ရှန်ဂရီလား မှ မိုးကြိုးသွားများ

by Hla Soewai - Jun 13 2022

ယမန်‌နေ့က စင်္ကာပူ ရှိ ရှန်ဂရီလား ဟိုတယ် တွင် နှစ်စဉ် ပြုလုပ်နေကျ ဒေသတွင်း ရှိ လုံခြုံရေးရာများ ဆွေးနွေးကြသည့် ၁၉ ကြိမ်မြောက် ရှန်ဂရီလား ဒိုင်ယာလော့ခ် တွင် မြန်မာ အရေးသည်လည်း “Myanmar: Finding a Way Forward” ခေါင်းစဉ် ဖြင့် မပါမဖြစ် ဆိုသလို ပါရှိလာခဲ့သည်။

 

ထို ဆွေးနွေးပွဲ တွင် တက်ရောက်လာကြသူများ၏ ပြောဆိုသွားမှုက မြန်မာ စစ်ခေါင်းဆောင်များ အတွက် နားထဲကို သံရည်ပူနှင့် လောင်းထည့် သလို ဖြစ်စေမည့် အပြင် ၎င်းတို့အတွက် တခုခု မလုပ်က ရှေ့လျှောက် အခြေအနေ မကောင်းနိုင်တော့မှန်း ရိပ်စားမိလောက် ပြီ ဖြစ်သည်။

 

အမေရိကန် နိုင်ငံခြားရေး ဌာန အထက်တန်း အကြံပေး မစ္စတာ ဒဲရက် ရှိုလက်မှ မြန်မာတွင် စစ်ခေါင်း ဆောင်များ ပြုလုပ်မည့် ရွေးကောက်ပွဲဆိုသည်မှာ မည်သည်နည်းနှင့်မျှ လွတ်လပ်ပြီး တရားမျှတမှု ရှိမည် မဟုတ်ဘဲ ဒေသတွင်း နှင့် နိုင်ငံတကာ ကို လိမ်လှည် လှည့်ဖျားရန် အားထုတ်မှု သက်သက်သာ ဖြစ်သည်ဟု ဗြောင်ကျကျ ပင် အမေရိကန်၏ သဘောထားကို ထုတ်ဖေါ်ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။

 

ဆိုလိုသည်က စစ်ကောင်စီ ၏ သေနတ်ပြ၍ မဲပုံးထောင်ကာ ငါသမ္မတ ဟု ကြေညာမည့် ကိုယ်ဖဲ ကိုယ်ချိုး ကစားနေသော ဖဲသုံးချပ် ကစားဝိုင်းသို့ မည်သူမျှ တွေဝေမိန်းမော စိတ်ဝင်တစား ရှိကြလိမ့်မည် မဟုတ် ဆိုသည်ကား ရှင်းလင်း ပြတ်သားစွာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

ရှိုလက်က မြန်မာ တို့၏ တော်လှန်ရေးအတွက် ယူကရိန်း ကဲ့သို့ လက်နက်များ ထောက်ပံ့သွားရန် ရည်ရွယ် ထားခြင်း မရှိသော်လည်း အခြားနည်းလမ်းပေါင်းစုံဖြင့် မဖြစ်ဖြစ်အောင် ကူညီသွားမည်ဟု ဆိုသည်။

 

ဤသည်ကား လက်ရှိ ဘိုင်ဒင် အစိုးရ အဖွဲ့၏ သဘောထားပင် ဖြစ်သည်။ အကယ်၍သာ အမေရိကန်မှ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ကို “ဗြောင်ကျကျ” လက်နက် ထောက်ပံ့မည် ဆိုက တရုတ်ဖက် ကလည်း စစ်အာဏာသိမ်း အဖွဲ့ အား လက်နက်များ ပုံအောပေးလာမည်သာ ဖြစ်သည်။ ထိုအခါတွင် ပြည်တွင်းစစ်မီးကြီးသည် တဟုန်ထိုး တောက်လောင်လာပေတော့မည်။ လက်ရှိ တွင် တော်လှန်နေသော ပြည်သူများဖက်က အသာစီး ရလာနေပြီ ဖြစ်၍ အခြေအနေများ ကပြောင်းကပြန် ဖြစ်သွားအောင် လုပ်လိုစိတ် မရှိသဖြင့် အမေရိကန်က ချုပ်တည်း နေခြင်းသာ ဖြစ်ပေမည်။

 

မြန်မာ စစ်ခေါင်းဆောင်များကို ၎င်းတို့သဘော နှင့် ၎င်းတို့ ငြိမ်းချမ်းစွာ အဖြေရှာရန် ဆွေးနွေးပွဲသို့ ဝင်လာရန် ဖိအားပေးနိုင်မည့် နည်းလမ်းများကို စဉ်းစားနေဆဲ ဖြစ်သည်ဟု ရှိုလက်က အရိပ်အမြွက် ပြောဆိုသွားသည်။ ထို့အတွက် ပိတ်ဆို့ ဒဏ်ခတ်မှု အသစ်များ၊ ၎င်းတို့ အတွက် ဝင်ငွေရရာ ရကြောင်း အပေါက်များကို ပိတ်ဆို့ သွားရေး နှင့် တိုက်ခိုက်နိုင် စွမ်းများ ပြိုလဲသွားအောင် လုပ်ရန် နည်းလမ်းများ ပါဝင်နေသည်ဟု ဆိုသည်။

 

Military capabilities ဆိုသည့် တိုက်ခိုက်နိုင်စွမ်းများ ပြိုလဲသွားအောင် ဆိုသည်မှာ စစ်ခေါင်းဆောင်များ အဖို့ မိုးကြိုးသွားကြီး အလား ဖြစ်လာပေတော့မည်။

 

ကုလ အထူး သံတမန် နိုလင်း ဟေဇာကလည်း စစ်ခေါင်းဆောင်များ ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲ ကြောင့် နိုင်ငံတွင်း ပို၍ပင် အခြေအနေများ ဆိုးသွားအောင် ဖန်တီးပေးသလို ဖြစ်သွားမည်ဟု ပြောဆို ဆွေးနွေး သွားခဲ့သည်။ မြန်မာပြည်သူများ အနေဖြင့် “သင့်တင်လျှောက်ပတ်သော အရပ်သား အုပ်ချုပ်ရေး” ဆီသို့ ပြန်လည် ခေါ်ဆောင်သွားမည့် ရွေးကောက်ပွဲ မျိုး ဟု အယုံအကြည် မရှိသရွေ့၊ မိမိတို့ ဆန္ဒကို လေးစားလိုက် နာခြင်း မရှိသရွေ့ မည်သို့မျှ လက်ခံကြလိမ့်မည် မဟုတ်ဟု ပို၍ပင် အကြမ်းဖက် လာနိုင်သည်ဟု ထောက် ပြခဲ့သည်။

 

စစ်တပ်သည် ပြည်သူများ၏ ဆန္ဒကို အသာတကြည် လိုက်လျောခဲ့ခြင်း မရှိဘဲ ရွေးကောက်ပွဲ ရလဒ်အပေါ် ၎င်းတို့ အလိုမကျ ဖြစ်သည့် အခါတိုင်း ၁၉၉၀ တွင် တကြိမ်၊ ၂၀၂၁ တွင် တကြိမ် ရိုက်ချိုး နင်းချေ ပြစ်ခဲ့ကြ ပြီးလည်း ဖြစ်သည်။ ထိုသို့သော လူများက ပြုလုပ်မည့် ရွေးကောက်ပွဲ မျိုး ကို စိတ်ဝေဒနာ ရှင်များမှ လွဲ၍ မည်သူမျှ အယုံအကြည် ရှိကြမည် လည်း မဟုတ်ပေ။

 

အာဆီယံသည် မည်သို့သော တိုးတက်မှုမျိုးကိုမျှ ဖေါ်ဆောင်ပေးခြင်း မရှိဘဲ ၎င်းတို့ အပေါ် လှည့်စားနေသော မြန်မာ စစ်ခေါင်းဆောင်များ၏ အရူးလုပ်မှုကို လက်မခံ နိုင်တော့သဖြင့် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင်မှ ၂၀၂၁ ဧပြီလ တွင် မင်းအောင်လှိုင် ကိုယ်တိုင် သဘောတူခဲ့သည့် အချက် ငါးချက် ကို အကောင် အထည် ဖေါ်ရမည့် နောက်ဆုံးရက်ကို သတ်မှတ်ပေးနိုင်ရန် ပြန်လည် ဆွေးနွေးဖို့ လိုလာပြီဟု ပြောဆိုသွား ခဲ့သည်။

 

မိမိတို့ ပြောသည်များကို နားထောင်လိုစိတ် မရှိလျှင် ၎င်းတို့ နားထောင်ကောင်း ထောင်နိုင်မည့် ဒိုင်ယာလော့ ပါတနာ ဖြစ်မည့် နှစ်နိုင်ငံကို ချဥ်းကပ်ရတော့မည် ဟု လည်း ပြောဆိုသွားသည်။ မည်သည့် နိုင်ငံများ ဖြစ်မည် ဆိုသည်ကို မိမိအနေဖြင့် ကျယ်ကျယ်လောင်လောင် ပြောဆိုလိုခြင်း မရှိသေးဟုလည်း ဆိုသည်။ မည်သို့ ပင် ဆိုစေ ဤသည်ကို ကြည့်မည် ဆိုလျှင် အမေရိကန်သည် အာဆီယံ အား မြန်မာအရေးကို စိတ်ကြိုက် ဖြေရှင်းခွင့် ပြုထားဆဲ ဖြစ်သည်မှာ သိသာ နေသည်။ 

 

မြန်မာ အရေးကို စဉ်ဆက်မပြတ် လေ့လာနေသူများ အဖို့က အခြားသူများ နှင့် စာလျှင် မည်သူ၏ စကားကို ပို၍နားထောင်မည် ဆိုသည်မှာ ထင်ရှားနေပြီး ဖြစ်သည်ဟု ဆိုသည်။

 

အာဆီယံ အနေဖြင့် နည်းလမ်း နှစ်သွယ်ကို ပေါင်းစပ် လုပ်ကိုင်သွားဖို့သာ ရှိသည်။ တဖက်က ဖိအားပေးခြင်း နှင့် ကျန်တဖက်မှာ စစ်ခေါင်းဆောင်များ နားထောင်လိုသည့် လူများ နှင့် ပြောဆိုသွားသည့် နည်းလမ်းများသာ ဖြစ် သည်ဟု ဆိုသည်။ မိမိတို့ အနေဖြင့် လောလောဆယ် မြန်မာ အား အာဆီယံ မှ နှင်ထုတ်ရန် အကြောင်း မရှိသေး၊ နိုင်ငံအားလုံးက Non-interference ဆိုသည့် ပြည်တွင်းရေးကို ဝင်မစွက် ဆိုသည်ထက် မြန်မာ အရေးတွင်မူ non-indifference တုံဏှိဘာဝေ နေ၍ မဖြစ် ဆိုသည့်မူ ကိုသာ လက်ကိုင်ထားရတော့မှာ ဖြစ်ကြောင်း ပြောဆို သွားခဲ့သည်။

 

ထိုသို့ အာဆီယံမှ တုံဏှိဘာဝေ ဆက်နေမည် ဆိုလျှင် မြန်မာ စစ်ခေါင်းဆောင်များ ပို၍ ရဲတင်းလာဖွယ် ရှိ သည်ဟု လည်း သတိပေးသွားခဲ့သည်။ ထိုကြောင့် နှစ်ကုန် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ မှသာ ဆွေးနွေးမည် ဆိုက စစ်ခေါင်းဆောင်များ အတွက် ပွဲတော်ကြီး ဖြစ်သွားလိမ့်မည်။ ထို့အတွက် လာမည့် ဇွန်လ ၁၆-၁၇ နယူးဒေလီ တွင် ပြုလုပ်မည့် အိန္ဒိယ-အာဆီယံ ဆွေးနွေးပွဲတွင် အရေးတကြီး စဉ်းစားကြဖို့ မိမိ အနေနှင့် တိုက်တွန်းသွားမှာ ဖြစ်သည်ဟု ဆိုသည်။

 

အချက် ငါးချက်တွင် ပါရှိသည့် ပါဝင် ပတ်သက်နေသူများ ဆိုသည်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) တို့ ဖြစ်သည်ဟု တိတိကျကျ ထောက်ပြသွားခဲ့ပြန်သည်။

 

လက်ရှိ မြန်မာ အတွက် ခန့်အပ်ထားသော အာဆီယံ အထူး သံတမန် ရာထူးအားလည်း အချိန်ပြည့် သံတမန် တဦးကို သီးခြား ခန့်အပ်သွားသင့်သည် ဆိုသည်လည်း ပြောသွားခဲ့သည်။

 

စစ်ခေါင်းဆောင်များ၏ ဖဲသုံးချပ် ရွေးကောက်ပွဲအား စိတ်ဝင်တစား ရှိသည့် စိတ်ဝေဒနာရှင်များထဲတွင် ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကိုယ်စားလှယ် ဖြစ်သူ မစ္စက် ပွန်ပီမာ (ပုံပါ ညာအစွန်) လည်း ထိပ်ဆုံးက ပါဝင် နေခဲ့သည်။ သူမသည် စစ်ခေါင်းဆောင်များ ပြောသမျှကို ပယ်ချမနေသင့်ဘဲ သူတို့ လုပ်မည့် ရွေးကောက်ပွဲ ကိုတော့ အရှိကို အရှိအတိုင်း လက်ခံသင့်သည်ဟု ပြောဆိုသွားခဲ့သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!