သဲ နဲ့ ပက်

by Hla Soewai - Jun 02 2022

ရန်ကုန် မြိုလယ် ဗုံးပေါက်ကွဲမှု တွင် နိုင်ငံခြားသား တဦး အပါအဝင် ပြည်သူ ၉ ဦး ဒဏ်ရာရရှိ ပြီး တဦး သေဆုံးသည်ဟု ပြည်တွင်း သတင်းများက ဖေါ်ပြခဲ့ကြသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရက ထိုသို့ အပြစ်မဲ့ ပြည်သူများ သေကြေဒဏ်ရာရရန် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့မှုအား ပြင်းထန်စွာ ပြစ်တင် ရှူတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

 

ဓါတ်ပြားဟောင်းကြီးက စဖွင့်လာပြီ ဖြစ်သည်။ ထိုအရေးကို ရှင်းလင်းစွာ ရှူမြင်ဖို့လိုသည်။

 

လက်ရှိ အနေအထားတွင် ရန်ကုန်သည် ရာဇဝတ်မှူများ ထူပြောလာပြီး အားလုံးက ကျီးလန့်စားစား နှင့် နေ နေရပြီး ကပ်ပါး လူတန်းစားများမှ လွဲ၍ ၎င်းတို့ လက်အောက်မှ လွတ်မြောက်ရန် ရုန်းကန်လိုကြသူချည်း ဖြစ်နေသည်။

 

နောက်တချက် က ပြည်ပ ခရီးသွားများ သည် ရန်ကုန် အား သွားလာ လည်ပတ်ရန် လုံခြုံစိတ်ချရပြီဟု အမြင် နှင့် တဖွဲဖွဲ ရောက်လာနေကြပြီလော၊ နိုင်ငံခြားသားများ အသာထားဘိဦး ပြည်ပမှ မြန်မာ နိုင်ငံသားများပင် မလွှဲမရှောင်သာ မှ ပြန်လာကြသည့် အချိန်မျိုးလည်း ဖြစ်သည်။

 

PDF များသည် နိုင်ငံတကာမှ အကူအညီများ ရရှိရေး အတွက် မိမိတို့ အဖွဲ့အစည်းအား အကြမ်းဖက် အဖွဲ့ အဖြစ် ထင်မြင်ခံရမည်ကို လွန်စွာ သတိကြီးစွာထားပြီး စစ်ရေး ပစ်မှတ်များကို အဓိကရည်ရွယ် တိုက်ခိုက်လာသည်မှာ တနှစ်ပင် ရှိလာခဲ့ပြီ ဖြစ်သည်။ လူထု ထောက်ခံမှု ကျဆင်းစေမည့် လုပ်ရပ်များကို လည်း သတိထား ရှောင်ရှားခဲ့ကြပြီးလည်း ဖြစ်သည်။

 

PDF တို့ ထူးထူးထွေထွေ ဖန်တီးစရာ မလိုအောင်ပင် အခြေအနေများက သူဖာသာ ဆိုးဝါးနေပြီး ဖြစ်သည်။

 

အကြမ်းဖက် စစ်တပ်အဖို့က ယခုအခါ အမျိုးသား ညီညွတ်ရေး အစိုးရသည် နိုင်ငံတကာတွင် သံတမန်ရေး အရ ထိုးဖေါက်လာနိုင်နေသည့် အဖြစ်ကို ဆတ်ဆတ်ခါ အောင် မခံမရပ်နိုင် ဖြစ်လာနေသည်။

 

ထို့အတွက် မစားရသည့် အမဲ သဲနှင့် ပက် ရန် NUG အား ၎င်းတို့ တသမတ်တည်း စွပ်စွဲနေသလို အကြမ်းဖက် အဖွဲ့အစည်း အဖြစ် နိုင်ငံတကာ မှ ယုံကြည်သွားအောင် ဖန်တီးယူနိုင်က ၎င်းတို့ကိုသာ ဆက်ဆံလာကြဖို့ ရှိသည်ဟု ယုံကြည်လာဟန် ရှိသည်။

 

စစ်တပ်မှ ပုဂ္ဂိုလ်များသည် မိမိတို့ လုပ်သမျှသည် တိုင်းပြည်အတွက် လုပ်သင့် လုပ်ထိုက်သည်၊ မှန်ကန်သော လုပ်ရပ် ဖြစ်သည်ဟု အမြဲလို ကြံဖန် ဖြေသိမ့်နိုင်စွမ်း ရှိကြသူများ ဖြစ်နေသည်က အထင်အရှားပင်။

 

၎င်းတို့ လုပ်ရပ်အတွက် နောင်တရသည်၊ ဆန်းစစ်ရမည်ဟူသော ဦးနှောက်ထဲက အကန့်တကန့်အား စစ်ထဲဝင်လာသည့် အချိန်ကပင် အသုံးပြု နိုင်ခြင်း မရှိကြတော့၊ ဖွင့်လိုလည်း မရတော့။

 

တောတွင်း တိရစ္ဆာန်များသည် ကြီးနိုင်ငယ်ညှင်း လုပ်ရပ်မျိူး အတွက် အဘယ်အခါများ နောင်တရ တွန့်ဆုတ်ခဲ့ကြသည့် အဖြစ်မျိုး၊ ကျားသနားမှ နွားချမ်းသာ ခဲ့သည့် အဖြစ်မျိုး ရှိခဲ့ဖူးပေ၏လော။

 

ဘားလမ်း ဗုံးခွဲမှု တရားခံ ဆိုသူ PDF များအား မကြာမီ အတွင်းမှာပင် သတင်းစာတွင် ဓါတ်ပုံများ နှင့် ပါလာကြပေဦးမည်ကလည်း ဧကန်မလွဲပင်။ စစ်လော်ဘီ အုပ်စုများကလည်း ‌စစ်တပ်မှ လာရောက်စစ်ဆေး စဉ် အတွင်း နောက်ထပ် ဗုံးတလုံး ထပ်မံ ပေါက်ကွဲသည်ဟု PDF တို့၏ ခြေရာလက်ရာများ ဟု ပေါ်လွင်သည်ထက် ပေါ်လွင်အောင် လုပ်ကြံ ထုတ်လွှင့်လာကြသည်၊ တကယ်တမ်းမူ မပေါက်ကွဲပဲ ကျန်နေသော ဗုံးကို အရံအတားများ လုပ်၍ ဖေါက်ခွဲ ဖျက်ဆီးလိုက်ကြခြင်းသာ ဖြစ်သည်။
 

စစ်ကောင်စီ ၏ မအောင်မြင်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို ကြည့်ပြီး သနားစိတ် ဝင် လာဟန် ရှိသော ဝ အဖွဲ့ မှ ၁၅ လ ကြာလာပြီ ဖြစ်သော သွေးထွက် သံယို မှုများ အဆုံးသတ်နိုင်ရန် တော်လှန်ရေး အဖွဲ့များ နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ကြေညာချက် ထုတ်ပြီး တိုက်တွန်းလာခဲ့သည်။

 

တူမီးကိုပင် အရှုံး‌ ပေးလာရပြီး မနိုင် နိုင်တာ လုပ်မည် ဟု ရွာများကို မီးတင်ရှို့‌ နေကြရပြီ ဖြစ်သော စစ်တပ်အား‌ အရေးထား ကြောက်ရွံစရာ အဖြစ် AA က ယူဆစရာ မလိုတော့သည့် လက္ခဏ အဖြစ် ရခိုင် ပြည်နယ်တွင် တင်းမာမှုများ အရှိန်မြင့်တက်လာနေပြီ ဖြစ်သည်။

 

ယခုအခါ ကာလကြာမြင့်လာသည်နှင့် အမျှ အလှုရှင်များ လက်ပန်းကျစ ပြုလာပြီး လက်နက် ခဲယမ်း ဈေးနှုန်းများ အဆမတန် မြင့်တက်လာနေပြီ ဖြစ်၍ စစ်ကိုင်း နှင့် မကွေးတိုင်း အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်များ သည် မိမိတို့ပိုင် ဥစ္စာပစ္စည်းများ ထုခွဲ ရောင်းချ၍ ဆက်လက် တိုက်ပွဲဝင်နေကြရသည်ဟု မြန်မာနောင်းတွင် ရေးသားထားသည်ကိုလည်း စိတ်မကောင်းဖွယ် ဖတ်ရှုခဲ့ရပြန်သည်။

 

ယခုအခါ အာဆီယံ ဥက္ကဌ ဟွန်ဆန် စီစဉ်လာသော စစ်ဘေးသင့် ပြည်သူများအား စစ်တပ်၏ ကြီးကြပ်မှု ဖြင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးမည်ကို ကယား၊ ကရင် နှင့် ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ခါးခါးသီးသီး ဆန့်ကျင်ကန့်ကွက်လာခဲ့ကြသည်ဟု သိရသည်။

 

၎င်းတို့၏ ဒေသများအတွင်း အာဏာသိမ်းပြီးချိန်မှစ၍ စစ်ဘေးရှောင် ပြည်သူ ၅၉၀,၀၀၀ ခန့် ရောက်ရှိ နေကြပြီး ထိုအရည်အတွက်သည် ၂၀၁၇ အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခိုလှုံသွားသည့် ရိုဟင်ဂျာ များ၏ အရည်အတွက် နီးပါး ဖြစ်လာနေသည်။

 

တနိုင်ငံလုံးရှိ ပြည်သူများသည် အမျိုးသား ညီညွတ်ရေး အစိုးရမှ ဒီနေ့ အိမ်ပြင် မထွက်နှင့် ဆိုသည်ကိုပင် တ‌သွေမတိမ်း လိုက်နာကြသူများ ဖြစ်၍ မည်သူက လူထုအပေါ် ဩဇာ ပို၍ ညောင်းသည်ကို သိသင့်သည်၊ ယခု အရေးတွင် NUG နှင့် စိုးစိမျှ တိုင်ပင်ခြင်း မရှိပဲ စီစဉ်လာမှုသည် မည်သို့မျှ အောင်မြင်နိုင်စရာမရှိ၊ စစ်တန်းလျားများ အတွက် ရိက္ခာလာထောက်ပံ့သည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည် ကို သိသင့်သည်။

 

၎င်းတို့အားလုံးသည် သံတမန် ကျင့်ထုံးဆိုသည့် မျက်နှာဖုံးအောက်တွင် မယုံကြည်စရာ ကောင်းလောက်အောင် ဖြစ်ပျက်နေမှုများကို ဘေးဖယ်ထုတ်ထားပြီး လက်တွေ့ မြေပြင် အခြေအနေ နှင့် ကင်းကွာနေသည့် အယူအဆများနှင့် ကိုယ့်ကိုကိုယ် လှည့်စားနေကြသူများသာ ဖြစ်ပေသည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

ဓါတ်ပုံ - မြန်မာနောင်း