မည်သို့များ အကျိုးအမြတ် ထွက်ပေါ်လာနိုင်သနည်း

by Hla Soewai - Jun 26 2022

မင်းအောင်လှိုင်၏ အာဏာသိမ်း မှုသည် ဗိုလ်သန်းရွှေ ခေတ်နှင့် မတူ ဆိုးရွားသော အနေအထား နှင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။ ဗိုလ်သန်းရွှေ စစ်အစိုးရသည် နိုင်ငံတကာ၏ ဖိအားများ၊ ဖယ်ကျဉ်ခံထားရမှုများ၊ စီးပွားရေး ဒဏ်ခတ်မှုများ လောက်သာ ရင်ဆိုင်ခဲ့ရပြီး ပြည်တွင်း ဆန့်ကျင် တွန်းလှန်မှုများမှာ မဆို သလောက် သာ ရှိခဲ့သည်။


သို့သော် မင်းအောင်လှိုင် အာဏာသိမ်းမှုက ထို့ထက် အဆပေါင်းများစွာ ဆိုးဝါးနေသည့် ပြည်သူတရပ်လုံး၏ ဆန့်ကျင်တွန်းလှန်မှုများ နှင့် ရင်ဆိုင်နေရသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်ပါ ရင်ဆိုင် လာခဲ့ရသည်။


ထိုသို့သော အနေအထားများ အကြားတွင်ပင် နိုင်ငံတော် အတိုင်ပင်ခံအား ယခင် အမည်မသိ နေရာတွင် ထားရှိ နေရာမှ လူသိရှင်ကြား အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းကို ကြည့်မည်ဆိုလျှင် မင်းအောင်လှိုင်မှာ နောက်ကွယ်က အကြံကောင်း ဉာဏ်ကောင်းများ ပေးမည့် ယုံကြည်စိတ်ချရသူ မရှိသည်မှာ ထင်ရှားနေသည်။ သို့တည်းမဟုတ် နတ်ရူး မှော်ရူးများ၏ ဗေဒင်ယတြာများကြောင့်လော၊ မည်သို့ပင် ဆိုစေ သူကိုယ်တိုင်ကလည်း စဉ်းစားသုံးသပ်နိုင်စွမ်း အားနည်းနေသည်မှာ ထင်ရှားစွာ ပေါ်လွင်လာသည့် အချက် ဖြစ်သည်။


ထိုသို့ လုပ်၍ သူ့တွင် နိုင်ငံရေးအရ မည်သို့များ အကျိုးအမြတ် ထွက်သွားနိုင်သည်ကို မည်သူမျှ မစဉ်းစား တတ် အောင် ဖြစ်နေသည်။ ၎င်းတို့အပေါ် ကြိမ်းသေပေါက် တန်ပြန် သက်ရောက်လာမည့် လုပ်ရပ်မျိုး ဖြစ်သည်ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့် ရေး အဖွဲ့ (HRW) က မှတ်ချက်ချခဲ့သည်။ ၎င်းတို့ အထဲတွင်ပင် ထိုသို့ သူ၏ လူမိုက်ဆန်ဆန် လုပ်ရပ်မျိုးကို မလုပ်သင့်သေးဟု ယူဆ နေသူများ ရှိနေမည်ကား သေချာနေပေသည်။



အသေချာဆုံးကတော့ ဒုတိယ ကမ္ဘာစစ်ကို အလှည့် အပြောင်း ဖြစ်သွားစေသည့် ဟစ်တလာ၏ နောက်ထပ် စစ် မျက်နှာအသစ် ဖွင့်ကာ ရုရှားအား ကျူးကျော်တိုက်ခိုက်လာမှု နှင့် အလားသဏ္ဌာန် တူနေသည်ဟုသာ သုံးသပ်၍ ရပေသည်။



စစ်ကောင်စီ နှင့် ဆွေးနွေး၍ နိုင်ငံရေးအရ အဖြေရှာရန် ရနိုင်နေဆဲ ဖြစ်သည်ဟု တွေဝေမိန်းမောနေသူများ အား လှုပ်နှိုးလိုက်ခြင်းလည်း ဖြစ်ပြီး ၎င်းတို့၏ လူမိုက်ဆန်ဆန် အကြမ်းဖက် လုပ်ရပ်များမှာ ပေါ်လွင်ထင်ရှား လာခဲ့ ရသည်။ ကုလ သမဂ္ဂကပင် မိမိတို့ တောင်းဆိုနေမှုများ နှင့် လုံးဝ ဆန့်ကျင်နေသည့် လုပ်ရပ်ဟု ပြောဆိုသွားကြောင်း နယူးယောက် တိုင်းမ် သတင်းစာတွင် ရေးသားထားသည်။



‌နေပြည်တော်ရှိ အသစ်ဆောက်လုပ်ပြီးသွားသော အကျဉ်းထောင်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်အား မည်သည့် နေရာတွင် ထားသည်ကို အတိအကျ မသိရသေးသော်လည်း အနီးစပ်ဆုံး ထောက်ပြနိုင်သည့် ဂြိုလ်တုမှ ရိုက်ကူး ထားသော ပုံရိပ်များက ထွက်ပေါ်လာခဲ့လေသည်။ ဩစတေးလျှ လူမျိုး စီးပွားရေး ပါမောက္ခ ရှောင်တန်းနယ်အားလည်း ထိုနေရာသို့ပင် ပို့ခဲ့သည်ဟု သိရသည်။



နိုင်ငံတကာ အကြပ်အတည်းများ လေ့လာရေး အဖွဲ့ မှ ရစ်ချတ် ဟိုဆေး က သူမအတွက် သီးသန့် ဆောက်လုပ် ထားသည့် အဆောက်အဦး တခု တွင် ရှိနေနိုင်သည်ဟု ဆိုသည်။



သူမအတွက် ယခင်ကလို ကူဖော်လောင်ဖက် ဝန်ထမ်းများ တဦးတလေမျှ မရှိတော့၊ ထိုအစား သူမအတွက် ထောင်ဝန်ထမ်း အမျိုးသမီး သုံးဦးမှ တာဝန်ယူမည်ဟု သိရသည်။


၂၀၁၀ ခုနှစ်အတွင်း အင်္ဂလန်မှ သားဖြစ်သူ လက်ဆောင်ပေးခဲ့သော “တိုက်ချီဒိုး” ဟု အမည်ပေးထားသည့် ခွေးလေးလည်း ပါမလာသည့်အပြင် သူမ၏ နေထိုင်ရသည့် အခြေအနေက ယခင် ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် နေထိုင်ရစဉ်ကထက် လွန်စွာ ကွာခြားသွားခဲ့ရပြီ ဖြစ်သည်။ အကျဉ်းထောင် အရာရှိများက သူမသည် ထောင်ကျ အကျဉ်းသား ဝတ်စုံ ကို ဝတ်ဆင်ရန် နှင့် ထောင်စည်းကမ်းများ အတိုင်း လိုက်နာ နေထိုင်ရလိမ့်မည်ဟု ယူဆရကြောင်း ထုတ်ပြောခဲ့သည်ဟု သိရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် တခါတရံတွင် ကျန်းမာရေးကြောင့် တရားရုံးသို့ မလာနိုင် သည့် အချိန်များ ရှိခဲ့၍ ယခုလို တရားရုံး နှင့် တွဲ၍ တပါတည်း ချုပ်ထားခြင်းမျိုး ဖြစ်နိုင်သည်ဟု နီးစပ်သော ‌ရှေ့နေ အသိုက်အဝန်းမှ ကောက်ချက်ချနိုင်ခြင်းမျိုး သာ ရှိသည်။



မြန်မာ နိုင်ငံရေး အပေါ် လေ့လာသုံးသပ်သူ ဒေးဗစ် မာသီဆန်က “မလိုတမာ စိတ်ဖြင့် အငြိုးထားပြီး ရက်စက်စွာ လုပ်ခဲ့သည်မှာ သံသယ ဖြစ်စရာ မလိုကြောင်း နှင့် သူမ၏ ကျန်းမာရေး လူမှုရေး များကို ဂရုမစိုက် ဆိုသည်ကို သေချာပေါက် ပြဆိုသွားသည့် လက္ခဏ လည်း ဖြစ်သည်” ဟု ဆိုသည်။



သူမအား စိတ်ဓါတ်ရေးရာ အရ တုန်လှုပ်ခြောက်ခြားသွားရန် ရည်ရွယ်ခဲ့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံ သည် အကျဉ်းထောင်ထဲ ရောက်ရှိပြီးနောက်တွင် မတုန်မလှုပ်နှင့် အကောင်းဖက်က ရှုမြင်ပြီး တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခဲ့သည်ကို တွေ့ရကြောင်း နီးစပ်သူများ၏ ပြန်ပြောပြသည်များကို သတင်းများတွင် ဖေါ်ပြခဲ့ကြသည်။ အကျယ်ချုပ် ကျခံနေရသည့် ၁၅ နှစ်လုံးလုံးလည်း ဘုရားဝတ်ပြုခြင်း၊ တရားထိုင်ခြင်း၊ စာအုပ်စာတမ်းများ ဖတ်ရှုခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့သူ ဖြစ်သည်ကို တကမ္ဘာလုံးက သိရှိထားခဲ့ကြပြီး ဖြစ်သည်။



နေ့စဉ်လို နီးပါး ရုံးထုတ်ကာ တရားခွင်တွင် ထိုင်ခိုင်းနေမှုများကြောင့် အသက် ၇၇ နှစ် အရွယ်ရှိသူ တဦးအဖို့ ညောင်းညာ ပင်ပန်းမှုများ ရှိနေမည် ဖြစ်သည်။ ယခုအခါ သူမ၏ ကျန်းမာရေး အတွက် အညောင်းပြေ အညာပြေ အခန်းအပြင်ထွက် လမ်းလျှောက်ခွင့် ရမည် မရမည်၊ စာအုပ်များ ဖတ်ရှုနိုင်ခွင့် ရှိမည် မရှိမည် ဆိုသည်နှင့် ပတ်သက်၍ အသေးစိတ် သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။


ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့ အား ဆန့်ကျင်သူများ အား တံခါးပိတ် အမှုစီရင်ကာ စစ်တပ်ပြောသမျှ အပြစ်ဒဏ်များ စီရင် နေသည့် Kangaroo court မျိုးသာ ဖြစ်ပြီး၊ ယင်းသည် တရားဥပဒေ အတိုင်း မဟုတ်ပဲ နိုင်ငံရေး အရ ဂလဲ့စား ချေခြင်း” ဟု HRW မှ ဖီလ် ရောဘတ်ဆန်က ဆိုသည်။



“လွန်စွာ ရုပ်ဆိုးသည့် လုပ်ရပ်ဖြစ်ပြီး၊ သူမထံမှ တရားမဝင် အာဏာသိမ်းယူခဲ့ယုံမက မဟုတ်တန်းတရား စွပ်စွဲချက်များ ဖြင့် အကျဉ်းထောင် ထဲ ထဲ့လိုက်သည့် လုပ်ရပ်” သာ ဖြစ်သည်ဟု ရန်ကုန် ရှိ ရှေ့နေကြီး တဦးက ပြောကြားခဲ့သည်။

 


တနိုင်ငံလုံး ရှိ မင်းအောင်လှိုင် လက်အောက် ကျ‌ရောက်နေသော ပြည်သူ များက ထိုအတိုင်းပင် ယူဆကြမည်မှာ သံသယ ဖြစ်ဖွယ် မရှိပေ။



သေချာသည်ကတော့ မင်းအောင်လှိုင်သည် သူမအား ထိုနေရာတွင်ပင် တသက်လုံး ထားရှိသွားရန် စိတ်ပိုင်းဖြတ် ထားပုံရသည်။ သို့သော် လောကဓံ ၏ ကြောက်မက်ဖွယ် အလှည့် အပြောင်းကိုကား မည်သူမျှ ကြိုတင် ခန့်မှန်း နိုင်စွမ်း ရှိမည် မဟုတ်ပေ။



ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!