မြန်မာ စစ်တပ် အရေးနိမ့်ဖွယ် ရှိဟု ရှိုလက်ပြော

by Hla Soewai - Jun 14 2022

ဘန်ကောက်သို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး ဒဲရက် ရှိုလက်မှ မြန်မာစစ်တပ်သည် အဘယ်ကြောင့်များ ၎င်းတို့ လက်တွေ့တွင် အနိုင်ရလိမ့်မည်ဟု ယူဆနေခြင်းကို နားလည်ရ ခက်နေကြောင်း၊ နယ်မြေ များ လက်လွှတ်ပေးနေရသည့် အပြင် အကျအဆုံး အများအပြား နှင့် ရင်ဆိုင်နေကြရပြီ ဟု ရိုက်တာ သတင်းဌာန ကို ပြောသွားခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် နိုင်ငံတကာတွင်သာမက ပြည်တွင်း တွင်ပင် ဝိုင်းကျဉ် ခံနေရ၍ တိုက်ခိုက်နေမှု များ အဆုံးသတ်ပြီး ဒီမိုကရေစီ လမ်းကြောင်းကို ပြန်သွားသင့်နေပြီ ဟုလည်း ဆိုသည်။

 

တရုတ်သည် မြန်မာ ပြဿနာ အဖြေရှာရေးတွင် တစိတ်တပိုင်း အဖြစ် ပါဝင်လာလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ရှိုလက်က မှတ်ချက်ချ ခဲ့သည်။

 

ရှိုလက်သည် ထိုစကားကို အကြောင်းမဲ့ ပြောဆိုခဲ့ခြင်းတော့မဟုတ်၊ မြေပြင် အနေအထားကို ကောင်းစွာ သိရှိထားသော ထောက်လှန်းရေး သတင်းအချက်အလက်များကို အမှီပြု ပြောဆိုခဲ့ခြင်းသာ ဖြစ်ပေမည်။

 

သို့သော် မင်းအောင်လှိုင် သည် ပြီးခဲ့သည့် သုံးလ ခန့်ကပင် ပြည်သူ့ကာကွယ်ရေး တပ်မတော်အား အပြီးအပိုင် ချေမှုန်းပစ်မည်ဟု လူသိရှင်ကြား ကြေညာထားခဲ့သော်လည်း ယခူ အခါ နိုင်ငံတော် တည်ဆောက်ရေး (၎င်း၏ အာဏာ ဆက်လက် တည်မြဲရေး) အတွက် လက်နက်ချ အလင်းဝင်ရန် ဖိတ်ခေါ်လာပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၎င်းကြားချင်သည်များကိုသာ ပြောတတ်သည့် မင်းမြှောင် ကပ်ပါး ဗိုလ်ချုပ်များက ၎င်းတို့ လက်သံ ပြောင်စွာ ရွာလုံးကျွတ် မီးရှို့ခဲ့ခြင်းများ အောင်မြင်ကြောင်း၊ PDF များ အကြားတွင် လက်နက်ချလိုသူ များပြားလာနေ၍ အနုနည်း နှင့် ဖြိုခွဲရန် အချိန်ရောက်ပြီဟု သာသာထိုးထိုး အပြောများကို အဟုတ်ထင်ကာ ပြောဆိုလာခြင်းပင် ဖြစ်သည်။

 

ရှန်ဂရီလား ဒိုင်ယာလော့ များကြောင့် အိမ်မက်ဆိုးများ မြင်မက်နေသည့် မင်းအောင်လှိုင်ကို ဝိုင်းဝန်း ချော့မြူနေကြပုံ ရသည်။

 

နောက်တချက်ကလည်း မိုးရာသီတွင် စစ်ကြောင်းထိုးရန် အခက်အခဲများ ရှိလာနေ၍ ဘာပဲဖြစ်ဖြစ် အရှုံးမရှိ ဟု အကြံပေးလာကြခြင်းလည်း ဖြစ်မည်။

 

လက်တွေ့တွင်မူ PDF များသည် တပ်ရင်းတပ်ဖွဲ့ ပေါင်း ၂၅၀ ကျော်နှင့် ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင် အင်အား များ ရှိနေပြီး ၎င်းတို့၏ လူမဆန်စွာ ရက်စက်ကြမ်းကြုပ်မှုများ ကြောင့် ဒေသခံများ တဖွဲဖွဲ ဝင်ရောက်လာနေချိန်လည်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၎င်းတို့တပ်တွင်း လုံခြုံမှု မရှိသလို ခံစားလာရခြင်း၊ နိုင်ငံတကာ၏ ဝိုင်းပယ်ခံလာရမှုများ အတွက် ပြန် အဖတ်ဆယ်ရန် ဖြေဆေး မရှိတော့ သည်ကို ရိပ်စားလာမိသည့် အတွက် နည်းမျိုးစုံ ဖြင့် လိမ်လည်လှည့်ဖျားရန် ကြံစည်နေခြင်းသာ ဖြစ်သည်။

 

"လက်နက်အပ်ပြီး ပြည်သူ့ဘဝ ပြန်လည် ရယူရန်" ဆိုပြီး စစ်ခေါင်းဆောင်များကို ပြည်သူ့ရင်ခွင် သို့ ပြန်လည် ခိုလှုံရန် PDF များဖက်မှ ပြန်လည် ကြေညာလာခဲ့သည်။ စစ်ကျွန် ဘဝ နှင့် အရိုးထုတ်စရာ အကြောင်းမရှိဟု ဟုလည်း တုန့်ပြန်ခဲ့ကြသည်။

 

၎င်းကဲ့သို့ မေမြို့စစ်တက္ကသိုလ် ကျောင်း က သာ ဂျင်း ပညာရေးဖြင့် အပြင်လောက သို့ ထွက်လာရသူ တဦးက အောက်စဖို့၊ ဟားဘတ်၊ ယေးလ် အစရှိသည့် တက္ကသိုလ် ကျောင်းတိုက်ကြီးများ တွင် ပညာ ရည်နို့ သောက်စို့လာခဲ့သူများ ကို ပုဆိုး ခါးတောင်းကျိုက်ကာ အံတုနေခြင်းဖြစ်သည်၊ အံတုရင်းက အိုင်ပျက်တော့မည့် အရေး ကလည်း တစထက် တစ နီးကပ်လာနေပြီ ဖြစ်သည်။

 

အနီးစပ်ဆုံး ဥပမာတခု တင်ပြလိုပါသည်။

 

ပြီးခဲ့သည့် ရက်များ အတွင်း မင်းအောင်လှိုင်သည် မြန်မာ-ကိုရီယား ချစ်ကြည်ရေး (ဒလ) တံတား သို့ သွားရောက်ပြီး လိုအပ်သည်များ မှာကြားခဲ့ပုံအားလည်း ကြားရသူ အပေါင်း ဟာသမြောက်သည့် စကား အဖြစ် ကျန်ရစ်ခဲ့ရပြန်သည်။

 

၎င်းမှ တာဝန်ရှိသူများ အား မှာကြားရာတွင် တံတားအား ရေရှည် တည်တံအောင် ဆောက်လုပ်ဖို့၊ ‌တံတား အောက်မှ သင်္ဘောများ သွားလာနိုင်အောင် အမြင့်ပေ ကိုလည်း တွက်ချက် ဆောင်ရွက်ဖို့ လိုသည် ဟု လမ်းညွှန်သွားခဲ့သည်ဟု ပေါ်ပြူလာ ဂျာနယ် တွင် တခမ်းတနား ပါရှိလာခဲ့သည်။

 

သူ့၏ ဘက်ပေါင်းစုံ တွေးခေါ် မျှော်မြင်တတ်လွန်းသည့် လမ်းညွှန်ချက်များသည် တံတား ဆောက်လုပ်သော အင်ဂျင်နီယာ များ မဆိုထားဘိ အနီးတွင် နေထိုင်သော ခေါင်းရွက် ဗျတ်ထိုး ဈေးသည်ပင် ထိုသို့ လုပ်ရမည် ဆိုသည်ကို သိနေပြီးဖြစ်သည်။

 

ထိုအပြောများကို လူရွှင်တော်များ အချင်းချင်းဆိုက "နင့်မေကလွှား ဒါ ကလေးတောင် သိတယ်" ဟု ခေါင်းကို စက္ကူလိပ် နှင့် တဖုန်းဖုန်း ရိုက်နေမည်ကိုပင် မြင်ယောင်မိသေးသည်။

 

အဘယ်သို့များ တွေးခေါ်ပြီး ငါ့စကား နွားရ ပြောဆိုနေသည် မသိ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!