နိုင်ငံတွင်း ကား တင်သွင်းခွင့် ပိတ်ပင်လိုက်ပြီ

by Hla Soewai - Jun 18 2022

တိုင်းပြည်သည် စစ်အာဏာသိမ်းပြီး တနှစ်ကျော် အတွင်းမှာပင် နောက်ကို နှစ်ပေါင်း နှစ်ဆယ်ခန့် ပြန်ဆုတ် ယုတ်သွားသည့် လက္ခဏာ တရပ် အဖြစ် ပြည်ပ မှ ကား တင်သွင်းခွင့်ကို တရားဝင် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

 

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းမှ မရှိမဖြစ် မလိုအပ်သော တင်သွင်းကုန်များ ဝယ်ယူခြင်းဖြင့် နိုင်ငံ ခြားငွေများ ယိုစီးမှုကို ကာကွယ်ရန် စနစ်တကျ စီမံခန့်ခွဲနေရသည် ဆိုကာ ကားများ တင်သွင်းမှုကို ပိတ် လိုက်သည်ဟု ၎င်းတို့ တပတ်တခါ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် အခမ်းအနားတွင် ပြောဆိုလိုက်သည်။

 

ဇော်မင်းထွန်းသည် ၎င်းတို့ လက်နက်ကိုင် အုပ်ချုပ်နေသည့် ကာလ အတွင်း စီးပွားရေး ဖရိုဖရဲ ဖြစ်လာနေမှုကို တနည်းအားဖြင့် ဝန်ခံလိုက်ရခြင်းပင် ဖြစ်သည်။

 

နယ်ခြားကုန်သွယ်ရေး အတွက် ယွမ် နှင့် ဘတ်ငွေ များ တရားဝင် သုံးစွဲရန် ခွင့်ပြုလိုက်ရပြီးလည်း ဖြစ်သည်။ သို့သော် ဓါတ်မြေဩဇာများ နှင့် အခြား လယ်ယာသုံးကုန် ပစ္စည်းများကို မူ တင်သွင်းရန် ခွင့်ပြု ထားခဲ့သည်။ ထိုသို့ ခွင့်ပြုချက်ရရန် ပို့ကုန်သမား များအနေနှင့် မိမိတို့၏ လျှောက်လွှာကို တပတ်တခါ ထိုင်သည့် အစည်း အဝေး သို့ တင်သွင်းနေရသည်ဟု သိရသည်။ ခွင့်ပြုချက်ရသည်နှင့် ၎င်းတို့ သတ်မှတ်ဈေး တဒေါ်လာ လျှင် ၁,၈၅၀ ဖြင့် ဝယ်ယူ တင်သွင်းရသည်။

 

ပို့ကုန်သမား များ၊ အခြားနည်းလမ်းများ နှင့် နိုင်ငံခြားငွေ ရနေသူများလည်း ငွေလက်ခံရလျှင် ရပြီးချင်း တရက် အတွင်းမှာပင် ကျပ်ငွေ သို့ မဖြစ်မနေ ပြန်လဲပေးကြရပြန်သည်။

 

ဤသည်ကလည်း အထူးအဆန်းတော့ မဟုတ်၊ ဗိုလ်သန်းရွှေ ခေတ် အာဏာသိမ်းသူများ၏ စီးပွားရေး စီမံခန့်ခွဲမှု လက်စွဲ စာအုပ်ကြီး ကို ဖုတ်ဖက်ခါ ဆွဲထုတ်လာခြင်း ဖြစ်သည်။ ထိုစီမံခန့်ခွဲမှု လက်စွဲသည် ၎င်းတို့ သက်ဆိုး ရှည်ရေး အတွက်သာ ဦးတည် ပြုစုထားခြင်း မျိုး ဖြစ်ပြီး လူထု၏ သက်သာ ချောင်ချိရေးကိုကား တခုတလေ မျှပင် ထည့်သွင်း စဉ်းစားထားခြင်းမျိုးကား မရှိပေ။

 

၎င်းတို့အဖို့ ပြည်ပ အကူအညီ နှင့် ချေးငွေများလည်း တပြားတချပ်မှ ရရှိ နိုင်စွမ်း မရှိ၍ မဖြစ် ဖြစ်သည့်နည်းဖြင့် လုံးပမ်းကာ ရပ်တည်နေရသည့် အဆင့်တွင်သာ ရှိပေတော့သည်။

 

ယနေ့ တွင် ဗြိတိသျှ အစိုးရမှ မြန်မာရှိ လက်နက်ပွဲစား ကုမ္ပဏီ သုံးခု MYANMAR NEW ERA TRADING COMPANY LIMITED, SKY AVIATOR COMPANY LTD, MYANMAR NEW ERA TRADING COMPANY LIMITED၊ ရုရှား မှ လေယာဉ် အပိုပစ္စည်းနှင့် ရေဒါများ တင်ပို့သည့် ကုမ္ပဏီ သုံးခုအား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်သည့် စာရင်းထဲတွင် ထပ်မံထည့်သွင်းလိုက်ပြန်သည်။ သို့သော် အဓိက ကျသည့် လေယာဉ်ဆီ တင်သွင်းမှုကို ပိတ်ဆို့ဒဏ်ခတ်ခြင်းမျိုး တော့ မရှိသေးပေ။ ထို့အတွက် နိုင်ငံတွင်းရှိ ပြည်သူများသည် ၎င်းတို့ လေကြောင်းမှ တိုက်ခိုက်နေမှုကို ဆက်လက်ခံကြရဦးမည်ဖြစ်သည်။

 

ဇော်မင်းထွန်းက သေဒဏ်ချမှတ်ထားသည့် အမိန့်ကို ပြန်ပြောင်းရန် အကြောင်းမရှိဟု ပြောကြားခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့ မနက်တွင် စီရင်မည်ဆိုသော ကောလာဟလများကို အကျဉ်းထောင် အာဏာပိုင်များက ငြင်းဆိုခဲ့ကြ သည်။ စစ်တပ်အနေဖြင့် တရားဝင် အစိုးရ အဖြစ် ရပ်တည်ပိုင်ခွင့် မရှိသေးသဖြင့် ထိုသို့ လုပ်ပိုင်ခွင့် အာဏာ လုံးဝမရှိဟု ရန်ကုန်ရှိ နိုင်ငံခြား သံရုံးများ အသိုက်အဝန်းတွင် ပြောဆိုနေကြကြောင်း မြန်မာနောင်းတွင် ရေးသားထားသည်။

 

နိုင်ငံတကာ ရှိ အဖွဲ့အစည်းပေါင်း ၁၁၂ ဖွဲ့ကလည်း ထိုလုပ်ရပ်အား ချက်ချင်း ရပ်တန့်ရန် တောင်းဆိုသည့် စာကို လက်မှတ်ရေးထိုး ထုတ်ပြန်လာခဲ့သည်။

 

စစ်ကောင်စီသည် အမျိုးသား ညီညွတ်‌ရေး အစိုးရ အား နိုင်ငံတကာ အလယ်တွင် အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ပုံဖေါ်ရန် ကြိုးစားရင်းက ၎င်းတို့ကိုယ်တိုင် အကြမ်းဖက် သမားများ အဖြစ် ရောက်အောင် ဖန်တီး နေသည့် လုပ်ရပ်များကို ကျူးလွန်နေကြပြီ ဖြစ်သည်။

 

ပုံတွင် ကြာသပတေးနေ့က ၎င်းတို့ မီးရှို့ ဖျက်ဆီးသွားခဲ့သည့် ကယားပြည်နယ် ဖရူးဆိုး မြို့နယ် ဒေါး‌ညေခူ ကျေးရွာရှိ ကက်သိုလစ် ဘုရားရှိခိုးကျောင်းကို တွေ့နိုင်သည်။

 

၎င်းတို့ အဖို့က State Actor နှင့် Non-state actor ကိုပင် ခွဲခြားလက်ခံနိုင်ခြင်း မရှိတော့၊ State Actor ဟု သတ် မှတ်ခံထားရသော အစိုးရမျိုးသည် နိုင်ငံတကာ က ကျင့်သုံးသော ဥပဒေ စံနှုန်း စံထားများကို လက်ခံ ကျင့်သုံးရန် တာဝန်ရှိသည်။ state actor ဟု သတ်မှတ်မခံရသူများနှင့် တုပြိုင်၍ လုပ်၍ မရ ဆိုသည်ကို သိရမည် ဖြစ်သည်။

 

ဗုဒ္ဓဟူးနေ့က နယူးဒေလီတွင် ကျင်းပသည့် အထူး အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုက်ဖူဒင် မှ မြန်မာ ပြဿနာကို ဖြေရှင်းရန် နည်းလမ်း အသစ်များ ဆန်းသစ် တီထွင်ဖို့ လိုအပ်သည်ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။ ထိုသို့ ပြီးပြည့်စုံပြီး အားလုံး ပါဝင်သည့် ငြိမ်ချမ်းရေး နှင့် အမျိုးသား ရင်ကြားစေ့ရေး ရရှိရန် အတွက် အမျိုးသား ညီညွတ်ရေး ညီညွတ်ရေး အစိုးရ (NUG) ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) နှင့် ဆက်သွယ် ဆောင်ရွက်ရန် လိုသည် ဟု ဆိုသည်။ နိုင်ငံအတွင်း ဆိုးရွားလာနေသော အခြေအနေများ ကြောင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်ရန် အာဆီယံ နှင့် ဆွေးနွေး ဖက် နိုင်ငံများ ညှိနှိုင်းပြီး အပူတပြင်း ဆောင်ရွက်ရန် လိုနေ ကြောင်းလည်း ပြောကြားသွားခဲ့သည်။

 

မလေးရှားသည် အာဆီယံ အဖွဲ့အတွင်း ဩဇာတက္ကိမ ရှိသော နိုင်ငံဖြစ်ပြီး ဗိုလ်သန်းရွှေ အုပ်ချုပ်နေသော မြန်မာအား အနောက်နိုင်ငံများ နှင့် အဖွဲ့အစည်း ပေါင်းစုံက အပြင်းအထန် ကန့်ကွက်နေသည့် ကြားမှ မရ ရအောင် အာဆီယံ ထဲ ဆွဲခေါ်သွင်းခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။ လက်ရှိတွင် အာဆီယံ နိုင်ငံများ အတွင်း မြန်မာ စစ်ကောင်စီ ဖက်မှ ပွင့်ပွင့်လင်းလင်း ရပ်တည် ပြောဆိုရဲသည့် နိုင်ငံများ နည်းပါးလာနေပြီ ဖြစ်သည်။ လက်ရှိ မြန်မာ ပြဿနာအားလည်း တရုတ်၊ ရုရှား အပါအဝင် မည်သည့်နိုင်ငံကမျှ ပြည်တွင်းရေး သက်သက်ဟု ပြောဆို ရဲကြခြင်း မရှိတော့ဘဲ ဝိုင်းဝန်း ဖြေရှင်းရန် လိုသည်ကို လက်ခံလာကြပြီဖြစ်သည်။

 

မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူးသည် ဇွန် ၁၇-၂၃ အတွင်း မလေးရှားသို့ ရောက်ရှိလာမည် ဖြစ်ပြီး မြန်မာ အကျပ်အတည်းကို ဖြေရှင်းရန် ‌ဒေသတွင်းရှိ ကုလ အရာရှိများ၊ အခြား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်ဟု သိရသည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!