မြန်မာ တို့၏ တော်လှန်ရေး လမ်းဆုံလမ်းခွ ရောက်နေပြီ ဟု အမေရိကန် ပြော

by Hla Soewai - May 28 2022

အမေရိကန် အထက်လွှတ်တော်ရှိ ဩဇာတက္ကမိ ရှိသော ရီပတ်ဘလီကင် ခေါင်းဆောင် မစ်ချ် မက်ကွန်းနယ်မှ မြန်မာတို့၏ ဒီမိုကရေစီ အရေး ရုန်းကန်တိုက်ပွဲ ဝင်နေမှုများသည် လွန်စွာ အရေးကြီးသော လမ်းဆုံလမ်းခွ သို့ ရောက်နေပြီဟု ယနေ့ အထက်လွှတ်တော် အမတ်များအား ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

 

ဆီးနိတ် တွင် မြန်မာတို့၏ ဒီမိုကရေစီ လှုပ်ရှားမှုအား ထောက်ခံမှု ပေးရန် ၂၀၂၂ အမျိုးသား ကာကွယ်ရေး အသုံးစရိတ် အက်ဥပဒေအား ပြင်ဆင်ရန် အတွက် ပါတီကြီး နှစ်ရပ်ပေါင်း ပူးပေါင်း လုပ်ဆောင် နေစဉ် ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

 

အဆိုပါ ပြင်ဆင်သည့် ဥပဒေတွင် အမျိုးသား ညီညွတ်ရေး အစိုးရအား အသိအမှတ် ပြုရေး ပါဝင်နေသည်။ လွန်ခဲ့သည့် ဒီဇင်ဘာလ က ထိုဥပဒေအား ဆီးနိတ်မှ အတည်ပြုခဲ့ပြီး ဖြစ်သော်လည်း အမေရိကန် အစိုးရမှ မည်သို့ မည်ပုံ ပြင်ဆင်ရမည်ကို ရှင်းလင်းပြရန် ပြင်ဆင်လာချိန်တွင် ယခုလို မေးခွန်း ထုတ်လာရခြင်း ဖြစ်သည်။

 

ထိုမတိုင်မီက အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် သည် မစ်ချ် မက်ကွန်းနယ် နှင့် တွေ့ဆုံ ပြီး NUG အား အသိအမှတ်ပြုရေး၊ အကြမ်းဖက် စစ်အုပ်စုအား ထောက်ပံ့နေမှု များအား ပိတ်ဆို့ အရေးယူပေးရန် နှင့် မြန်မာပြည်သူများအား တိုက်ရိုက် အကူအညီပေးရန် တောင်းဆိုခဲ့ပြီး ဖြစ်သည်။

 

မစ္စတာ မက်ကွန်းနယ်မှ မြန်မာပြည်ရှိ မိမိတို့ မိတ်ဆွေများသည် ရက်စက်ကြမ်းကြုပ်သော စစ်အုပ်ချုပ်ရေး သမားများ၏ ဒဏ်ကို ခါးစီးခံနေရသည်မှာ ၁၆ လ ‌ရှိလာနေပြီ ဖြစ်၍ ဒီနေ့တွင်တော့ အစိုးရပိုင်းမှ ထိုလုပ်ငန်းစဉ်များ အတွက် မည်သို့ မည်ပုံ ဦးစားပေး လုပ်ဆောင်သွားမည်ကို ကြားရလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသွားခဲ့သည်။

 

အမေရိကန် အစိုးရအနေဖြင့် မြန်မာတို့၏ ဒီမိုကရေစီ ရရှိရေး အကောင်အထည် ဖေါ်ရန် ကြိုးပမ်းနေမှုများ အား ကူညီရန် လိုလိုလားလား ရှိကြရဲ့လား ဟု မေးခွန်းထုတ်ရတော့မည် ဖြစ်သည်ဟု အပြီးသတ် ပြောဆိုသွားခဲ့သည် အစရှိသဖြင့် ဧရာဝတီ သတင်း တွင် ပါရှိလာခဲ့သည်။

 

ထိုသို့ မြန်မာတို့၏ တော်လှန်ရေးသည် လမ်းဆုံ လမ်းခွ ရောက်လာနေပြီ ဟု အမေရိကန် မှ ပြောဆိုလာချိန်တွင် အရှေ့အာရှတွင်လည်း အလှည့်အပြောင်းကြီး တခု ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။

 

သမ္မတ ဘိုင်ဒင်မှ တိုင်ဝမ်အား တရုတ်တို့ ကျူးကျော်လာပါက အမေရိကန် အနေဖြင့် အင်အားသုံး၍ ကာကွယ်ရမည်ဟု ပွင့်ပွင့်လင်းလင်း သတိပေးလိုက်မှု နှင့် အတူ အာရှတိုက် နိုင်ငံများ အကြား မိမိတို့ နိုင်ငံ ကာကွယ်ရေး အတွက် တိုးမြှင့် ပြင်ဆင်ထားရန် လိုအပ်လာပြီဟု ကျယ်လောင်စွာ ပြောဆိုလာနေကြပြီ ဖြစ်သည်။

 

ဂျိုးဘိုင်ဒင် ၏ အပြောသည် တွေဝေနေသော အာရှ ရှိ မဟာမိတ်များ အနေနှင့် မည်သည့်ဖက် လိုက်မည်ကို ယခုထဲက ပြင်ဆင်ထားရန် သွယ်ဝိုက်သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

ထိုင်း ဝန်ကြီးချုပ် ပရာရွတ်သည် ပင် အမေရိကန်၏ အင်ဒို-ပစိဖိတ် စီးပွားရေး လုပ်ငန်းဘောင်သည် မည်မျှအထိ အရေးပါကြောင်း ထုတ်ဖေါ်ပြောဆိုလာပြီ ဖြစ်သည်။

 

ထိုအထဲတွင် စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံးက တဆင့်တက်၍ ယူကရိန်း စစ်ပွဲကြီး ကြာရှည်လာသည်နှင့်အမျှ အာရှတိုက်တခွင်တွင် နျူကလီးယား လက်နက်များ ရရှိရေး အပြိုင်အဆိုင် ကြိုးပမ်းလာကြတော့မည့် အန္တရာယ်ကြီး နှင့် ရင်ဆိုင်ရဖွယ် ရှိသည်ဟု သတိပေးလာခဲ့သည်။

 

ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက “East Asia is the Ukraine of Tomorrow” ဟု ပင် ကြွေးကြော်လာပြီး မိမိတို့သည် အစဉ်အလာ ရွှေပြည်အေး ဝါဒ ကို စွန့်လွှတ်မှ ဖြစ်တော့မည်ဟု ပြောလာပြီ ဖြစ်သည်။

 

တောင်ကိုရီယား နှင့် ဂျပန် တို့က အမေရိကန် ၏ နျူကလီးယား ထီးရိပ်အောက်တွင် အမြဲလို နေ၍ မရတော့ ဆိုသည်ကို ထရန့်က သက်သေပြခဲ့ပြီ ဖြစ်၍ မိမိတို့ အစီအစဉ် ဖြင့် ကိုယ်ပိုင် ထုတ်လုပ်သွားနိုင်ရန် သို့တည်း မဟုတ် နျူလက်နက်များ နိုင်ငံတွင်း ဖြန့်ကျက်ချထားရန် တာစူ လာနေပြီ ဖြစ်ကြောင်း သတိပေးလာသည်။ ထို့အတွက် အာရှနိုင်ငံများသည် မိမိတို့ နိုင်ငံ၏ ကာကွယ်ရေး စွမ်းရည်ကို မဖြစ်မနေ မြှင့်တင်ရဖို့ ရှိလာ နေသည်ဟု ဆိုသည်။

 

မြန်မာရှိ စစ်ဗိုလ်ချုပ်များကတော့ ကာကွယ်ရေး စွမ်းရည် မြှင့်တင်ဖို့ အသာထားဘိဦး၊ နိုင်ငံတွင်း စက်သုံးဆီများ တင်သွင်းနိုင်ရန် နိုင်ငံခြားငွေကို ဟိုအပေါက်က နှိုက်၊ ဒီအပေါက်ကို ပိတ် နှင့် ကြံစည်နေရသော အဆင့်တွင်ပင် ရှိနေသေးသည်။

 

ယူကရိန်း စစ်ပွဲကြောင့် ပြောင်းလဲလာသော ကမ္ဘာ အခြေအနေများတွင် ယခုလို အပယ်ခံ ဘဝနှင့် မည်သို့များ ရှေ့လျှောက် ရပ်တည်သွားရမည်လဲ ကို စိုးရိမ်ပူပန် သင့်နေပြီ ဖြစ်သည်။ တရုတ် နှင့် ရုရှား တို့က ဗီတို အာဏာ သုံးသည်ထက် ပို၍ အကာအကွယ်ပေးကြမည့် နိုင်ငံများ မဟုတ်။ ရုရှားသည် အားပျော့နေပြီး တရုတ်က အမေရိကန် နှင့် ထိတ်တိုက် တွေ့ကြစတမ်း ဆိုလျှင် တိုင်ဝမ် ကိစ္စနှင့်သာ တွေ့မည် ဖြစ်သည်က ထင်ရှား နေသည်။ မြန်မာ အရေးသည် အရှေ့တောင်အာရှ လုံခြုံရေးအား ခြိမ်းချောက်နေပြီ ဆိုသည်ကို အာဆီယံက သဘော ပေါက်နေပြီ ဖြစ်သည်။

 

ထိုသို့ သော အခြေအနေတွင် မအူမလည် ဖြင့် ကြားညှပ် ကြတော့မည့် အရေး အတွက် မိမိတို့ ထွက်ပေါက်ကို မိမိတို့ ရှာကြံသင့်နေပြီ။ လက်နက်ရှိ၍ အာဏာသိမ်းရသည်က လွယ်သည်၊ ထိုအာဏာကို မြဲမြံအောင် ဆက်လက် ထိန်းထား နိုင်ဖို့ က ကံ ဉာဏ် ဝိရိယ များ လိုနေသေးသည်၊ ထိုသို့ သော လိုအပ် ချက်များမှာ အာဏာသိမ်း အဖွဲ့ အတွက် တစတစ ယုတ်လျော့ လိုက်လာနေပြီ ဖြစ်သည်။

 

လက်ရှိတွင်တော့ ကိုယ်ထင် ကုတင်ရွှေနန်း အတွေးအခေါ် နှင့် သာ ရှိနေသေးသည်။ ရွေးကောက်ပွဲ လုပ်ပြီး မိမိတို့ ကြိုးဆွဲရာ ကမည့် အစိုးရမျိုး ရှေ့တန်းတင်လာမည်ကိုလည်း ပြည်တွင်း ပြည်ပ က လက်ခံကြမည် မဟုတ်။

 

ကမ္ဘာနိုင်ငံများ က မိမိနိုင်ငံလုံခြုံရေး အတွက် အရေးတကြီး စဉ်းစားလာ နေကြသည့် အချိန်တွင် ယခုလို အနေအထားဖြင့် မည်မျှ ကြာကြာ ရပ်တည် သွားနိုင်မည်လဲ ဆိုသည်ကိုသာ တွက်ချက်ကြရတော့မည်။ ဒေသတွင်း နိုင်ငံများက စဉ်းစားလာကြသည်နှင့် အမျှ တရုတ် နှင့် ဆက်စပ်ပြီး အိန္ဒိယ သမုဒ္ဒရာသို့ ဒိုးယိုပေါက်ကြီး ဖြစ်မည့် လုံခြုံရေး စည်းကျိုးမည့် အရေးကို ထည့်တွက်လာ ကြမည်လည်း ဖြစ်သည်။ မည်သူကမျှ တရုတ်ရင်ခွင်ထဲ တွန်းပို့သလို ဖြစ်မည် ဆိုကာ Kid glove ဖြင့် ထိုးရန် စဉ်းစားကြတော့ မည်လည်း မဟုတ်တော့ပေ။

 

အားလုံးက အရေးတကြီး စဉ်းစားလာရသည့် အချိန်တွင် မိမိတို့ အသားထဲတွင် ဆူးတချောင်းလို စိုက်ဝင် နေသော စစ်ဗိုလ်ချုပ်များ၏ မည်သူမျှ လူမထင် မိုက်ရူးရဲ ဆန်စွာ လုပ်ရပ်များကို ကြာကြာ သည်းခံကြတော့မည် မဟုတ်သည်ကား သေချာနေပြီ ဖြစ်သည်။

 

ထိုသို့ သည်းခံ၍ မရအောင်လည်း ၎င်းတို့က အစိုးရ ဆိုသည့် အင်္ဂါရပ်များ လားလးမျှ မရှိတော့ပဲ အာဏာတည်မြဲရေး အတွက် ပြည်သူများ၏ ဘဝ နှင့် ကံကြမ္မာ ကို ရက်စက်စွာ နင်းချေ ဖျက်ဆီးနေကြပြီး လယ်ကွင်းထဲက နွားများ အလား ဟိုမှ ဒီ မောင်းသွင်းရန် စိတ်ကူးနေကြသူများ ဖြစ်နေသည်။ ထိုအရေး ကို နိုင်ငံရေး၊ သံတမန်ရေး၊ နောက်ဆုံး စစ်ရေး နည်းလမ်းဖြင့် မဖြေရှင်းပဲ မည်သို့မျှ ရာသက်ပန် ခွင့်ပြုကြလိမ့်မည် မဟုတ်သည်ကား သေချာသည်။

 

မြန်မာပြည်သူများမှာ ပြည်ပ မှ လက်နက် ငွေကြေး အကူအညီ တပြား တချပ်မှ မရသည့်တိုင်အောင် အားငယ် စိုးရွံ့ခြင်း အလျှင်းမရှိ၊ တော်လှန်ရေးကြီး အောင်မြင်မှ ဖြစ်မည်ဟူသော လှေခွက်ချည်းကျန် အလံမလှဲ၊ စိတ်ဓါတ်ကို အမြင့်ဆုံး အထိ လွှင့်တင် ထားနေကြဆဲ ဆိုသည်ကို လည်း ထည့်တွက်ထားသင့်သည်။

 

မြန်မာပြည်သူများဖက်မှ ပြီးလျှင် ပြီးရော ဆိုကာ ဒေသတွင်းနိုင်ငံများက စစ်ဗိုလ်ချုပ်များအား မျက်နှာမပျက်ဘဲ ထွက်ပေါက် ရနိုင်သည့် ဖြေရှင်းချက်မျိုးကို ၎င်းတို့ နှင့် လက်ဝါးချင်း ရိုက်ကာ ကြံဆောင် လာနိုင်သည် ကိုလည်း သတိမူကြရမည် ဖြစ်သည်။

 

အာဏာသိမ်းပြီး တနှစ်ကျော် ကြာလာသော်လည်း ယခုထိ အခြေမခိုင်သေးသည့်အပြင် ပို၍ပင် လှုပ်ရမ်းလာ တော့မည့် အဖြစ်ကို မစဉ်းစား ကြသည်မှာ အံ့သြစရာပင်။

 

ပြည်သူတို့၏ တရားသော ခုခံစစ် မုချအောင်ရမည်!!!