မြန်မာ စစ်တပ် အရေးနိမ့်ဖို့ အစပျိုးလာမည့် မိုးရာသီ

by Hla Soewai - Jun 11 2022

ပြည်သူ့တပ်မတော်ဟု တခါက လူထု ယုံကြည်ကိုးစားခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ကြီးသည် ယခုအခါ မင်းအောင်လှိုင်၏ ပံ့ပိုးမှုဖြင့် မိမိနိုင်ငံသားများကို ပြန်လည် တိုက်ခိုက်နေရသည့် အကြမ်းဖက် စစ်တပ်ကြီး အသွင်သို့ တမဟုတ်ချင်း ပြောင်းလဲသွားရပြီ ဖြစ်သည်။

 

တဖြေးဖြေး နှင့် ရုပ်လုံး ပေါ်လာနေသော မိုးရာသီ သည် အကြမ်းဖက် စစ်တပ် အတွက် အရေးနိမ်ဖို့ ဖန်လာ တော့မည် ဖြစ်သည်ဟု စစ်ရေး လေ့လာသုံးသပ်သူများက မှတ်ချက်ချလာခဲ့သည်။

 

မိုးများ သည်းထန်လာသည်နှင့် အမျှ လမ်းပေါ် ရေလျှံ ရွှံထူ လာသဖြင့် နယ်ဖက်တွင် တပ်များ ရွှေ့ပြောင်းသွား လာရေး ခက်ခဲပြီး တိမ်ထူထပ် မှုကြောင့် လေကြောင်း ပစ်ကူကို အားထား၍ မဖြစ်တော့။ ထိုအချက်များကပင် ဝါရှင်တန် ရှိ မြန်မာ စစ်ရေးကို လေ့လာနေသော အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာ က ကောက်ချက် ချလာခဲ့သည်။ 

 

စစ်တပ်သည် ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်းက စစ်ထရပ်ကား အစင်း ၁၀၀, ၁၂၀ ခန့်ဖြင့် တပ်များကို ရွှေ့ပြောင်းနေသည်ကို တွေ့ခဲ့ရသော်လည်း မိုးတွင်းတွင်မူ ထိုသို့ လုပ်ရန် မည်သို့မျှ မဖြစ်နိုင်တော့။ လက်ရှိတွင် ဖွဲ့စည်းပုံ မပြည့်သည့် တပ်ရင်း တဒါဇင် ခန့်ကို ဟိုမှဒီ ရွှေ့ပြောင်းရင်း နဲနဲ နှင့် ကျဲကျဲ ဝိုင်း၍ တိုက်ခိုက်နေ ကြရသည်။

 

တဖက်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ထိုသို့ ရွှေ့ပြောင်းရန် မလိုဘဲ မိမိတို့ ဒေသအတွင်းမှာပင် အထိုင်ချကာ ခုခံတိုက်ခိုက်နေကြရသည်။ ၎င်းတို့ အတွက် သံချပ်ကာ ကားများ မလို၊ ရဟတ်ယာဉ် မလို၊ မော်တော်ဆိုင်ကယ်များ ရှိရုံ နှင့် လုံလောက်ပေသည်။

 

မေလ ၃၀ ရက်နေ့ Asia Times စာစောင်တွင် လည်း မြန်မာပြည်တွင် စစ်တပ်၏ အနိုင်ကျင့် ဗိုလ်ကျ အုပ်ချုပ် နေမှုများ အပြီးအပိုင် အဆုံးသတ် တော့မည်လောဟု လေ့လာသူ အန်တိုနီ ဒေဗီစ် က မေးခွန်းထုတ်လာခဲ့သည်။

 

ပွင့်လင်းရာသီ အတွင်း တွင်ပင် ပြည်သူများ သိန်းနှင့် ချီ၍ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရသည်အထိ တိုက် ပွဲများ အကြီးအကျယ် ဖြစ်ပွားနေသဖြင့် လာမည့် မိုးရာသီသည် စစ်ပွဲ၏ အနေအထားကို ပြောင်းလဲ သွားစေ နိုင်သည်သာ မက ရှေ့လျှောက် ဖြစ်ပေါ်လာမည့် လမ်းကြောင်းကို အဆုံးအဖြတ် ပေးလာနိုင်သည်ဟု ဆိုသည်။

 

ပထမ အချက် အနေဖြင့် စစ်တပ်သည် မြန်မာပြည် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ခုခံ တွန်းလှန်ရေး စစ်ပွဲများကို ချေမှုန်းနိုင်ဖို့ နေနေသာသာ ကြီးထွားမလာအောင်ပင် ထိန်းချုပ်နိုင်စွမ်း မရှိ ဖြစ်လာနေသည်။ ၎င်းတို့၏ စစ်ဆင်ရေး ဆိုသည်ကလည်း ရွာများကို ဝင်ရောက်လုယက် မီးရှို့သည့် အဆင့်မျိုးသာ လုပ်နိုင် တော့သည်။ ထိုလုပ်ရပ်များက ပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့များကို အင်အားကြီးထွားလာအောင် စုစည်းပေးသလို ဖြစ်လာခဲ့သည်။

 

ဒုတိယ သည်ကား PDF များသည် မြို့နယ် အဆင့်တွင်သာ လှုပ်ရှားနိုင်သေးသော်လည်း အရည်အတွက်ရော၊ ဖွဲ့စည်းပုံ နှင့် လက်နက်အင်အား ပါ အတိုင်းအတာ တခုအထိ ပို၍ ကောင်းမွန် စနစ်ကျလာသည်ကို တွေ့ရသည်။

 

ထိုအချက် နှစ်ချက်သည်ကပင် စီးပွားရေး ရော သံတမန်ရေးဖက်တွင်ပါ မျက်ဖြူဆိုက် မတတ် ရုန်းကန်နေ ရသည့် စစ်ကောင်စီ အတွက် မည်သို့မျှ အလားအလာ မကောင်းနိုင်တော့သည့် အပြင် နိုင်ငံရေးအရ အကောင်း ဆုံး ထွက်ပေါက်အဖြစ် ဖွင့်ထားသည့် ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုသည်မှာ နိုင်ငံတည်ငြိမ်မှု ရှိမှသာ အနည်းဆုံး လူရိုသေ ရှင်ရိုသေ ရှိနိုင်မည့် အရပ်သား ရုပ်သေး အစိုးရမျိုး ကို ဖွဲ့စည်းပေးနိုင်မည် ဖြစ်သည်။

 

ထိုအဖြစ်များမှာ လှိုဏ်ခေါင်းထဲ ရောက်နေသလို ဖြစ်နေရှာသည့် စစ်ကောင်စီ အဖို့ အလင်းရောင် လေးကို မမြင်နိုင်သေးသဖြင့် အကြောက်တရား နှင့် စိုးရိမ်စိတ်များက ဖိစီးလာနေပြီ ဖြစ်သည်မှာ အထင်အရှား တွေ့မြင်နေရသည်ဟု သူ၏ ဆောင်းပါး ဖြစ်သော “မြန်မာ စစ်တပ် အရေးနိမ့်ဖို့ အစပျိုးလာပြီလော” တွင် ဖေါ်ပြထားသည်။

 

သူက ဆက်လက် ရေးသားထားရာတွင် တိုက်ပွဲများသည် မဟာဗျူဟာ အရ အချက်အချာကျသည့် မြန်မာပြည် အထက်ပိုင်း စစ်ကိုင်း၊ မကွေး ဒေသကြီးများ အတွင်း ဖြစ်ပွားနေပြီး အဓိက စစ်စခန်းများ ရှိသည့်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ မြို့များနှင့် ဆက်သွယ်ပေးနေသည့်၊ အဓိကကျသော ကုန်လမ်း၊ ရေလမ်း များနှင့် ဆက်စပ်နေသည်။ ထိုဒေသများတွင် သာ ကွက်၍ တိုက်ပွဲများက အနည်းနှင့် အများ ဆိုသလို နေ့စဉ်နှင့် အမျှ ဖြစ်ပေါ်နေပြီး စစ်တပ် သည် အကြောင်းနှင့် အကျိုးကို ခွဲခြားနိုင်စွမ်း မရှိတော့လောက်အောင် အကြမ်းဖက်မှုများ ကျူးလွန်လာ နေ သည်။

 

ထိုအကြမ်းဖက်မှုများကို ပျူစောထီးဟု အမည်ပေးထားသည့် စစ်ပြန်များ၊ အမာခံ အမျိုးသားရေး ဝါဒီများ၊ နှင့် ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသူများက ကျောထောက်နောက်ခံပေးပြီး အင်အား ၅၀ မှ ၁၀၀ အထိရှိသည့် စစ်သားများ စုစည်းကာ စစ်ကြောင်းထိုးနေကြခြင်း ဖြစ်သည်။ သို့သော် ပြောက်ကျား စစ်ဆင်ရေးကို ချေမှုန်းရန် လိုအပ် နေသော ပိုလန် လုပ် Mi-2 နှင့် ရုရှားလုပ် Mi-17 များမှာ အလုံအလောက် မရှိ ဖြစ်နေသည်။

 

တပ်များ ရွှေ့ပြောင်းရန်၊ ရိက္ခာပို့ဆောင်ရန် နှင့် ဒဏ်ရာရသူများ ‌သယ်ယူရန် အတွက် အသုံးပြု၍ ရနိုင်သည့် ရဟတ်ယာဉ် များက ၃၀ ခန့်သာ ရှိနေပြီး Mi-24/35 များကိုပင် ထုတ်သုံးလာရသည်။

 

ယခင်က အင်အားကောင်းသည့် စစ်ကြောင်းများကို ဒေသခံ PDF များက မိနစ်အနည်းငယ် ခန့်သာ ခုခံ နိုင်ခဲ့ရာမှ ယခုအခါ နာရီပေါင်းများစွာ အထိ တိုက်ပွဲများက ရှည်ကြာလာပြီ ဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် စစ်မြေပြင် အနေအထား ပြောင်းလဲလာသည်ကို တွေ့နိုင်သည်။

 

ခြောက်သွေ့သော ပွင့်လင်း ရာသီအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ အနေအထားကို အချက် (၄) ချက် ဖြင့် သုံးသပ်၍ ရနေသည်။

 

(၁) စစ်တပ်မှ စစ်ကြောင်းထိုး၍ PDF တို့အား ထိုးစစ်ဆင်ခြင်း၊ အခါအားလျှော်စွာ စခန်းများနှင့် လက်နက်များ သိမ်းယူ နိုင်ခဲ့ခြင်းများ ရှိသော်လည်း ထိုဒေသများကို အမြဲလို ထိန်းချုပ်ထားပြီး အရပ်ဖက် အုပ်ချုပ်ရေး ကို တည်ထောင်ပေးခြင်းမျိုး မလုပ်နိုင်ခဲ့ခြင်း။ အဓိကကျသည့် လမ်းမ များရှိ ပျူစောထီးများ အား ထောက်ခံနေ သည့် ရွာ အချို့ ရှိနေသည်မှအပ စစ်တပ်သည် တပ်အင်အား မလုံလောက်သည့်အပြင် တနိုင်ငံလုံးကို ခံတပ် ကြီးသဖွယ် ထိန်းချုပ်ထားနိုင်ရန် ကြိုးပမ်းနေရမှုများ ကြောင့် မြန်မာပြည် အလယ်ပိုင်း ဒေသများကို လက် လွှတ်ပေးလိုက်ရပြီ ဖြစ်သည်။ 

 

ထိုဒေသများတွင် အရပ်ဖက် အုပ်ချုပ်ရေး အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ မှ တာဝန်ယူလာခဲ့ပြီ ဖြစ်သည်။

 

(၂) PDF များသည် ယခင်က သူတလူ ငါတမင်း ဖြစ်နေရာမှ ယခုအခါ အရင်ကထက် ကျောချင်းကပ် ရင်ချင်းအပ် ဖြစ်လာနေပြီး အင်အား တွင် ရာပေါင်းများစွာ အထိ စုစည်းလှုပ်ရှားလာနိုင်နေပြီ ဖြစ်သည်။ ယခင်လို အမဲလိုက် သေနတ်များ နေရာတွင် စစ်တပ်ထံမှ သိမ်းဆည်းရမိသော လက်နက်များ၊ မိမိတို့ ဖာသာ တီထွင်ထားသော ဒုံးများ အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ နှင့် KIA တို့၏ ကိုယ်ပိုင် လက်နက်စက်ရုံများမှလည်း အထိုက်အလျှောက် ရရှိနေသည်။

 

PDF များသည် အာပီဂျီများ၊ ၄၀ မမ ‌လောင်ချာများ၊ ၆၀ မမ အပေါ့စား မော်တာများဖြင့် တိုက်ခိုက်နေကြသည့် တိုက်ပွဲ သတင်းများက အမြဲလို ထွက်ပေါ်နေပြီ ဖြစ်သည်။ ထို့အပြင် အရပ်သုံး ဈေးကွက်တွင် ရရှိနိုင်သည့် ဒရုန်းများကို ပါ အသုံးပြုလာကြပြီ ဖြစ်သည်။ ထို့ကြောင့် စစ်တပ်သည် တရုတ်လုပ် Jammer များကို မဖြစ်မနေ ထုတ်သုံးလာရပြီ ဖြစ်သည်။

 

(၃) တိုက်ပွဲများသည် ကျေးလက်ဒေသများ တွင် အများဆုံးဖြစ်ပွားနေသည်ကို ကြည့်ခြင်းအားဖြင့် PDF များ သည် ထိုဒေသများတွင် ရန်သူ အကျောကို သိပြီး ကြိုက်သလို ပုံစံဖြင့် စစ်မြူ လှုပ်ရှားနိုင်လာသည်။ မကြာမီက ထွက်ပေါ်လာသော သတင်းများအရ ပုလဲ၊ ဘုတလင်၊ ပင်လယ်ဘူး၊ မြို့နယ်များတွင် ရဲစခန်းများ၊ မုံရွာ၊ ပခုက္ကူ မြို့နယ်များ အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နှင့် အမှတ် (၁၀၁) ခြေမြန်တပ်ရင်း စခန်းများကိုပင် တိုက်ခိုက်လာကြသည်။

 

(၄) စစ်တပ် နှင့် ပျူစောထီးများက ကျေးရွာများကို မီးတင်ရှို့နေမှုများသည် ဧပြီ နှင့် မေလ အတွင်း သိသိသာသာ များပြားလာနေခြင်းကြောင့် လူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရခြင်းသည် အဆိုပါ ဒေသများတွင် လက်စားချေ သည့် လုပ်ရပ်ထက် စစ်တပ်၏ မဟာဗျူဟာ တခုအဖြစ် ဆက်စပ်လှုပ်ရှားနေခြင်းလောဟု မေးခွန်းထုတ်စရာ ဖြစ်လာရသည်။ စစ်တပ်သည် တိုက်အိမ်များပါမကျန် မီးစွဲ လောင်ကျွမ်းအောင် ဓါတ်ဆီများကို အသုံးပြုလာ ခဲ့သည်။

 

စစ်တပ်သည် PDF များကို ဒေသခံများက ထောက်ခံနေမှု ဟန့်တားရန် သာ မကတော့ဘဲ ရိက္ခာ နှင့် အခြား ထောက်ပံ့ရေးများ ပါ ဆုံးရှုံးသွားရန် ဟူသော မြေလှန်စနစ်ကို ကျင့်သုံးလာကြသည်။

 

အဆိုပါ အနေအထားများကြောင့် လာမည့် မိုးရွာသီတွင် တိုက်ပွဲများ လျော့ပါးသွားဖွယ် မရှိ၊ စစ်တပ်၏ လှုပ်ရှားမှုများ နှေးကွေးသွားသည်နှင့် PDF များသည် ၎င်းတို့ နယ်မြေ အတွင်း စိတ်ကြိုက် လှုပ်ရှားလာနိုင် တော့မည် ဖြစ်ပြီး လက်နက်လူသူအင်အား စုစည်း လေ့ကျင့်ခြင်း၊ ပို၍ စနစ်တကျ ဖွဲ့စည်းခြင်းများ လုပ် လာမည်လည်း ဖြစ်သည်။

 

စစ်တပ်၏ လက်ရှိ လှုပ်လှီလှုပ်လှဲ့ ဖြစ်နေသော ရခိုင်တပ်တော် နှင့် အပစ်အခတ် ရပ်စဲရေးသာ ပြိုလဲသွားမည် ဆိုလျှင်တော့ နဲနဲနှင့် ကြဲကြဲဝိုင်းနေရသော စစ်တပ်သည် နောက်ထပ် စစ်မျက်နှာ ထပ်ဖွင့်ရမည့် အရေးကြောင့် တော်လှန်‌ရေး အား အဆုံးအဖြတ် ပေးလာမည့် အဆင့်အထိ ရောက်ရှိသွားပေတော့မည်ဟု ဆောင်းပါးတွင် ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင်သည် ၎င်း အား ထောက်ခံနေသူများ စိတ်ဓါတ် မကျဆင်းစေရန် နိုင်ငံ အနှံ့ ဟိုသွားဒီသွား ဖြင့် ပေါက်ပန်းဈေး ပြောဆိုနေမှုများသည်ကလည်း ယခုအခါ ဆေးမတိုးတော့။ ထိုအရေးကို ကောင်းစွာ ရှုမြင်သုံးသပ်နိုင်သည့် သူ၏လူများကပင် သူရူးတယောက် အလားပင် မှတ်ထင် လာနေကြပြီ ဖြစ်သည်။

 

“There is no instance of a nation benefitting from prolonged warfare.”

― Sun Tzu, The Art of War

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!