လမ်းတံတား နှင့် ကျောင်းများ ဆောက်လုပ်ပေးမည့် မင်းအောင်လှိုင်

by Hla Soewai - May 24 2022

စစ်ကောင်စီသည် မြန်မာ အား တရုတ်လို ယူဆနေပုံရသည်။ တရုတ်သည် တိုင်ဝမ်ကို နိုင်ငံမှ ခွဲထွက်ရန် ကြံနေသော ပြည်နယ်တခု အဖြစ် သဘောထားပြီး တိုင်ဝမ် နှင့် ဆက်ဆံသူမှန်သမျှ အပေါ် ပြင်းပြင်းထန်ထန် တုန့်ပြန် သတိပေး တတ်သည်။ ကြံရာမရ ဖြစ်လာသည်နှင့် အမျှ တရုတ်ကဲ့သို့ပင် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ဆက်ဆံသူမှန်သမျှ ကို “အကြမ်းဖက် မှု အားပေးသူများ” အဖြစ် ဝါးလုံးချေးသုတ် ရမ်းနေသည့် အဖြစ် ရောက်ရှိနေပြီ ဖြစ်သည်။

 

ဇော်မင်းထွန်းက မလေးရှား နိုင်ငံခြားရေး ဝန်ကြီး အနေနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုအပေါ် မြန်မာ စစ်ကောင်စီမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာချက်များ အကြိမ်ကြိမ် ထုတ်ပြန် သတိပေးခဲ့ပြီး ဖြစ်ကြောင်း၊ NUG နှင့် ပူးပေါင်းမှု မှန်သမျှ အား “အကြမ်းဖက်မှု အားပေးသည့်” သဘော မှတ်ယူမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။

 

သို့သော် စစ်ကောင်စီ သည် တရုတ် မဟုတ်၊ တရုတ်လို နိုင်ငံတကာတွင် လူရာဝင် ဩဇာညောင်းဖို့ ဝေးစွ၊ တရား မဝင် အာဏာသိမ်းကာ အစိုးရ တက်လုပ်နေသူများ ဖြစ်၍ မပတ်သက်အောင် တတ်နိုင်သမျှ ကင်းကင်း နေလိုသူများအား ဟိန်းလား ဟောက်လား လုပ်နေရရှာသည့် “ရေအိုင်ထဲက ဖါးသူငယ်” ဘဝမျိုး နှင့် ရှင်သန် နေရသည့် အဖြစ်ကို သဘော မပေါက်။ တကယ်တမ်း သံအမတ်များကို ခေါ်ယူပြီး သတိပေး စကားပြောရမည့် သံတမန် လမ်းကြောင်းကိုမူ အသုံးပြုရဲပုံ မရ၍ ရှောင်ရှားနေဆဲ ဖြစ်သည်။

 

နိုင်ငံတကာကလည်း ၎င်းတို့နှင့် သံတမန် ဆက်ဆံရေး အဆင့်ကို မသိမသာ လျော့ချလာနေပြီး သံရုံး ဖွင့်ထား နိုင်သည့် အဆင့်မျိုး နှင့်သာ ဆက်ဆံလာနေသည့် အဖြစ်မှာ အထင်အရှား မြင်တွေ့လာနေရသည်။ ဤသည် ကပင် ယခင်လို မြန်မာ တို့၏ တော်လှန်‌ရေးအား indigenous growth ဒေသ အလိုက် ဟိုနေရာတကွက် ဒီနေရာ တကွက် ဖြစ်ပေါ်လာမှု ဟု ယူဆနေသည့် အဆင့်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ညီညွတ်မှုတည် ဆောက်လာနိုင်၍ လက်ရှိ စစ်အာဏာပိုင်များကို ဖြုတ်ချနိုင်သည့် အနေအထား ဟု သတ်မှတ်လာကြဟန် ရှိသည်။ ထိုသို့ ဆန့်ကျင်တိုက်ခိုက်နေသူများ အကြား တသားတည်း cohesion ရှိကြောင်း ပြသနိုင်ရေးသည် လွန်စွာ မှ အရေးကြီးသော အချက်ပင် ဖြစ်သည်။ မင်းအောင်လှိုင်သည် ထိုသို့ တသားတည်း ဖြစ်လာနေမှုအပေါ် နည်းမျိုးစုံဖြင့် ဖြိုခွင်းရန် ကြိုးပမ်းလာနေခြင်း ဖြစ်သည်။

 

ဤကဲ့သို့သော ရည်ရွယ်ချက်ဖြင့် ခေါ်ယူသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြည်သူများကို ပစ်သတ် နေလျှင် ရပ်ကြည့်နေမှာ မဟုတ်ဟု မနှစ်ကမှ ပြောခဲ့ဖူးသည့် ရှမ်းပြည်နယ် ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဌ RCSS ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် ရပ်ကြည့် မနေသည့်အပြင် မင်းအောင်လှိုင် နှင့် လက်ဆွဲ၍ပင် နှုတ်ဆက်လာခဲ့ပြီ ဖြစ်သည်။

 

သို့သော် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေး အတွက် ယုံကြည်မှု အရင်တည်ဆောက်ရဦးမည် ဆိုကာ တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်နယ်မြေ အတွင်း လမ်းတံတား စာသင်ကျောင်းများ ဆောက်လုပ်ပေးရန် များသာ ဆွေးနွေးခဲ့ရကြောင်း RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ထုတ်ဖေါ်ပြောဆိုခဲ့သည်။ လက်ရှိ ဖြစ်‌ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ခြင်း မရှိဟု ဆိုသည်။

 

၎င်းတို့အား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များ မဟုတ်ကြသဖြင့် မည်သို့များမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် ဆွေးနွေးမှုတွင် တိုးတက်လာရန် မရှိဆိုသည်ကိုလည်း အားလုံးက သုံးသပ်ထားခဲ့ပြီး ဖြစ်သည်။ တဖက် နှင့်တဖက် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးကြသည် ဆိုရာတွင် မိမိတို့ဖက်မှလည်း တဖက်ကို ခြိမ်းခြောက် နိုင်သည့် အင်အား ရှိမှသာ ကိုယ်လိုချင်သည်ကို တန်းတူ ရည်တူ ဆွေးနွေး နိုင်မည် ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ထားရာနေ စေရာသွား အဖြစ် နေရသူများကို အဘယ်မည်သော တဖက်လူက မိမိတို့ လိုချင်သည်များကို လိုလို လားလား ပေးရိုးထုံးစံ ရှိပေမည်နည်း။

 

ဤသည်ကို သိသိကြီးဖြင့် ရောက်လာသူများသည် လက်ရှိ နိုင်ငံရေး အကျပ်အတည်း ကြီးကြောင့် မရှူနိုင် မကယ်နိုင် ဖြစ်နေသော စစ်တပ်ထံမှ မည်ကဲ့သို့များ အချောင် ရနိုင်မည်နည်းဟူသော စိတ်ကူး မျိုးနှင့် ရောက်လာကြသူများ ဟု ယူဆရုံက လွဲ၍ အချိန်ကုန်ခံ စဉ်းစားနေဖို့ လိုဦးမည်နည်း။

 

တနိုင်ငံလုံး ကျေးရွာများကို လိုက်၍ မီးတင်ရှို့ သတ်ဖြတ်နေသူများ၊ မြို့ကြီးများကိုပင် မီးမှန်မှန်လာအောင် လုပ်ပေးနိုင်စွမ်း မရှိသူများ၏ ပါးစပ်က ဒေသဖွံ့ဖြိုးရေးများ လုပ်ပေးမည် ဟု ပြောနေသည်ကို လာပြီး နား ထောင်ရသည့် လူများ ဖြစ်သွားခဲ့ကြပြီ ဖြစ်သည်။

 

တဖန် ဇော်မင်းထွန်းက AA ၏ လုပ်ရပ်များကို အတော် သည်းညည်းခံနေရ၍ နောက်နောင် မိမိတို့ အား အဆိုး မဆိုနှင့်ဟုပင် ဖြီးလား ဖြန်းလား လုပ်ကာ “ခြောက်” လိုက်ပြန်သည်။

 

သူ၏ စကားအတွက် AA ၏ ပြောခွင့်ရ ဦးခိုင်သုခမှ “ပြည်သူများ အပေါ် သမိုင်းစဉ်တလျှောက် တခါဖူးမျှ ကောင်းခဲ့ ဖူးသူများ မဟုတ်သဖြင့် ၎င်းတို့ကို အပြစ်မတင်ပါနှင့်” ဟု ပြောလာခြင်းသည် တကယ့် ဟာသ သက်သက် ဖြစ်သည်ဟု တုန့်ပြန်လာခဲ့သည်။ ထို့အပြင် ရခိုင် ပြည်သူများ အပေါ် ၎င်းတို့ လုပ်နေကျ ထုံးစံ အတိုင်း လူမျိုးတုံး သတ်ဖြတ်ပြစ်မည် ဆိုကာပြောလာသည်မှာ လူမိုက်စကား ပြောလာခြင်းဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။

 

ထိုသို့ အဖက်ဖက် မှန်းချက် နှင့် နှမ်းထွက်မကိုက် ဖြစ်လာသော ခေါင်းဆောင်ကြီးသည် မည်သို့ မည်ပုံ ဆက်လုပ် မည်မသိ၊ မိမိ၏ အမှားကြောင့် အမှားမှား အယွင်းယွင်း ဖြစ်နေသည်ကို မသိနိုင် မမြင်နိုင်၊ အရာရာကို သူ တဦး တည်းကသာ ဘဝင်ရူး ရူးကာ ငါသိငါတတ် ဆုံးဖြတ် နေဆဲ ဖြစ်ပြီး၊ ကျန်လူများ အဖို့ က တလုံးတပါဒမျှ ကန့်ကွက် ပြောဆိုရဲခြင်း မရှိ၊ သူလုပ်ချင်သည်များကို ဘယ်လို လုပ်ကြမလဲဟု ဝိုင်းဝန်းဆွေးနွေးနေကြရသည့် အတွက် ကျဆုံးခန်းမှာ တဖြေးဖြေး နီးလာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသောခုခံစစ် မုချအောင်ရမည်!!!

 

Credit - Toonpool