စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (26)

by Hla Soewai - Jun 26 2022

ရွေးကောက်ပွဲ မကောင်းဆိုးဝါးများ တောထုတ်ခန်း (၅)

 

မြန်မာပြည်၏ နိုင်ငံရေး မျက်နှာစာ သည် မှောင်မိုက်နေဆဲ ဖြစ်သော်လည်း တောက်ပသည့် နေရာ တခုက ကွက်ကွက်ကလေး ထွက်ပေါ်လာခဲ့သည်။ ရွေးကောက်ပွဲ အပြီး တပတ်အကြာတွင် ဒေါ်အောင် ဆန်းစုကြည်အား အကျယ်ချုပ်မှ ပြန်လွှတ်ပေးလိုက်သည်။ တက္ကသိုလ် ရိပ်သာ လမ်းရှိ သူမ နေအိမ် ရှေ့တွင် လူများ အပြေးအလွှား ရောက်ရှိလာကြသည်။ သူမကိုယ်တိုင် ခြံတံခါးဝ သို့ ထွက်ပြီး ယခုလို အားပေး ထောက်ခံမှုကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

 

ပြည်ပ အစိုးရများမှလည်း သူမ လွတ်မြောက်လာမှု အပေါ် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။ သမ္မတ အိုဘာမားက “သူမသည် ကျွန်တော်၏ ဟီးရိုး တဦး ဖြစ်နေယုံမျှမက မြန်မာ နှင့် တကမ္ဘာလုံး ရှိ အခြေခံ လူ့အခွင့်အရေး များ တိုးတက်ရရှိလာရေးကို ကြိုးပမ်းနေသူများ အားလုံး အတွက် အတုယူ စံနမူနာ ထားစရာ ဖြစ်ခဲ့ပါတယ်” ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က “သူမသည် မြန်မာပြည်တွင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ ပြန်လည်ရရှိရန် ငြိမ်းချမ်းသောနည်းဖြင့် ရုန်းကန်လှုပ်ရှားခဲ့ပြီး၊ ထို့အတွက်လည်း ကိုယ်ရေးကိုယ်တာ များကို အဆမတန် အနစ်နာခံ စွန့်လွှတ်ပေးလာရဖို့ ကြုံလာရသော်လည်း သူမ၏ မြန်မာပြည်သူများ အပေါ် ထားရှိသည့် ကတိကဝတ်များမှာ အနည်းငယ်မျှပင် ယိမ်းယိုင် ပျက်ပြားသွားခဲ့ခြင်း မရှိပေ” ဟု မှတ်ချက်ချခဲ့သည်။

 

အင်္ဂလန်ရှိ သူမ ခင်ပွန်း၏ မိသားစုကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် သားများကို မြင်တွေ့ခွင့် မရခဲ့သည်မှာ ဆယ်စုနှစ် နီးပါးမျှပင် ရှိခဲ့ပြီး ဖြစ်သည်။ သူမ၏ ခဲအို ဖြစ်သူ အေဒရီယန် ဖီလစ်က “နှစ်ပေါင်းများစွာ သူမထံမှ ဘာသံမျှ မကြားရဘဲ နေလာခဲ့ရပြီး ယခုလို အဆက်အသွယ် ပြန်ရနိုင်တော့မည် ကို သိရ၍ အလွန်ကို ကျေနပ်အားရ ဖြစ်မိပါတယ်၊ အခု သူ့တွင် တခါမှ မြင်တွေ့ခွင့် မရသေးသော မြေးမကလေး ဂျက်စမင်းလည်း ရှိနေပြီ” ဟု ပြောလာသည်။

 

တောင်အာဖရိက တွင် အသားအရောင် ခွဲခြားရေး စနစ်ကို ကူညီ ဖျက်သိမ်းပေးခဲ့သည့် သမ္မတဟောင်း အက်ဖ် ဒဗလျူ ဒီ ကလပ် လို လူမျိုးကပင် “ကျွန်တော်တို့ သူမအား ပြန်လည် လွှတ်ပေး‌ရေးကို နှစ်‌ ပေါင်းများစွာ တောင်းဆိုနေခဲ့ကြတာ ဖြစ်လို့ အခုလို ပြန်လည် လွတ်မြောက်လာတာကို ကြိုဆိုပါတယ်၊ သူမရဲ့ လွတ်လပ်ခွင့် တွေ ရေရှည် တည်တံ့လိမ့်မယ်လို့လည်း မျှော်လင့်မိပြီး ‌အခြေအနေများ ဘယ်လို ပုံစံနဲ့မှ ဆုတ်ယုတ်သွားလိမ့်မယ်လို့ မထင်ကြောင်း” ပြောခဲ့သည်။ အခြားသော သူမကဲ့သို့ ငြိမ်းချမ်း‌ရေး နိုဘဲလ် ဆုရှင်များကလည်း ဝမ်းမြောက် ဝမ်းသာ ရှိခဲ့ကြသည်။

 

သူမသည် အခြေအနေများ နှင့် မည်မျှ အထိ ကင်းကွာနေကြောင်း၊ ပတ်ဝန်းကျင်နှင့်လည်း တသီး တခြားစီ ဖြစ်နေရကြောင်း၊ အချိန်တို အတွင်းမှာပင် သိရှိ သဘောပေါက်သွားခဲ့ရသည်။သူမ အိမ်ရှေ့ လမ်းမပေါ်ရှိ တစိတ်တပိုင်းကို သံဆူးကြိုးများ၊ ကျောက်တုံးများ နှင့် ပိတ်ဆို့ တားမြစ်ထားပြီး လက်နက်ကိုင်ရဲများက စောင့်ကြပ်နေခဲ့သည်။ အကျယ်ချုပ် ကျခံနေရသည့် ကာလများ အတွင်း သူမ၏ မိတ်ဆွေများ၊ လုပ်ဖေါ်ကိုင်ဖက်များ နှင့် ထောက်ခံနေသူများက မဂ္ဂဇင်းများ၊ စာအုပ်များ နှင့် သတင်းများကို ခိုးကြောင်ခိုးဝှက် ပို့ပေးခဲ့ကြရသည်။ သို့သော်လည်း ပြည့်ပြည့်ဝဝ သိခွင့် မရခဲ့ပေ။

 

ဆဲလ်ဖုန်းကိုပင် သူမအတွက် အသစ်အဆန်း ဖြစ်ခဲ့ရသည်။ (သူမသာ မက မြန်မာနိုင်ငံ အတွက်လည်း အလားတူပင် ဖြစ်သည်)၊ ဆက်သွယ်ရေး ကဏ္ဍ သည် ခေတ်သစ်ကြီးသို့ လှမ်းဝင်လာခဲ့သည်ကို သိရှိနိုင်ခဲ့စွမ်း မရှိပေ။ သူမ၏ ဓါတ်ပုံအား အချို့လူများက ဆဲလ်ဖုန်းများ သုံး၍ ရိုက်ယူနေသည်ကို ပင် ဘာလုပ်နေမှန်း မသိ၍ ရှင်းပြခဲ့ကြရသည်။

 

ဒေါ်အောင်ဆန်းစုကြည် အဖို့က ဒါတွေ သိမြင် ကြားလာရလေ သူမ မည်မျှ အထိ အပြင်လောကနှင့် ကင်းကွာနေရသည် ဆိုသည်ကို တွေးမိလာပြီး စိတ်ထဲတွင် ဝမ်းနည်းသလို ဖြစ်လာခဲ့သည်။ မြန်မာ ပြည်ရှိ လူငယ်များ နှင့် အတော်လေး အဆက်အသွယ် ပြတ်ခဲ့ရသည်ကို သိရှိ ခံစားခဲ့ရသည်။ ထို့ကြောင့် အမေရိကန် သံရုံးကို ဆက်သွယ်လာပြီး အမေရိကန် စင်တာ သို့ လာရောက်လေ့ရှိသော လူငယ်များ နှင့် တွေ့ဆုံနိုင်ရန် တောင်းဆိုလာခဲ့သည်။ လူငယ်များ နှင့် အတူ ထိုင်ပြီး သူတို့ ပြောပြသည့် ကမ္ဘာကြီး အကြောင်း၊ သူတို့စိတ်ထဲတွင် ဖြစ်ပေါ်နေသော စိုးရိမ်ကြောင့်ကြမှုများ၊ အနာဂတ် အတွက် သူတို့လေး တွေ၏ မျှော်လင့်ချက်များကို တလေးတစား နားထောင်ခဲ့သည်။ သူမအတွက်လည်း ရှေ့လျောက် ဘာလုပ်ရမည် ဆိုသည့် အသိတရားများ နိုးကြွလာစေခဲ့ရသည်။

 

တိုးတက်မှု အလင်းရောင်လေး မှိတ်တုတ် မှိတ်တုတ် ထွက်ပေါ်လာခဲ့ပြီ

 

မြန်မာတွင် အခြေအနေများ ပြောင်းလဲ လာနေပြီ ဖြစ်သည်။ နိုင်ငံ၏ သမ္မတ အသစ် သိန်းစိန်သည် ၂၀၁၁ မတ်လ တွင် တာဝန်များကို စတင် ထမ်းဆောင်လာခဲ့သည်။ နိုင်ငံကိုလည်း ယခင် စစ်ခေါင်း ဆောင်များကဲ့သို့ ငြီးငွေ့ဖွယ်ကောင်းသည့် လုပ်ဇာတ်များလို မဟုတ်ဘဲ နိုင်ငံ‌ရေး ပြုပြင် ပြောင်းလဲ ရေးများ စပြီး လုပ်ပေးတော့မည်ကို ပြောလာခဲ့သည်။

 

ပထမ ခြောက်လ အတွင်းမှာပင် သိန်းစိန်သည် နိုင်ငံရေး အရ သဘောကွဲလွဲသူများ၊ အင်ဂျီအို များ နှင့် ထိတွေ့ပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကူအညီပေးကြပါရန် ဖိတ်ခေါ်ခဲ့သည်။ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်ကို တည်ထောင်ပေးခဲ့ကာ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စများ ဆွေးနွေး ပြောဆိုလာခဲ့သည်။ EAO များ ထံ လက်ကမ်းခဲ့ပြန်ပြီး သမဂ္ဂများ ဖွဲ့စည်းခွင့် ပြုလာခဲ့သည်။ မီဒီယာ များ အပေါ် ကန့်သတ်ခွင့် များ လျော့ပေါ့ပေးခဲ့သည်။

 

အားလုံး အတွက် တုန်လှုပ်သွား မတတ် အံ့ဩစရာ ကောင်းခဲ့ရသည်ကား ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ဩဂုတ်လတွင် တကယ်တမ်း တွေ့ဆုံကာ ဆက်ဆံရေး ထူထောင်လာခဲ့သည်။ ယခင်က SPDC သည် သူမနှင့် တွေ့ဆုံရန် မကြာခဏ ငြင်းဆန်ခဲ့ရုံမက ရုပ်ပျက် ဆင်းပျက် နိုင်လှသည့် အလိမ်အညာ ကောလာဟလများပင် ဖြန့်ဖြူးခဲ့ကြသည်။ ထိုအထဲတွင် သူမအား “ပြည့်တန်ဆာ”၊ “ပြည်ပ ဩဇာခံ လက်ကိုင်တုတ်” အစရှိသည်တို့ပင် ပါဝင်ခဲ့သည်။

 

ထို့အတွက် သူတို့နှင့် တွေ့ဆုံခဲ့မှုတိုင်းသည် မည်သို့မျှ အကျိုးထူး ဖြစ်မလာဘဲ အဓိပ္ပါယ် ကင်းမဲ့ခဲ့ရ သည်ချည်း ဖြစ်ခဲ့ရသည်။ ၂၀၁၁ ဩဂုတ်လကုန်ပိုင်းတွင် အမေရိကန် သံအမတ်ကြီး အဖြစ် ဒဲရက် မစ်ချယ် ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ နိုင်ငံအတွင်း သူမြင်တွေ့ ကြားသိ လာရသည့် အကြောင်းများ ကို တီးခေါက် စုံစမ်းခဲ့သည်။ သူမထံမှ ပို၍ ရှင်းလင်း ပြတ်သားသည့် သဘောထား မျိုး သိရှိမှသာ လက်တွေ့ အနေအထား နှင့် မကိုက်ညီသော အကောင်းဖက်က ရှုမြင် နေမှုများကို ဖယ်ထုတ်နိုင်မည်လည်း ဖြစ်သည်။ ဒဲရက်သည် မြန်မာပြည်ဆိုင်ရာ အထူး ကိုယ်စားလှယ် နှင့် ပေါ်လစီ ရေးရာ ညှိနှိုင်းရေး တာဝန်ခံ အဖြစ် မကြာသေးမီကမှ အတည်ပြု ခန့်အပ်ထားခြင်း ခံခဲ့ ရသူလည်း ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည် သည် လက်ရှိ အနေအထားကို သတိကြီးစွာ ထား၍ အကောင်းဖက်က ရှုမြင် ခဲ့သူ ဖြစ်သည်။ သူမ နှင့် သမ္မတ သိန်းစိန်၏ ဆက်ဆံရေးသည်လည်း အပြုသဘော ဆောင်သည့် လက္ခဏာများ နှင့် တိုးတက်မှုများ ရရှိလာခဲ့သည်။ NLD အား နိုင်ငံရေး ပါတီ အဖြစ် ပြန်လည် မှတ်ပုံ တင်ပြီး လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် အလားအလာများကိုပင် စတင် ဆွေးနွေးလာခဲ့သည်။ အစိုးရ အဖွဲ့ တွင် လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဝန်ကြီးအဖြစ် ခန့် အပ်ခဲ့မှုကြောင့် လွှတ်တော်နေရာ ၄၄ နေရာ လစ်လပ်သွားခဲ့သည်။

 

သူမ ဖက်မှ ရွေးကောက်ပွဲ နှင့် ပါတီအား ပြန်လည် မှတ်ပုံတင်ရေး အတွက် သူမ၏ ခံယူချက် အပေါ် အမေရိကန်ရှိ ပေါ်လစီ ရေးဆွဲသူများက အထူးတလည် စိတ်ဝင်စားလာခဲ့သည်။ သိန်းစိန် အစိုးရမှ NLD အား နိုင်ငံရေး စင်မြင့်သို့ ပြန်လာခွင့်ပြုရန် လမ်းခင်း ပေးလာမှုအတွက် လွန်စွာ အရေးပါသော လုပ်ရပ်အဖြစ် ခံယူခဲ့သည်။ သိန်းစိန် အတွက်လည်း လွန်စွာ စွန့်စားရသော ကိစ္စ ဖြစ်လာပြီး နိုင်ငံတ ကာမှ တောင်းဆိုနေမှုများ ကို စတင် ဖြည့်ဆည်းပေးလာမည့် ခြေလှမ်း လှမ်းလာခဲ့ခြင်းမျိုးလည်း ဖြစ်နေသည်။