ကာ အာဏာသိမ်းခဲ့ရသည့် အဖြစ်သို့ ရောက်ရှိသွားခဲ့ရပေတော့သည်။ ‌

 

နိုင်ငံတကာရှိ လေ့လာသူများက တခဲနက် အတည်ပြု ပေးခဲ့သည့် ရွေးကောက်ပွဲကြီးအား မဲသမာမှု များ ရှိနေသည်ဆိုကာ မဲလက်မှတ် လေးသောင်းဇာတ်တော် ဖြင့် သာ အကြောင်းပြနိုင်ခဲ့သည်၊ ၎င်းတို့ ထုတ်ပြနိုင်ခဲ့သည့် သက်သေများကမြို့နယ် အဆင့်ဆင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များကို ခြိမ်းချောက် လက်မှတ်ရေးထိုးခိုင်းသည့် အလိမ်အညာ စာရွက်စာတမ်းများသာ ရှိပေတော့သည်။

 

အကယ်၍ နိုင်ငံတော် အတိုင်ပင်ခံသာ သူမကိုယ်ပင် သမ္မတ အဖြစ် လုပ်ပိုင်ခွင့် ငြင်းပယ်ထားသည့် ၎င်းတို့၏ မတရားဥပဒေကြီးကို ကန္တကောစ လုပ်ကာ ပယ်ဖျက်ရန် ကြိုးပမ်း‌ နေခဲ့မည်ဆိုလျှင် ၎င်းတို့ အဖို့ အာဏာသိမ်းရန် လုံလောက်သည် ထက် ပိုသော အကြောင်းပြချက်များ ရရှိသွားမည် ဖြစ်သည်။

 

ဖြစ်ပေါ်လာသော သွေးထွက်သံယို မှုများ အတွက် အပြစ်ပြောလိုသူများက ကျားရှေ့ မှောက်လျက်လဲ သည် ဆိုကာ သူမ အား လက်ညိုးထိုးလာကြမည်သာ ဖြစ်သည်၊ ထိုအရေး တွင်လည်း သူမ နှင့် NLD သည် ဆင်ခြင်တုံတရား လက်ကိုင်ထား၍ ပြည်သူများ အပေါ် တာဝန်ကြေ ခဲ့သည်၊ ပြောင်းလဲလိုသည်များကို ဥပဒေ ဘောင်အတွင်းမှသာ ဆက်လက်ကြိုးပမ်းသွားရန်သာ သံဓိဌာန် ချထားပြီးလည်း ဖြစ်သည်။ 

 

ထို့အတွက် ၎င်းတို့ မည်သို့ပင် ပြောဆိုနေစေကာမူ တနိုင်ငံလုံး သွေးချောင်းစီးနေမှုများ အတွက် မင်းအောင်လှိုင် နှင့် ကပ်ပါးများတွင်သာ တာဝန်ရှိပေသည်၊ ထို့အတွက် ဥပဒေက ပေးသည့် အပြစ်ဒဏ်ကို ခံကြရတော့မည်က မလွဲမသွေပင် ဖြစ်ပေတော့သည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချအောင်ရမည်!!!