နိုင်ငံတကာ စင်မြင့်သို့ တက်လှမ်းရန် NUG အဆင့်သင့် ဖြစ်ပြီလော

by Hla Soewai - May 28 2022

အထက်ပါ မေးခွန်း ဖြင့် Frontier Myanmar အယ်ဒီတာ အာဘော်မှ မေးခွန်းထုတ်လာခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် နိုင်ငံတကာ စင်မြင့်တွင် လေးလေးနက်နက် ဆက်ဆံခံဖို့ ဆိုသည်မှာ မြန်မာ၏ အနာဂတ် အရေး နှင့် ပတ်သက်၍ တူညီသော၊ စည်းလုံးသော၊ ခွန်အားရှိသော၊ စိတ်ကူးစိတ်သန်း များကို ချပြဖို့ လိုလာပြီ ဖြစ်သည်။

 

နိုင်ငံကို ထိန်းချုပ်နိုင်ရန် စစ်မြေပြင်က တိုက်ပွဲများလိုပင် အပြောအဆို ပိုင်းတွင်လည်း အရေးကြီးပေသည်။ အထူးသဖြင့် နိုင်ငံတကာ ထောက်ခံ အသိအမှတ်ပြုရေး ကြိုးပမ်းရာတွင် သိသိသာသာ အရေးပါနေသည်။ အမျိုးသား ညီညွတ်ရေး အစိုးရသည် အောင်မြင်မှု များစွာ ရရှိထားပြီး ဖြစ်သော်လည်း မိမိတို့အား စာနာ ထောက်ထားသည့် မဟာမိတ်များထံမှ အဓိပ္ပါယ်ပါသော ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပံ့ပိုးမှု ရရှိရေးတွင်မူ ရုန်းကန် နေရဆဲ ဖြစ်သည်။

 

ထိုသို့ ရုန်းကန်နေရဆဲ ဖြစ်နေသည်မှာလည်း တစိတ်တပိုင်း အားဖြင့် စစ်အာဏာသိမ်း အဖွဲ့ကို တွန်းလှန်နေသော မိမိတို့၏ တော်လှန်ရေးသည် အောင်ပွဲ ဆီသို့ ဦးတည်နေပြီ ဆိုသည်ကို ကမ္ဘာက သဘောပေါက် လက်ခံ လာ အောင် ပြသနိုင်ဖို့ လိုအပ်နေဆဲ ဖြစ်နေသောကြောင့်ပင်။ အာဏာသိမ်းပြီး တနှစ်ကျော် ကြာလာပြီးနောက်တွင် နိုင်ငံတကာ နှင့် အကြိမ်ပေါင်း မရေတွက်နိုင်အောင် ဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း ဆွေးနွေးဖက်များက အလွတ်သဘော ဆိုသည့် စကားကို ဂရုထား ပြောဆိုနေဆဲ ဖြစ်သည့်အပြင် ၎င်းတို့၏ တရားဝင် အသိအမှတ် ပြုခံရဖို့ ကျန်ရှိနေပေသေးသည်။

 

အသိအမှတ် ပြုခံရဖို့ထက် ပို၍ အရေးကြီးသည်မှာ ၎င်းတို့ထံမှ လွန်စွာ အရေးပါမည့် ဘဏ္ဍာရေး နှင့် စစ်ရေး အကူအညီများ ရရှိရန် မစွမ်းဆောင်နိုင်သေးဘဲ ဖြစ်နေသည်။ NUG အား ပြည်တွင်းတွင် ထောက်ခံမှု အပြည့် အဝ ရရှိနေပြီး ပြည်သူလူထု၏ စိတ်ဓါတ် ခွန်အားများ ကျမသွားအောင်လည်း ထိန်းထားနိုင်ခဲ့သည်။ သို့သော် နိုင်ငံတကာ က အာဏာသိမ်း အဖွဲ့အား တိုး၍ တိုး၍ ရှုတ်ချနေကြသော်လည်း တဖက်တွင် NUG အား အပြည့် အဝ ထောက်ခံမှု ပေးရန် အင်တင်တင် ဖြစ်နေကြဆဲပင်။

 

NUG အနေဖြင့် နိုင်ငံတကာမှ ဘဏ္ဍာရေး နှင့် စစ်ရေး အကူအညီများ ရရှိဖို့သည် စစ်အာဏာရှင် ခေတ် အလွန် နိုင်ငံတည်ဆောက်ရေး တွင် မိမိတို့၏ စိတ်ကူး အမြင်သစ်များကို ပြင်ပ ကမ္ဘာမှ ဖြစ်နိုင်လောက်သည်ဟု သဘောပေါက် လက်ခံလာသည် အထိ ရိုးရိုးရှင်းရှင်း နှင့် တင်ပြနိုင်ဖို့ လိုလာသည်။ မိမိတို့သည် နိုင်ငံကို သာယာဖွံ့ဖြိုးပြီး ငြိမ်းချမ်းသော နိုင်ငံသစ် သို့ စည်းလုံးညီညွတ်စွာ ဦးဆောင်သွားနိုင်မည့် အစိုးရမျိုး ဆိုသည်ကို သဘောပေါက် လက်ခံလာအောင် မရ မက ချပြရဖို့ လိုအပ်နေသည်။

 

ထိုအစား ဦးနှောက်စားချင်စရာ ကောင်းလောက်အောင် တယောက်တမျိုး အသံထွက်လာနေသည်။ CRPH, NUCC, CDM အဖွဲ့များအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ရာပေါင်းများစွာသော PDF များ ကလည်း အမျိုးမျိုး ပြောဆိုနေကြဆဲပင် ဖြစ်သည်။ ထိုအထဲတွင် စီအက်စ်အို များ၊ နိုင်ငံရေး လှုပ်ရှားသူများ လည်း ရှိနေပြန်သည်။ ဤသည်ကို ကြည့်ပြီး နိုင်ငံအတွင်း ဩဇာအာဏာ သက်ရောက်နိုင်ရေး အတွက် သူ့ထက်ငါ ငြင်းခုံနေကြဆဲ ဆိုသည်ကို မိမိတို့ မဟာမိတ်များ အကြားတွင်ပင် ထုတ်ပြသလို ဖြစ်နေသည်။

 

မြန်မာ နှင့် ပတ်သက်လျှင် ရှုပ်ထွေး ပွေလီ မှုများ ရှိနေသည် ဆိုသည်ကတော့ အဆန်း မဟုတ်၊ ဖြစ်နေကြပင်၊ သို့သော် ပြောင်းလဲလာရသည်က တိုင်းပြည်၏ အနာဂတ် နှင့် ပြည်သူများစွာ၏ ဘဝ သည် လွန်စွာ အရေး ကြီးသော အချိန်သို့ ရောက်နေပြီ ဆိုသည့် အနေအထားပင် ဖြစ်သည်။

 

နှစ်ပေါင်းများစွာ နိုင်ငံခြားသားများ အကြား တူညီစွာ ပြောဆိုနေကြသည်က မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် ထူးခြား ဆန်းပြားမှုများကလည်း ရှိနေရင်းစွဲ ကြောင့် အလိုလိုနေရင်း နားမလည် နိုင် ဖြစ်နေကြသည် ဆိုသည့် စကားပင် ဖြစ်သည်။ ထို့အတွက် အလွယ်တကူပင် “အတွင်း ပြဿနာများ” ဆိုကာ ဝင်ရောက် ပတ်သက် ပြောဆိုလိုကြခြင်း မရှိတော့ပေ။ နိုင်ငံတကာ အဖို့လည်း မြန်မာနှင့် ရဲရဲတင်းတင်း တာဝန်ခံ လုပ်ကိုင် ဖို့ထက် သတိကြီးစွာ ထားသည့်ဖက်ကို အလေးသာခဲ့သည်။ ထိုသို့ မဟုတ်က ရှုပ်ထွေးလှသော ပဋိပက္ခများ အကြား ညပ်သွားနိုင်သည်ဟု ယူဆလာကြသည်။

 

NUG ဝန်ကြီးများက နိုင်ငံ၏ တဝက်နီးပါးကို ထိန်းချုပ်ထားနိုင်ပြီဟု အကျယ်တဝင့် ပြောဆို နေသော်လည်း ၎င်းတို့ ထိန်းချုပ်ထားသည် ဆိုသော ဒေသများ အတွင်းတွင် အာဏာသိမ်း တပ်များက တော်လှန်ရေး တပ်ဖွဲ့များ နှင့် အဆက်အသွယ် ရှိသည် ဆိုကာ ရွာများကို မီးရှို့ ဖျက်ဆီးနေကြသည့် သတင်းများ ကို မီဒီယာ များနှင့် လူ့အခွင့်အရေး အဖွဲ့များက ဖေါ်ပြနေကြသည်။ ထို့အပြင် NUG မှ သတ်မှတ်ထားသော စစ်ပွဲနှင့် ပတ်သက် သည့် ကျင့်ထုံးများကို ဖေါက်ဖျက်၍ အရပ်သားများကို လုပ်ကြံသတ်ဖြတ်မှုများက ပုံမှန်လို အတော်လေး ဖြစ်လာနေသည်။ ဤသည်ကို ကြည့်လျှင် မထိန်းချုပ်နိုင်၍လော၊ ထိန်းချုပ်လိုစိတ် မရှိ၍လောဟု ပြောစရာ ဖြစ်လာရသည်။

 

နိုင်ငံတကာ အသိုက်အဝန်း အနေနှင့် နိုင်ငံအတော်များများက တရားမျှတစွာ ဆက်ဆံခြင်း ကို စွဲကိုင်ထား နေစဉ်တွင် ထိုကဲ့သို့ သော အပြုအမူများကို မည်သည့် နိုင်ငံကမှ ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒ ၏ အခြေခံ အဖြစ် အမြင်ခံလိုကြမည် မဟုတ်ပေ။ NUG မှ မြန်မာ နှင့် ယူကရိန်း အခြေအနေကို နှိုင်းယှဉ်ပြီး မျှမျှတတ ဆက်ဆံခံရခြင်း မရှိ၊ ကြောင်သူတော်ယောင် ဆောင်မှု အစရှိသည့် အပြောအဆိုများသည် မိမိတို့ အနေဖြင့် အပြည်ပြည်ဆိုင်ရာ ၏ နိုင်ငံရေး အခင်းအကျင်းတွင် မည်သို့ ပြုလုပ်နေသည်။ မြန်မာသည် မိမိတို့ အကူအညီ တောင်းနေသည့် နိုင်ငံများ အတွက် ဘူမိ နိုင်ငံရေး တွင် မည်မျှ အထိ အရေးပါသနည်း ဆိုသည်များကို နားလည် နိုင်စွမ်း မရှိဆိုသည်ကို ထုတ်ပြောနေသလို ဖြစ်နေသည်။

 

ထိုသို့သော အခြင်းအရာများသည် မိမိတို့အပေါ် ယုံကြည်မှု ဖြစ်ထွန်းမလာနိုင်၊ ထိုသို့ ယုံကြည်မှု ပေါ်ပေါက် မလာပါက လိုအပ်နေသော လက်နက် နှင့် ငွေကြေး အကူအညီများ ရလာနိုင်စရာ အကြောင်းမရှိ၊ အမျိုးသား ညီညွတ်ရေး အစိုးရမှ မိမိတို့သည် လက်ရှိ စစ်ပွဲကို အနိုင်ရနိုင်သည်ဟု သဘောပေါက်လာအောင် သက်သေ ပြနိုင်ခြင်း မရှိက မည်သူကမျှ လိုအပ်သော အရင်းအမြစ်များကို ပံ့ပိုးပေးလာကြမည် မဟုတ်ပေ။

 

ယူကရိန်း နှင့် နှိုင်းယှဉ် ပြောဆိုမှုများကလည်း အတွေ့အကြုံ မကြွယ်ဝသေးသည်ကို ပြဆိုနေသည်။ ယူကရိန်း သမ္မတ ဇယ်လင်စကီးသည် သူ၏နိုင်ငံ အပေါ် ကျူးကျော်လာမှုကို ပြတ်ပြတ်သားသား နှင့် အခိုင်အမာ ရပ်တည် ပြပြီး နိုင်ငံသားများကို စိတ်အား တက်ကြွလာအောင် စေ့ဆော်နိုင်ခဲ့သည့် အနေအထားကို ပြသ၍ တုန့်ပြန်နိုင် ခဲ့သူ ဖြစ်သည်။ သူသည် စည်းလုံးညီညွတ်သော နိုင်ငံ၊ တခုတည်းသော စစ်တပ်၊ ပြည်သူများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ၏ အခိုင်အမာ ထောက်ခံမှုများဖြင့် ရန်လို ကျူးကျော်လာသော နိုင်ငံကို တုန့်ပြန် တိုက်ခိုက်နေသူ ဖြစ်သည်။ မြန်မာသည် ထိုအချက်များတွင် လုံးဝကွာခြားနေသည့် နိုင်ငံ ဖြစ်နေသည်။

 

မြန်မာအား နိုင်ငံတကာတွင် စစ်တပ်၏ ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်ခံနေရသော နိုင်ငံဖြစ်သည် ဆိုသည်ထက် ပို၍ သိနားလည်ထားခြင်း မရှိသေးပေ။ အောင်ပွဲဆီသို့ ခိုင်ခိုင်မာမာ ဦးဆောင်သွားနိုင်မည့်၊ ရှင်းလင်းပြတ်သားသော အမြော်အမြင်မျိုးကို ပြသနိုင်မည့်၊ ခေါင်းဆောင်မှုမျိုး မရှိက နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဟာကွက်ကြီး ဖြစ်ကျန် နေလိမ့်မည့် အရေး နှင့် ရင်ဆိုင်ရဖို့ ရှိနေသည်ဟု မြင်လာကြမည် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် ညီညွတ်မှု နှင့် အောင်ပွဲဆီသို့ ဖေါ်ဆောင်နိုင်မည့် အင်အားများ ရှိနေပြီ ဆိုသည်ကို ယခုထက် ပို၍ နိုင်ငံတကာကို ချယ်မှုန်း ပြသနိုင်မှသာ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးလာနေသည်ထက် ပိုသော လိုအပ်သည့် အရင်းအမြစ်များ ရရှိနိုင်ရန် လမ်းကြောင်းများ ပွင့်လာမည် ဖြစ်သည်။

 

ဤသည်က Frontier Myanmar ၏ အယ်ဒီတာ အာဘော်မှ “Is the NUG ready for the world stage” ခေါင်းစဉ် ဖြင့် ထောက်ပြသွားခြင်း ဖြစ်သည်။

 

သို့သော် မြန်မာပြည်ဆိုင်ရာ အထူး အကြံပေးကောင်စီ အဖွဲ့ဝင် ယန်ဟီလီး နှင့် NUG ယာယီ သမ္မတကြီး ဒူးဝါး လရှီလာ၊ ကရင်အမျိုးသား အစည်းအရုံး ကေအင်ယူ၏ နိုင်ငံခြား‌ရေးရာ တာဝန်ခံ ပဒို စောတော်နီး နှင့် ချင်းအမျိုးသား တပ်ဦး ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီ ဆလိုင်း ရမ်ခုကန် တို့ အွန်လိုင်းမှ တွေ့ဆုံပြီး “မြန်မာ နိုင်ငံသစ်အား အောက်ခြေမှ ပြန်လည် တည်ဆောက်ရေး အစီအစဉ်များ” ခေါင်းစဉ်ဖြင့် အသေးစိတ် ဆွေးနွေးခဲ့ကြပြီး မိမိတို့ အစီအစဉ်များကို ချပြသွားနိုင်ခဲ့သည်ဟု အားတက်ဖွယ် သိရှိရသည်။

 

မိမိတို့အားလုံး မြန်မာပြည်အား ဒီမိုကရက်တစ် ဖက်ဒရေးရှင်း နိုင်ငံသစ်အဖြစ် တည်ဆောက်ရန် အခြေခံ အချက်များကို အားလုံး သဘောတူထားပြီး ထို့အတွက် နိုင်ငံတကာမှ အကူအညီများ လိုအပ်နေသည်ဟု တက်ရောက်သူ အားလုံးက သဘောတူညီကြသည်။

 

ယာယီ သမ္မတကြီး ဒူးဝါး လရှီလာ မှ အကြမ်းဖက် စစ်တပ်၏ ဖျက်ဆီးသွားခဲ့သမျှ ပြန်လည် တည်ဆောက်ရန် အနည်းဆုံး ဒေါ်လာ ၂.၅ ဘီလီယံ လိုအပ်နေသည်ကိုလည်း ထောက်ပြသွားခဲ့သည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!