ဝင်္ကာဘာ ထဲက စစ်ခေါင်းဆောင်များ

by Hla Soewai - Jun 21 2022

မြန်မာ ပြဿနာအား ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ နှင့် ကောက်ကျစ်ယုတ်မာမှုများ ရောယှက်နေမှု အဖြစ် နိုင်ငံ ရေး သီအိုရီ လေ့လာသူ များက သတ်မှတ်ခဲ့ပြီ ဖြစ်သည်ဟု ဩစတေးလျှ မဟာဗျူဟာ ပေါ်လစီ အင်စတီကျု ကြီးတွင် ရေးသားခဲ့သည်ကို ဖတ်ရှုခဲ့ရသည်။ ကောက်ကျစ်ယုတ်မာမှု များ နှင့် ပြည့်နှက်နေသော ပြဿနာ မျိုးသည် မည်သို့သော ဖြေရှင်းချက် တခုတလေမျှ ထွက်ပေါ်နိုင်ခြင်း မရှိသည့် အပြင် သူ့အလိုအလျှောက် ဆုံးခန်းတိုင် သွားစရာ မရှိခြင်းဟု အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်။ 

 

လက်ရှိ စစ်အုပ်ချုပ်ရေး သမားများသည် ယခုလို ပြည်သူများ အပေါ် ထပ်တလဲလဲ နှိပ်စက်လာနေခြင်းကပင် အခြေအနေကို နားလည် နိုင်ခြင်းမရှိမှု၊ မည်သို့ မည်ပုံ ကြံဆလုပ်ကိုင်ရမည်ကို မသိမှု၊ မိမိတို့ ပြည်သူများ အပေါ် မည်သို့ အလေးထား ဆက်ဆံရကောင်းမှန်း မသိမှုများကို ပြဆိုနေသည်ဟု ဆိုသည်။

 

ယခုအခါ မြန်မာပြည်နှင့် မိုင်ပေါင်း ထောင်ချီ ဝေးကွာသည့် ဗာတီကန် ရှိ စိန့်ပီတာ ရင်ပြင်တော် ဘုရားကျောင်း တိုက်ကြီး၏ ပြတင်းပေါက်မှ နေ၍ ပုပ်ရဟန်းမင်းကြီး သည် မြန်မာပြည်သူများ ခံစားနေရသော ဒုက္ခ ဆင်းရဲ များ၊ အိမ်များ မီးရှို့ခံရ၍ ထွက်ပြေးနေကြသူများ၏ အော်ဟစ် ငြီးတွားသံများကို မျက်နှာလွှဲခဲပစ် မလုပ်ဘဲ ကူညီပေးကြပါရန် သူ၏ အင်ဂျဲလပ်စ် ဓမ္မ ဒေသနာ များ ရွတ်ဖတ် ပူဇော်ပွဲတွင် နိုင်ငံတကာကို ထပ်မံ ပန်ကြား လာခဲ့၍ ပြည်တွင်းရှိ ပုပ်ရဟန်းမင်းကြီး၏ သားတော်များ က နှစ်ထောင်းအားရ ဖြစ်နေကြပေပြီ။

 

မြန်မာ လူမှု အသိုက်အဝန်း အတွက် အထူးဆုတောင်းပွဲတွင် လူသားတို့၏ ဂုဏ်သိက္ခာ နှင့် အသက်ရှင် နေထိုင် ပိုင်ခွင့် ဆိုသည့် အခြေခံ လူ့ကျင့်ဝတ်များ ကို လေးစားကြပါရန်လည်း တောင်းဆိုသွားခဲ့သည်။

 

ဂျော့ချ် အော်ဝဲလ် က ပစ္စုပ္ပန်ကို ထိန်းချုပ် ထားနိုင်ပါလျှင် အတိတ်ကိုလည်း ထိန်းချုပ် နိုင်စမြဲ ဟူသည့် စကား ရှိလေသည်။

 

လက်ရှိ စစ်ကောင်စီ အုပ်စုသည် လည်း ထိုနည်း နှင်နှင်ပင် ပစ္စုပ္ပန် ကို ထိန်းချုပ်နိုင်ရန် နည်းမျိုးစုံဖြင့် လုံး ပမ်းကာ တုန်လှုပ်ခြောက်ခြားဖွယ်ရာ စစ်ရာဇဝတ်မှု များကို ကျူးလွန်နေကြဆဲ ဖြစ်သည်။ အတိတ်တွင် ကျန်နေရစ်ခဲ့သည့် နေပြည်တော် ခြောက်လုံးတန်းမှလည်း ၎င်းတို့အား ထောက်ခံရှိသာ ရှိပေတော့သည်။ သို့သော် ပြဿနာမှာ ၎င်းတို့ အဖို့ တိုင်းပြည်ကို မည်သို့မည်ပုံ ဆက်လက် အုပ်ချုပ်သွားမည်လဲ ဆိုသည်မှာကား စိတ်ဝင်စားဖွယ် ဖြစ်နေသည်။

 

ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုပ်မှု များ တခုပြီး တခု ထွက်ပေါ်လာနေခဲ့၍ နိုင်ငံတကာ မှ ဝင်ရောက် ဖြန်ဖြေလိုသူများ သိထားရမည်မှာ စစ်တပ် နှင့် အာဏာကို ခွဲဝေ အုပ်ချုပ်သွားရေးသည် မည်သို့မျှ မဖြစ်နိုင်တော့ ဆိုသည်ပင် ဖြစ်သည်။ ထိုအရေးကို ဦးစားပေး လုပ်လာခြင်းသည်ကပင် မြန်မာ ပြဿနာကို ပြီး ပြီးရော ဖြေရှင်းလိုသည့် ရည်ရွယ်ချက်မျိုး နှင့် သာ ဖြစ်ပေလိမ့်မည်။

 

စစ်တပ်ကို မြန်မာ နိုင်ငံရေး မှ ဖယ်ရှား၍ မရစကောင်းဟု ဆိုလာသည့် စစ်ဖိနပ်ကို လျက်ရင်း ဗလုံးဗထွေး ပြောလာသူများလည်း ရှိနေသည်။ ထိုသို့သော လူမျိုးများက defeatist mentality ခေါ် အလွယ်တကူ အရှုံးပေးလိုသူများ ဖြစ်ပြီး ရသမျှ နှင့် ရောင့်ရဲတင်းတိမ်ကာ နိုင်ငံရေး လုပ်စားသွားရန် ရည်ရွယ်သူများသာ ဖြစ်သည်။

 

သို့ဆိုက စစ်တပ်သည် ယခင် ဖွဲ့စည်းပုံ အတိုင်း ၂၅ % ယူ၍ သူတို့ ကန့်ကွက်လိုသည်များကို မတ်တတ်ရပ် ကန့်ကွက် နေသည့် အတိုင်း သွားမည် ဆိုက လက်ခံပေး၍ ရသော်လည်း ယခု ပုံစံအရ ၎င်းတို့ အလိုမကျသည့် အခါ အာဏာသိမ်းယူ၍ လွှတ်တော် အမတ်များအား သတ်ဖြတ် ဖမ်းဆီး ထောင်ကျ လုပ်ခဲ့သော နမူနာများအား ပြသသွားခဲ့ပြီ ဖြစ်သည်။

 

ထိုသို့သော အနေအထား တွင် တိုင်းပြည်အတွက် စိတ်ရင်း စေတနာကောင်းဖြင့် လုပ်ကိုင်ပေးလိုစိတ် ရှိသူများ သည် အဘယ်မှာ နိုင်ငံ‌ရေး လောကထဲ ဝင်ရဲပေမည်နည်း။ ၎င်းတို့အလိုကျ မဲများ အပြည့်ထည့်ပေးကာ သွတ်သွင်း လာမည့် စာချောက်ရုပ် လွှတ်တော် အမတ်များသာ ရှိကြပေတော့မည်။ ၎င်းတို့ အလိုမကျက အာဏာသိမ်းပြစ်မည်ဟူ‌သော ခြိမ်းခြောက်မှု မျိုး နှင့် ကြုံရမည့် တပ်မတော် အား ပစ်ပယ်၍ မရသော နိုင်ငံရေး စနစ် မျိုးပင် ဖြစ်သည်။

 

ထိုအတွက်လည်း ပြည်သူတို့ လိုလားသည့် လွတ်လပ်ခွင့်၊ မိမိတို့ ကြမ္မာကို မိမိတို့ ဖန်တီးနိုင်သည့် စနစ်မျိုး ရနိုင် ပါဦးမည်လော။ နိုင်ငံတကာ အနေနှင့် ထိုသို့ လုပ်ကြံဖန်တီးလာသည့် ဟန်ပြ အုပ်ချုပ်ရေးမျိုးကို လုံးဝ အသိ အမှတ် ပြုမည် မဟုတ်။ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ၊ ဖယ်ကျဉ် ထားမှုများ ဆက်လက် ရှိနေဦးမည်သာ ဖြစ်သည်။ 

 

ယခုအခါ တော်လှန်ရေးကြီး အပြီးတိုင် အောင်မြင်နိုင်ဖို့ စစ်တပ် ဖျက်ဆီးပြစ်ခဲ့သည့် စီးပွားရေး နှင့် လူမှု အခြေခံ အဆောက်အအုံများကို ပြန်လည် ထူထောင် ဖို့ နှင့် လူထု ၏ စိတ်ဒဏ်ရာများကို ကုစားဖို့ အတွက် နှစ်ရှည်လများ အချိန်ယူရဦးမည် ဖြစ်သည့်အပြင် ပြည်ပ အကူ အညီများလည်း လိုအပ်နေသည်။

 

ယခုထက်ထိ တိုင်းပြည်အတွက် ဘာတခုမှ ကောင်းမွန်တိုးတက်အောင် လုပ်ပေးနိုင်ခြင်း မရှိဘဲ ဆင်ဖမ်းမယ် ကျားဖမ်းမယ် အပြောများဖြင့် ၂၀၂၃ တွင် ရွေးကောက်ပွဲ လုပ်ကာ သမ္မတ တက်လုပ် အုပ်ချုပ်သွားမည့် မင်းအောင်လှိုင်၏ စိတ်ကူးစိတ်သန်းများသည် ဆရာဗန်းမော်တင်အောင် ပြောသလို နို့ပင် မပြတ်သေးသည့် ကလေး သူငယ်က မိန်းမပေးစားရန် တောင်းဆိုနေသကဲ့သို့ပင် ရှိပေလိမ့်မည်။

 

၎င်းသည် ငြိမ်းချမ်းရေး အတွက် လာ‌ရောက် ဆွေးနွေးပါရန် ဂဏှာမငြိမ် နောက်တကြိမ် တစာစာ ခေါ်ယူ နေမှုများကိုလည်း စစ်တပ်သည် နိုင်ငံရေး တွင် ပါဝင်နေသရွေ့ လာရောက် ဆွေးနွေးမည် မဟုတ်ဟု တိုင်းရင်းသား လက်နက်ကိုင်များက ပြတ်သားစွာ ပယ်ချခဲ့ကြပြန်သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!