စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (27)

by Hla Soewai - Jun 27 2022

ရွေးကောက်ပွဲ မကောင်းဆိုးဝါးများ တောထုတ်ခန်း (၆)

 

၂၀၁၂ ဧပြီလ ထဲတွင် အသစ် ပြန်လည် မှတ်ပုံတင်လာသော NLD နှင့် ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်သည် ၁၉၉၀ ရွေးကောက်ပွဲ မကောင်းဆိုးဝါး ကြီးကို တောထုတ်ရန် ပထမ ခြေလှမ်းကို စတင် လှမ်းလာခဲ့သည်။ ဤသည်က အစိုးရသစ်တွင် ဝန်ကြီးများ အဖြစ် ဆွဲယူ ခန့်အပ်ခဲ့ခြင်းကြောင့် လစ် လပ်သွားသော နေရာများ အတွက် ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင် လာခဲ့ခြင်းပင် ဖြစ်သည်။

 

ယှဉ်ပြိုင်ရမည့် နေရာ စုစုပေါင်းသည် ငါးဆယ် ပင် မပြည့်သော်လည်း သိန်းစိန် အစိုးရ အတွက် အရေးပါသော အစမ်းသပ်ခံပွဲလည်း ဖြစ်လာသည်။ ယုံကြည်ရသော ရွေးကောက်ပွဲ ပြုလုပ်ပေးနိုင်မှု နှင့် အနိုင်ရရှိသည့် NLD အား အမတ် နေရာ ယူခွင့် ပြုမပြု ကို စောင့်ကြည်ရဖို့ ဖြစ်လာသည်။

 

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများသည် အလုံးစုံ ချောမွေ့ခဲ့ခြင်းတော့ မရှိ၊ ရွေးကောက်ခံ ကိုယ်စား လှယ်များ အား ခြိမ်းခြောက်က်ခံရမှု၊ ရွေးကောက်ပွဲ ပိုစတာများ ဖျက်ဆီးခံရမှု၊ မဲ များ ဝယ်ယူမှု၊ မဲဆန္ဒရှင် စာရင်းတွင် သေဆုံးသွားသူ အမည်များ ဖြည့်တင်းလာမှု အစရှိသည့် မသမာမှုများ ကို NLD က ထောက်ပြလာခဲ့သည်။

 

ပြုပြင်ပြောင်းလဲရေး ကို နဂိုကတည်းက သံသယ ရှိနေသူများက သိန်းစိန် အစိုးရသည် “ပုလင်း အသစ်ထဲ ပြောင်းထည့်လာသည့် ဝိုင်အရက်ဟောင်း” ဟု ကင်ပွန်းတပ် ဝေဖန်လာကြသည်။ စစ်အစိုးရ နေရာ အစားထိုး ဝင်ရောက်လာသူများသည် လူထုကို ပြုပြင် ပြောင်းလဲရေး များ လုပ်တော့မည်ဟု အယောင်ဆောင် နှစ်သိမ့် လှည့်ဖျားပြီး တဖက်ကလည်း ဒီမိုကရေစီ လိုလားသည့် အင်အားစုများကို ချေမှုန်းရန် ကြိုးစားနေမှု အဖြစ် ပြောဆိုလာကြသည်။

 

ဒဲရက်သည် အစိုးရက ယုံကြည်နိုင်လောက်သည့် ရွေးကောက်ပွဲမျိုး ကျင်းပပေးရန် တိုက်တွန်း လာခဲ့ပြီး လူထု က ယုံကြည်ရလောက်သည်ဟု လက်ခံမှသာ အမေရိကန် အစိုးရ အနေဖြင့် ရလဒ်ကို ထောက် ခံသွားမည်ဟု အသိပေးခဲ့သည်။ ရွေးကောက်ပွဲ ပြုလုပ်သော နေ့သည် ဒီမိုကရေစီ လုပ်ငန်းစဉ် တခု လုံး၏ ပထမ ခြေလှမ်း လှမ်းခြင်း အဖြစ် မှတ်ယူသွားမည်ဟု ဆိုပြီး အစိုးရ အနေဖြင့် အနိုင်ရရှိ သူများကို လွှတ်တော်တွင် ကိုယ်စားပြုနိုင်ခွင့် အာဏာ လွှဲပြောင်းပေးရန် လိုအပ်နေဆဲပင် ဖြစ်သည်။

 

ထိုသို့ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်လာနေသည့် ကြားမှ ဧပြီလ ၁ ရက်နေ့တွင် ရွေးကောက်ပွဲ ဖြစ် မြောက်လာခဲ့သည်။ အခြေအနေများ က အတော်လေး အဆင်ပြေစွာ ပြီးဆုံးသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ လုပ်ဖေါ်ကိုင်ဖက် ၄၂ ဦးစလုံး အနိုင်ရရှိသွားခဲ့သည်။ ဤသို့ဖြင့် လူထု၏ ၂၁ နှစ်ကြာ မက်ခဲ့သော အိမ်မက် ကို ဖြည့်ဆည်းနိုင်ဖို့ ခြေတလှမ်း ရှေ့တိုးလာခဲ့ပြီ ဖြစ်သည်။

 

ချီးကျူးဂုဏ်ပြုမှုများ မှာ တရဟော လှိမ့်ဝင်လာခဲ့သည်။ အမေရိကန် ၏ ကုလ သံအမတ်ကြီး ဖြစ်သူ ဆူဆန် ရိုက်စ် က “မြန်မာ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ မှုများသည် တောင့်တင်း ခိုင်မာအောင် ပြုလုပ်နိုင်မည့် လမ်းကြောင်းပေါ်သို့ တက်ရောက်လာသော အရေးပါသည့် ခြေလှမ်းတရပ်” အဖြစ် ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။ အထက်လွှတ်တော် အမတ် ဂျင် ဝက်ဘ် ကလည်း ‌ဒေါ်အောင်ဆန်း စုကြည် နှင့် သိန်းစိန် တို့ နှစ်ဦးစလုံးအား ပြုပြင် ပြောင်းလဲရေး ဖေါ်ဆောင်ရန် အားထုတ် ဆောင်ရွက် နေမှုများ အတွက် ချီးကျူးခဲ့သည်။

 

ဂျင်ဝက်ဘ် သည် ရွေးကောက်ပွဲ အပြီး တွင် မြန်မာသို့ ရောက်ရှိလာပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အထင်ကရ ပုဂ္ဂိုလ်များ နှင့် တွေ့ဆုံ စကားပြောခဲ့ပြီး ထိုသို့ ဖြစ်ပေါ်တိုးတက်လာမှုများကို မြန်မာ့သမိုင်း  ၏“နက်ရှိုင်းစွာ အရေးပါခဲ့သည့် ကာလ” အဖြစ် ခေါ်ဝေါ် ပြောဆိုခဲ့သည်။

 

မြန်မာ အရေးကို အမြဲလို အနီးကပ် စောင့်ကြည့်နေသည့် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း သည်လည်း “မြန်မာ အတွက် သမိုင်းတွင်မည့် အချိန် ကာလ ဟု ပြောလို့ရပြီး လေဒီ အနေဖြင့်လည်း သူမ နိုင်ငံသားများ၏ ရွေးချယ်တင်မြှောက်ခံ ခေါင်းဆောင်အဖြစ် နေရာမှန်ကို နောက်ဆုံးတွင် ရောက် ရှိလာခဲ့ရပြီ” ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

မက်ကိန်း နှင့် ဝက်ဘ် တို့ နှစ်ဦးစလုံးက အမေရိကန်မှ ပြဋ္ဌာန်းထားသော ပြင်းထန်သည့် စီးပွားရေး ဒဏ်ခတ်မှုများကို ပြန်လည် သုံးသပ်ပြီး လျော့ပေါ့ပေးရန် တောင်းဆိုခဲ့ကြသည်။ နှစ်ပေါင်းများစွာ ချမှတ် ကျင့်သုံးလာခဲ့သည့် အရေးယူ ဒဏ်ခတ်မှုများအား ဖယ်ရှားပေးရန် ပြောဆိုခဲ့သည်အထိ ဖြစ်လာခဲ့ခြင်းသည် တွေး၍ပင် မဖြစ်နိုင်ခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ ပါတီသည် တရားဝင် ကိုယ်စားပြုခွင့် ရရှိလာခြင်းသည် မျှော်မှန်း၍ပင် မဖြစ်နိုင်စရာ ဖြစ်နေသည်။

 

သို့သော် အရာရာတိုင်းသည် တကယ်တမ်း ပြောင်းလဲမှုများ ဖြစ်လာဖွယ် ရှိနေသည်။

 

ဒီမိုကရေစီ အစမ်းသပ်ခံ ပွဲ တပွဲ အတွက် ပြင်ဆင်လာခြင်း

 

မြန်မာ နိုင်ငံ အဖို့ ဒီမိုကရေစီ နှင့် ပတ်သက်ပြီး အကြီးကျယ်ဆုံး အစမ်းသပ်ခံမည့်ပွဲက မကြာမီ ကာလ အတွင်း ရောက်ရှိလာတော့မည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးပင် ဖြစ်သည်။ ထိုအချိန်တွင် မိမိသည် အစိုးရ တာဝန်မှ နှုတ်ထွက်ပြီး “အင်းလေး အကြံပေး ဂရု” အမည်ဖြင့် ကိုယ်ပိုင် အတိုင်ပင်ခံ ကုမ္ပဏီ တခု တည်ထောင် လုပ်ကိုင်နေပြီ ဖြစ်သည်။ ထို့အတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ သို့ သွားပြီး ကိုယ်တိုင်ကိုယ်ကျ လေ့လာ အကဲခတ်ရန် ပြင်ဆင်ထားပြီးလည်း ဖြစ်သည်။

 

ယခင် SPDC အစိုးရ အဖွဲ့ဝင်ဟောင်း တဦး ဖြစ်သည့် တင်အေး ဦးဆောင်သော ရွေးကောက်ပွဲ ကော်မရှင် အဖို့လည်း အကြီးအကျယ် ဖိအားပေးလာမှု များ နှင့် ကြုံလာနေရပြီ ဖြစ်သည်။ ရွေးကော်သည် နိုင်ငံတကာ အင်ဂျီအို များ နှင့် ပြည်ပ အစိုးရများထံမှ ထောက်ခံအားပေးမှု များ ရရှိထားပြီး ဖြစ်သော်လည်း ရွေးကောက်ပွဲ နှင့် ပတ်သက်၍ မျှော်လင့်ထားမှုများ မြင့်မားနေပြီး အမှားခံ၍ မဖြစ်သည့် အနေအထား ရောက်ရှိလာခဲ့သည်။

 

တင်အေးသည် နိုင်ငံတကာ အသိုက်အဝန်း၊ လှုပ်ရှားတက်ကြွသူများ နှင့် ၎င်း၏ အစိုးရ တို့က အားမလို အားမရ ပြောဆိုခံခဲ့ရသည်။ ရွေးကော်သည် ရွေးကောက်ပွဲ ပြုလုပ်မည့်နေ့ကို ၂၀၁၅ နိုဝင်ဘာ ၈ ရက် နေ့ ကို သတ်မှတ်လိုက်သည်။ လေ့လာစောင့်ကြည့်ရန် ကာတာ စင်တာ နှင့် အီးယူ တို့ကို ဖိတ်ခေါ် ခဲ့သည်။ ဤသည်က နိုင်ငံ၏ ၆၅ နှစ် သက်တမ်း အတွင်း ပထမဆုံးအကြိမ် အဖြစ် အနောက်တိုင်းမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ကို ခွင့်ပြုလာခဲ့ခြင်းဟု ဆိုရမည် ဖြစ်သည်။

 

နောက်ပိုင်းတွင် အခြား အဖွဲ့အစည်းများအားလည်း ထပ်မံ ဖိတ်ခေါ်လာခဲ့သည်။ ထိုအထဲတွင် နိုင်ငံ တကာ ရီပတ်ဘလီကင် အင်စတီကျု၊ နေရှင်နယ် ဒီမိုကရက်တစ် အင်စတီကျု၊ ရွေးကောက်ပွဲ စနစ် ဆိုင်ရာ နိုင်ငံတကာ ဖေါင်ဒေးရှင်း နှင့် ကုလ နှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်းများ၊ တက္ကသိုလ် ကြီးများ မှ ပုဂ္ဂိုလ်များအားလည်း ဖိတ်ခေါ်ခဲ့သည်။

 

သို့သော်လည်း ရွေးကော်သည် ၎င်းတို့၏ လုပ်ရပ်များကြောင့် နောက်ပိုင်းတွင် နိုင်ငံတကာ၏ ဝေဖန်မှု ကို ခံလာရသည်။ ရွေးကော်သည် မူဆလင် ကိုယ်စားလှယ်လောင်း အားလုံးနီးပါးနှင့် ဒီမိုကရေစီ အရေး လှုပ်ရှား တက်ကြွသူ အချို့ကို ရွေးကောက်ပွဲ ဝင်ရောက်ခွင့် သတ်မှတ် အရည်အချင်း မပြည့်မှီဟု ဆိုကာ ပယ်ချပြစ်ခဲ့သည်။ ရိုဟင်ဂျာ မူဆလင်များအား ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခွင့် ပြုခဲ့သော် လည်း ယခုအခါ မဲဆန္ဒရှင် စာရင်းမှ ဖယ်ထုတ်ခဲ့ပြန်သည်။