လူ လော တိရစ္ဆာန် များ လော မခွဲခြားနိုင်တော့

by Hla Soewai - Jun 20 2022

လွတ်လပ်သော အာရှ အသံ မှ ယမန်နေ့က ဖေါ်ထုတ်လိုက်သော အသံဖိုင် နှင့် ပုံရိပ်များသည် ယဉ်ကျေးသော လူ့အသိုက်အဝန်း ကြီး တခုလုံးကို တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ စစ်တပ်၏ ၁၇ လ အတွင်း ကျူးလွန် ခဲ့သော ရက်စက် ကြမ်းကြုပ်သည့် လုပ်ရပ်များ အားလုံးထက် သရဖူ ဆောင်းသွားခဲ့ပြီ ဖြစ်သည်။

 

ပို၍ တုန်လှုပ်ဖွယ် ကောင်းသည်က ထိုသို့ လူများ သတ်ရသည့် အကြောင်းကို လ္ဘက်ရည် ဆိုင်ထိုင်ရင်း ထွေရာ လေးပါး ပြောနေသလို ပြောဆိုနေကြခြင်း ကို မြင်တွေ့ခဲ့ရသည့် အပြင် ပြောစကားများ အရ သတ်ပြီး လူ အရေအတွက် နှင့် သတ်ပုံ သတ်နည်းများကိုပါ အချင်းချင်း ပြိုင်ဆိုင် နေကြခြင်းဖြစ်သည်။

 

ထိုဗီဒီယို ဖိုင်သည် လက်ရှိ စစ်တပ်၏ အတွင်း သရုပ် အမှန် ကို ကွက်ကွက်ကွင်းကွင်း မြင်အောင် လှစ်ဟပြ လိုက်ခြင်းပင် ဖြစ်သည်။ ထိုအဖြစ် အပျက်များသည် မည်သို့မျှ မငြင်းနိုင်အောင် ဖြစ်နေသဖြင့် အမြဲလို လိမ်ညာ ပြောနေရသည့် စစ်တပ်၏ ပြောခွင့်ရ ဇော်မင်းထွန်းပင် RFA ၏ ဆက်သွယ် မေးမြန်းချက်ကို ယခင်လို လုပ်ကြံဖန်တီးမှု သက်သက်ဟု ပြောဆိုနိုင်ခြင်း မရှိတော့ဘဲ မိမိတို့ စုံစမ်းစစ်ဆေးနေပါသည်ဟုသာ ဖြေဆိုခဲ့ရပြီ ဖြစ်သည်။

 

ယခု ကိစ္စသည် လက်နက်မဲ့ အရပ်သားများ non-combatants များကို လက်ပြန်ကြိုး တုပ်၍ သွေးအေးအေး နှင့် ပစ်သတ်ခဲ့သည့် အမှု ဖြစ်ပြီး စစ်မြေပြင်တွင် လိုက်နာရန် ပြဋ္ဌာန်းထားသော မည်သည့် နိုင်ငံတကာ ကျင့်ထုံး နှင့် မဆို အရေးယူ အပြစ်ပေးရမည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှု ကြီးပင် ဖြစ်သည်။

 

ဤသည်ကလည်း နောက်ဆက်တွဲ လိုက်ပါလာမည့် နိုင်ငံတကာ၏ ကျယ်လောင်စွာ အော်ဟစ် ရှုပ်ချ ပြောဆို လာမှု များ ကို ပြေပျောက်လို ပြေပျောက်ငြား ဟန့်တားနိုင်ရန် အတွက်လည်း ဖြစ်နိုင်သည်။ နောက်ပိုင်းတွင် ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော် တို့အား သေဒဏ်စီရင်မည်ဟု ပြောသလို လုပ်သင့်သည့် အချိန်တွင် လုပ်ရသည့် လုပ်သင့်သော လုပ်ရပ်ဟု များ ပြောဆို လာလေမလား ပင် မသိပေ။

 

ယခုအခါ အရင်လို သတ်ပြီး တကူးတက ကျင်းတူးမြေမြှုပ်ပြစ်ရန် မလိုတော့၊ အိမ်များ ရွာများကို စိတ်ရှိ လက်ရှိ မီးရှို့ခွင့် ပြုထားပြီး ဖြစ်သည့် အတွက် ထိုအိမ်များထဲသို့ အလောင်းများကို ပစ်ထည့်လိုက်ရုံသာ ရှိတော့သည် ဆိုသည်ကို ရေဦးမြို့နယ် မုံတိုင်ပင်ရွာ တွင် မေလ ၁၀ ရက်နေ့က ကျူးလွန်ခဲ့ကြသော လူသတ်မှုကြီးမှ သက်သေ ခံနေပြီ ဖြစ်သည်။ သခင်စိုး၏ အလံနီ ကွန်မြူနစ်များ ကျူးလွန်ခဲ့သော ဆင်စွယ်ရွာ လူသတ်မှုကြီးသည် ကလေး ကစားစရာ အဆင့်သို့ ရောက်သွားခဲ့ရသည်။ 

 

မကြာသေးမီကပင် ရေစကြို မြို့နယ် အတွင်း CDM မူလတန်း ကျောင်းအုပ် ဆရာကြီး တဦး၊ အထက်တန်း သူနာပြု ဆရာမ တဦး အပါအဝင် လူ ငါးဦးကို ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်သွားခဲ့သည့် ထိတ်လန့်ဖွယ် အဖြစ်ဆိုးကြီး ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။

 

မည်သို့ပင် ဆိုစေ မင်းအောင်လှိုင်သည် တဖြေးဖြေး နှင့် ဆက်ဒမ် ဟူစိန်၏ ခြေရာလက်ရာ များကို အမှီလိုက် လာနေပြီ ဖြစ်သည်။

 

ထိုအရေးသည် မြန်မာ စစ်ခေါင်းဆောင်များ နောက်သို့ အရိပ်လို ကပ်လိုက်လာတော့မည့် လုပ်ရပ်ကြီးလည်း ဖြစ်သည်။ ၎င်းတို့ အဖို့က လောလောဆယ် တွင် ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော် တို့အား ကြိုးပေး ကွပ်မျက်ရန် ပြင်ဆင်နေချိန်လည်း ဖြစ်နေသဖြင့် ပြစ်မှုများက ဆက်တိုက်ဆိုသလို ကျူးလွန်လာတော့မည့် လက္ခဏာများကို တွေ့နေရသည်။

 

၎င်းတို့ အထူး သတိထား ရမည့် အချက်ကား ထိုသို့ ဘာမဆို လုပ်ရဲတယ် ဟု လူမိုက် သဘောကျ ကြွေးကြော် ကာ လက်နက်မဲ့ ပြည်သူများ အပေါ် အနိုင်ကျင့် ၍ ရက်စက်ယုတ်မာသည့် လုပ်ရပ်များ သုံး၍ ကြောက်အောင် ခြောက်သည်မှာ လွယ်ကူလှသော်လည်း နောက်ပိုင်းတွင် တော်လှန်ရေးကြီး အရှိန်ရလာသည်နှင့် အမျှ ၎င်းတို့ အဖို့ ယခုထက် ပင် ပို၍ ကြမ်းရမ်းလာတော့မည်မှာ သေချာနေသည်။ ထိုအခါတွင်တော့ နိုင်ငံတကာ စင်မြင့်တွင် ၎င်းတို့ အား မျက်စိမှိတ် ထောက်ခံနေသူများ အဖို့ နာမည်ပျက်ခံပြီး ဆက်လက်၍ အကာအကွယ် ပေးဖို့မှာ မဖြစ်နိုင် တော့ပေ။

 

ဆက်ဒမ် နှင့် ကဒါဖီ တို့ သွားသည့် လမ်းသို့ မမှိတ်မသုံ လိုက်သွားကြရတော့မည် ဖြစ်သည်။

 

အဘ များကတော့ အဆင်သင့် ရပ်ထားသော လေယာဉ်ပေါ်တက်၍ ထွက်ပြေးကောင်း ထွက်ပြေး သွားနိုင်သော် လည်း ၎င်းတို့ အား ထောက်ခံခဲ့ကြသည့် အမျိုးသား သစ္စာဖေါက် ကပ်ပါးများအဖို့ ကတော့ မိမိတို့ ကြုံလာရမည့် ကံကြမ္မာ အတွက် ကြိုတင် စဉ်းစားသင့်လှပေသည်။

 

အစဉ်အလာ ကောင်းခဲ့သည့် မြန်မာ တပ်မတော်ကြီးသည် အာဏာရူး ကိုယ်ကျိုးရှာသမားများ၏ လက်ကိုင်တုတ် တပ် အဆင့်သို့ လျောကျသွားခဲ့ရသည့် အဖြစ်မှာ ရင်နာဖို့ ကောင်းလှပေသည်။

 

ထို့အတွက်လည်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အထက်တန်း အကြံပေး ဒဲရက် ရှိုလက်က “လူရမ်းကား တသိုက်” bunch of thugs ဟု ပြောဆို သုံးနှုံးသွားသည်မှာ လက်ရှိ အနေအထား နှင့် ကွက်တိဖြစ်နေသည်။

 

သို့သော် ၎င်းတို့နှင့် အနီးကပ် ဆက်ဆံနေရသော မြန်မာပြည်သူများကတော့ မိမိတို့ လူမျိုး အချင်းချင်း အပေါ် ထိုမျှလောက် ရက်စက်စွာ ပြုကျင့်နေသူများသည် လူစစ်စစ် ဖြစ်သော်လည်း တိရစ္ဆာန်သာသာ အသိ ဉာဏ် မျိုးဖြင့် ပြုမူ ဆောင်ရွက်နေကြသူများ ဖြစ်နေသလား ဟု သံသယ များ ကြီးထွားလာနေပြီ ဖြစ်သည်။

 

ကိုမင်းကိုနိုင်မှ လောလောဆယ် ဓါတ်ပုံပေါင်း ၁၄၄ ပုံ နှင့် ဆယ်မိနစ်ခွဲကြာ ဗီဒီယို ဖိုင်ဟာ မီးတုတ်ကိုင်ပြီး ကမ္ဘာကို စပတ်နေပါပြီ ဆိုသည့်စကားသည် လွန်အံ့မထင်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!