ဒေါ်နီလာသိန်း မှ အကြမ်းဖက် စစ်တပ်အား ရဲရဲ တောက် စိန်ခေါ်လိုက်ပြီ

by Hla Soewai - Jun 12 2022

မြန်မာရှိ အကြမ်းဖက် စစ်ကောင်စီသည် တိုင်းပြည်ရှိ အထင်ကရ ပုဂ္ဂိုလ် နှစ်ဦး အပါအဝင် လူလေးဦး အား ကွပ်မျက်ရန် ကြံစည်နေမှုကို နိုင်ငံတကာမှ ဖိအားများ တိုးမြှင့်လာခြင်း မရှိက ရှေ့လျှောက်ပြီး ဆက်လက် ကွပ်မျက်မှု များ ဖြစ်လာမည်ဟု မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး နှင့် ဥပ‌ဒေပြင်ပ ကွပ်မျက်မှုများ အပေါ် ကုလ ဖြန်ဖြေရေး တာဝန်ခံ မောရစ် တစ်ဘော ဘင့်ဇ် တို့ နှစ်ဦး က ပြောဆိုလိုက်သည်။

 

၎င်းတို့သည် လူ့အခွင့်အရေး စံနှုန်းများကို လေးစားလိုက်နာစရာ မလိုဟု နိုင်ငံတကာ အသိုက် အဝန်း အား ထပ်မံ အသိပေးလိုက်သည့် လုပ်ရပ်လည်း ဖြစ်သည်ဟု ဆိုသည်။

 

လက်ရှိ အချိန်တွင် မင်းအောင်လှိုင်သည် အကြောက်တရားဖြင့် မွှန်ထူနေပြီး ဘယ်သူ ဘာပြောပြော၊ ဘာထင်ထင် ဂရုမစိုက်နိုင်တော့၊ သူ့လက်အောက်လူများကိုလည်း "If I go down, everybody will go down" ဟု ခြိမ်းခြောက် အကျပ်ကိုင်ကာ အတင်းကာရော စေခိုင်းလျှက် ရှိနေပြီ ဖြစ်သည်။

 

သို့သော် စစ်ကောင်စီမှ ၃/၂၀၂၁ မာရှယ်လော အား တရားမဝင် ထုတ်ပြန်ကာ ခင်ပွန်းသည် ဖြစ်သူ ကိုဂျင်မီ နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ကိုဖြိုး‌ဇေယျာသော် တို့ အား သေဒဏ်စီရင်သည့် အထိ ကျူးလွန်လာမှု အပေါ် ယခုလို ရဲဝံ့စွာ ‌ဖြင့် RFA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသွား ခဲ့သည်။

 

"စစ်ကောင်စီရဲ့ ပြောဆိုမှု လုပ်ဆောင်မှုတွေ အားလုံးက တချိန်မှာ သူတို့တာဝန်ယူပြီး ဖြေရှင်းရမယ်လို့ ကျမ မြင်ပါတယ်၊ ဒီကိစ္စတွေက မည်သူတဦးတယောက်ကပဲ လုပ်ဆောင်ခဲ့ပါစေ လုပ်ဆောင်ခဲ့မှု တိုင်း အတွက် ဒီပြဿနာ‌ တွေအားလုံး သူတို့ကိုယ်တိုင် ပြန်ဖြေရှင်းရမယ့် အချိန်ကို ရောက်လာ မှာပါ"  

 

"ကျမတို့တွေ အားလုံးဟာ ကိုယ့်ကို မတရားပြုမူတဲ့ အတွက် (မိမိတို့ )အပေါ် မတရား ကျူးလွန် စော်ကား နေမှုများ ကို ခေါင်းငုံမခံဘဲ ခုခံကာကွယ်ပိုင်ခွင့် ရှိသည်ဆိုသော သဘောတရားအရ ပြုမူခဲ့ကြတာပဲ ဖြစ်ပါတယ်"

 

ကိုဖြိုးဇေယျာသော် ၏ ဇနီး ဖြစ်သူ မသဇင်ညွန့်အောင်မှ လည်း နိုင်ငံတကာ အသိုက်အဝန်း အနေနှင့် ရပ်ကြည့်မနေဘဲ ခင်ပွန်း ဖြစ်သူအား ကယ်တင်ပေးပါရန် ပန်ကြားလိုက်သည်။

 

ယခု အချိန်အထိတော့ ကွပ်မျက်ရန် အမိန့်ကို စစ်ကောင်စီထံမှ လက်ခံရရှိခြင်း မရှိသေးဟု အကျဉ်းဦးစီးဌာန ပြောခွင့်ရ သူမှ RFA ကို ပြောခဲ့သည်ဟု သိရသည်။

 

ထိုအရေး အပေါ် အမေရိကန်၊ ပြင်သစ် နှင့် ကုလသမဂ္ဂတို့မှ တရားမဝင် လုပ်ရပ် အဖြစ်ပြစ်တင် ရှုတ်ချခဲ့ကြသော်လည်း သိသိသာသာ ရေငုံ နှုတ်ပိတ်နေသည်ကတော့ အာဆီယံ အဖွဲ့ကြီးပင် ဖြစ် သည်ဟု South China Morning Post သတင်းစာ တွင် ‌ပါရှိလာခဲ့သည်။

 

ထိုလုပ်ရပ်ကြီးသည် တရားဥပဒေ လမ်းကြောင်း အတိုင်း တည့်မတ်စွာ စီရင်ခဲ့ခြင်း မရှိ၊ ဒေါ်နီလာသိန်း က ရှေ့နေ ရှေ့ရပ်များ ငှားရမ်းဖို့ မဆိုထားဘိ မိသားစုသည် ဖမ်းဆီးခံခဲ့ရချိန်ကစပြီး ယခုထိ ကိုဂျင်မီ နှင့် တွေ့ဆုံခွင့်ပင် မရ၊ မည်သူမှ ဝင်ခွင့်မ‌ပြုသော တရားရုံး ဆိုသည်မှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းမျိုး ဖြစ်သည်။

 

ထိုသို့ နိုင်ငံတကာ လေးစားလိုက်နာရမည့် ဥပဒေ လုပ်ထုံး လုပ်နည်းများကို လစ်လျူရှုကာ ပြစ်ဒဏ် စီရင်ခဲ့ခြင်းကို အာဆီယံ အဖွဲ့ကြီးသည် တခွန်းတပါဒ မျှ မဟဘဲ ရှက်ဖွယ်လိလိ ရေငုံ နှုတ်ပိတ် နေဆဲပင် ဖြစ်သည်။

 

သို့သော် အာဆီယံ အဖွဲ့ ဥက္ကဌ ဟွန်ဆန် မှ မင်းအောင်လှိုင်ထံ သေဒဏ်ကို ပြန်လည် စဉ်းစားပါရန် နှင့် သို့မဟုတ်က နိုင်ငံတကာ၏ ပြင်းထန်သော တုန့်ပြန်မှု များ ဖြစ်ပေါ်လာနိုင်ပြီး ပြည်တွင်း ပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာရေး ကြိုးပမ်းမှုများကို ထိခိုက်လာလိမ့်မည်ဟု စာရေးသား ပေးပို့ခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီသည် ယခုအချိန်အထိ လူပေါင်း ၁၁၄ ဦးအား သေဒဏ်ချမှတ်ခဲ့ပြီး ဖြစ်သည်။ ထိုအထဲတွင် ၄၁ ဦးသည် မျက်ကွယ်တွင် စီရင်ခံခဲ့ရခြင်း ဖြစ်သည်။

 

လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များ အဖွဲ့မှ မလေးရှား အမတ်ဖြစ်သူ ဆန်တီယာဂို တဦးတည်းသာ "သွေးအေးအေးဖြင့် ကျူးလွန်ခဲ့သော နိုင်ငံရေး လုပ်ကြံမှုကြီး" ဟု ကင်ပွန်းတပ် ပြောဆိုခဲ့မှုသာ ရှိပေသေးသည်။

 

ထိုသို့ ရေငုံနှုတ်ပိတ်နေသည့် အထဲတွင် ဩစတေးလျှ လည်း ပါဝင်နေသည်။ ဩစတေးလျှသည် ၎င်း၏ နိုင်ငံသား တဦး ဖြစ်သူ စီးပွားရေး ပါမောက္ခ ရှောင်တန်းနယ်အား "နိုင်ငံတော် လျို့ဝှက်ချက်များ ခိုးယူ ပြီး ထွက်ပြေးရန် ကြံစည်မှု" နှင့် စွဲချက်တင်ရန် မကြာသေးမီကမှ စစ်ကောင်စီ၏ လျို့ဝှက် တရားရုံးမှ ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

 

အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတကာ ကျင့်ဝတ်များကို လစ်လျူရှုထားသူများ ပီပီ ရှောင်တန်း နယ်အားလည်း ဩစတေးလျှ သံအရာရှိများနှင့်ပင် တွေ့ဆုံခွင့် မပြုခဲ့ပေ။ ဤသည်ကလည်း တရုတ် နှင့် ဩစတေးလျှ ဆက်ဆံရေး အနိမ့်ဆုံးသို့ ရောက်ရှိ နေမှု နှင့် သက်ဆိုင်နေသည်လား ဆိုသည်ကို တိတိ ပပ ပြောနိုင်စွမ်း မရှိပေ။

 

ထိုသို့ နိုင်ငံတကာ အခြေခံ ကျင့်ဝတ် များကိုပင် လိုက်နာရကောင်းမှန်း မသိလောက်အောင် ဖြစ်လာနေ သူများကို ကမ္ဘာကြီးကလည်း ၎င်းတို့အပေါ် ဘီလူးစည်း လူ့စည်း သတ်မှတ်ခဲ့ကြပြီ ဖြစ်သည်။ နယူးဒေလီကပင် အာဆီယံနှင့် ဆက်ဆံရေး ထူထောင်ခဲ့သည့် အထိမ်းအမှတ် အဖြစ် ကျင်းပမည့် အိန္ဒိယ-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကို စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး အား ဖိတ်ကြားခြင်း မပြုရဲတော့ပေ။

 

အာဆီယံ ထဲတွင် အိန္ဒိယ နှင့် ကျောခြင်းကပ်နေသည့် မြန်မာ နိုင်ငံသည် တက်ရောက်ခွင့် မရတော့၊ ကျန် ကိုးနိုင်ငံ မှ နိုင်ငံခြားရေး ဝန်ကြီးများသည် မြန်မာ လေကြောင်းပိုင်နက် ပေါ်မှ ဖြတ်သန်းကာ နယူးဒေလီသို့ ရောက်ရှိလာကြတော့မည် ဖြစ်သည်။

 

ကမ္ဘာဘဏ်မှ နှစ်စဉ် ထုတ်ပြန်နေကျ စီးပွားရေး ခန့်မှန်းချက်တွင် မြန်မာပြည်သည် စီးပွားရေးတွင် မသေချာ မရေရာမှုများ နှင့် ပြည့်နှက်နေသည်ဆိုကာ တွက်ချက်ဖို့ပင် လက်မှိုင်ချသွားခဲ့ကြရရှာသည်။ ထိုသို့ ကမ္ဘာဘဏ်က လက်မှိုင်ချရလောက်အောင် ‌ဒေါ်စိန်အေး ကျောင်းထွက်များ၏ စွမ်းဆောင်ရည် မှာ အံ့မခန်းဟုပင် ဆိုရမည် ဖြစ်သည်။

 

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အထူး အကြံပေး ဒဲရက် ရှိုလက် သည် ထိုင်း-မြန်မာ နယ်ခြားရှိ မဲလ ဒုက္ခသည် စခန်းသို့ ရောက်ရှိလာခဲ့သည်။ မဲဆောက်တွင် မြန်မာ မြို့ပြ အဖွဲ့အစည်းများ နှင့် တွေ့ဆုံခဲ့ပြီး မယ်တော် ဆေးခန်းသို့ ရောက်ရှိလာကာ ဒေါက်တာ စင်သီ ယာမောင် နှင့် နိုင်ငံတွင်း လူထုရင်ဆိုင်နေရသော အကျပ်အတည်းနှင့် အမေရိကန်ဖက်မှ ကူညီ ကယ်ဆယ်ရေး များကို မည်သို့ ထိထိရောက်‌ရောက် ဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများကိုလည်း မေးမြန်း ဆွေးနွေးသွားခဲ့သည်ဟု ဧရာဝတီ မှ ဓါတ်ပုံနှင့် တကွ ဖေါ်ပြထားသည်။

 

ထိုသို့ စစ်ကောင်စီ အဖို့ နိုင်ငံတကာ ဇာတ်ခုံတွင် မရှုမလှ အရေးနိမ့်နေချိန်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းသည် ချက်သမ္မတနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ပရပ်ခ် မြို့တော်ရှိ ဆီမင် နန်းတော်ကြီးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

 

ထို့အပြင် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်သည်လည်း ဆွီဒင် နိုင်ငံ ခြားရေး ဝန်ကြီး Mrs Ann Linde နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြန်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ၏ တနေ့တခြား အောင်မြင်လာမှုများ ကြောင့် စစ်ကောင်စီ နှင့် ၎င်းတို့ အား ထောက်ခံနေသူများ အဖို့ အနာပေါ် တုတ်ကျသလို ဖြစ်လာနေပြီး အပြင်စည်းဝိုင်းမှ ရစရာ မရှိ အောင် ဝိုင်းဝန်း ဆဲရေး ဝေဖန်နေကြရရှာပြီ ဖြစ်သည်။ 

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!