စစ်တပ် ရင်ဆိုင်နေရသော စိန်ခေါ်မှုကြီး ခုနှစ် ခု

by Hla Soewai - Jun 27 2022

ထိုအချက်များကို အမေရိကန်ရှိ ဝုဒ်ရိုး ဝီလ်ဆန် စင်တာ တွင် အာရှ ရေးရာများ ကို သွားရောက်လေ့လာနေသူ တကောင်း အင်စတီကျု ၏ အမှုဆောင် ဒါရိုက်တာ ဦးရဲမျိုးဟိန်း မှ ဧရာဝတီ နှင့် တွေ့ဆုံခန်းတွင် ယခုလို ထောက်ပြသွားခဲ့သည်။

 

(၁) စစ်တပ်သည် ကျစ်လစ်တောင့်တင်းစွာ ဖွဲ့စည်းထားသည်ဟု အမြဲလို ပြောနေသော်လည်း နိုင်ငံရေး တွင် တောက်လျှောက် ပါဝင်ပတ်သက်နေ၍ အတွင်းမှ လှိုက်စားလာနေကာ ယခုလို အကျပ်အတည်းကြီးနှင့် ရင်ဆိုင်လာရချိန်တွင် ဖုံးမရ ဖိမရ ထွက်ပေါ်လာနေမှု။

(၂) နိုင်ငံတကာ မျက်နှာစာ တွင် မကြုံစဖူး လောက်အောင် အကြီးအကျယ် ဖိအားပေးခံနေရပြီး ယခုအချိန်အထိ တရားဝင် ရပ်တည်ခွင့် မရသေးမှု။

(၃) တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ သာမကတော့ပဲ ပြည်သူတရပ်လုံး နှင့် ရင်ဆိုင်တိုက်ခိုက်လာနေရမှု။

(၄) စစ်မျက်နှာ ပေါင်းစုံ ဖွင့်၍ တိုက်ခိုက်လာနေရ၍ မနိုင်ရင်ကာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာရမှု။

(၅) အချို့သော အရာရှိ အရာခံ အကြပ်တပ်သားများက မင်းအောင်လှိုင်၏ ခေါင်းဆောင်မှုကို မေးခွန်းထုတ်လာကြမှု။

(၆) အာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူများ အပေါ် ရန်သူလို ကျင့်ကြံလာပြီး အမှားများကို ဆက်တိုက် ကျူးလွန်နေမှု။

(၇) ၎င်းတို့ တွက်ဆမထားသည့် ပြည်သူတို့၏ လက်နက်ကိုင် အုံကြွ တော်လှန်မှုများ ရုတ်ခြည်း ဆိုသလို ပေါ်ပေါက်လာပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အင်အား တောင့်တင်းလာနေမှု။

အစရှိသည်တို့ ဖြစ်သည်ဟု အပိုအလို မရှိ ထောက်ပြသွားခဲ့သည်။

 

ထိုသို့ သော အနေအထားမျိုး နှင့် တွဲလွဲခိုနေရသော စစ်တပ်အား မိမိတို့ မှ အင်နှင့် အားနှင့် ဆောင့်တွန်းနိုင်လျှင် တော်လှန်ရေးကြီး အောင်မြင်မည် ဖြစ်သည်။

 

နိုင်ငံတော် အတိုင်ပင်ခံ အား စစ်တပ်မှ အကျဉ်းထောင်ထဲတွင် သီးသန့် ချုပ်နှောင်ထားမှု အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန အကြံပေး ဒဲရက် ရှိုလက် မှ ရှုတ်ချကြောင်း သူ၏ တွစ်တာ တွင် ရေးသား ဖေါ်ပြ ခဲ့သည်။

 

မြန်မာ အနေဖြင့် ဒီမိုကရေစီ လမ်းကြောင်း ပေါ် မဖြစ်မနေ ပြန်၍ သွားရမည်ဟု လည်း ဖေါ်ပြထားသည်။

 

အဆိုပါ တွစ်တာ တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း နှင့် အွန်လိုင်း မှ တဆင့် တွေ့ဆုံခဲ့သည့် အကြောင်း ဓါတ်ပုံ နှင့် တကွ ဖေါ်ပြထားသည်။

 

အမေရိကန်သည် မြန်မာ အ‌ရေးကို စိတ်ဓါတ်ရေးရာ အရ ထောက်ခံမှု ပေးနေသည့် အဆင့် ထက်တော့ မပို သေးပေ။

 

အာဆီယံ ၏ အထူး သံတမန် ကမ္ဘောဒီယား နိုင်ငံခြားရေး ဝန်ကြီး ပရပ် ဆော့ဟွန်း ရောက်ရှိမလာမီ တပတ်အလို တွင် နိုင်ငံတော် အတိုင်ပင်ခံအား ယခုလို စီမံ လိုက်ခြင်း လည်း ဖြစ်သည်။

 

အာဆီယံ အဖို့ အရှက်ကွဲပြီးရင်း ကွဲနေရပြီး မြန်မာ အရေးအား မိမိတို့ ဖြေရှင်းနိုင်စွမ်း မရှိတော့ပါဟု တရားဝင် ထုတ်မပြောရုံ တမယ် အဆင့်သာ ရှိပေတော့သည်။

 

ထိုသို့ စစ်တပ်က အာခံရဲနေသည်မှာလည်း ၎င်းတို့ နောက်ကွယ်တွင် ရုရှား နှင့် တရုတ်မှ သံတမန်ရေး အရ ထောက်ခံမှု ပေးနေသောကြောင့် ဖြစ်သည်။

 

နိုင်ငံတော် အတိုင်ပင်ခံ အပေါ် မင်းအောင်လှိုင်သည် ထိုသို့ ကျုးလွန်လာခဲ့ခြင်းမှာလည်း ရှုံးမဲ မဲလာသည့် လုပ်ရပ်မျိုးထက် မပိုပေ။ နိုင်ငံတကာရှိ မြန်မာတို့ကလည်း အွန်လိုင်း မှ တဆင့် “အရှုံးမပေးနဲ့ မိငယ်” သီချင်းကို သံပြိုင်သီဆိုကာ နိုင်ငံတော် အတိုင်ပင်ခံ ကို အားပေးခဲ့ကြသည်။

 

အင်အားကြီး နိုင်ငံများသည် ယခုလို ကမ္ဘာအဖွဲ့အစည်းကြီး ဖြစ်သည့် ကုလ စင်မြင့်ကို အသုံးချကာ တပည့်မွေး နေသည့် လုပ်ရပ်များကြောင့် ကုလ သမဂ္ဂ အဖွဲ့ ကြီးသည်လည်း ကြက်ခြေနီ အဖွဲ့ သာသာ အဆင့်သို့ လျောကျ လာနေသည်။

 

ထို့အတွက်ကြောင့်လည်း ကုလ လူ့အခွင့်အရေး ကျွမ်းကျင်သူ တွန် အင်ဒရူးက ကုလ လုံခြုံရေး ကောင်စီ၏ မြန်မာ အရေး အပေါ် မည်သို့မျှ အရေးမယူ နိုင်ခဲ့ခြင်းသည် “ကိုယ်ကျင့် သိက္ခာ ပျက်ယွင်းမှု” ဟု ကင်ပွန်းတပ် ပြောဆိုသွားပြီ ဖြစ်သည်။

 

မြန်မာပြည်အတွင်း တနေ့တခြား အခြေအနေများ ဆုတ်ယုတ်လာသည်နှင့် အမျှ လူငယ်များလည်း အနာဂတ် ပျောက်နေကြပြီ ဖြစ်ကြောင်း အင်ဒရူးက ထောက်ပြခဲ့သည်။

 

မိမိတို့ ရင်သွေးများ ထိုသို့ ဖြစ်နေမှုကို လူထုကြီးသာမက စစ်တပ် အတွင်း အောက်ခြေ အရာရှိ အရာခံ အကြပ် တပ်သားများလည်း မရိပ်စားမိဘဲ နေကြမည် မဟုတ်။ သို့သော် ၎င်းတို့ဖက်က အခြေအနေများ ထိန်းချုပ်နိုင်ပြီး ပုံမှန် ပြန်ဖြစ်လို ဖြစ်ငြား တင်းခံနေကြခြင်းသာ ဖြစ်သည်။ ပုံမှန် အနေအထားမျိုး မရောက်အောင် ရှောင်ရှား ခြင်းသည်လည်း တော်လှန်ရေးကို ထိရောက်စွာ ကူညီ ရာ ရောက်ပေသည်။

 

စစ်ကောင်စီ၏ ထင်ရာမြင်ရာ ကြံဆ ကာ အမိန့်အမျိုးမျိုး ထုတ် အုပ်ချုပ်နေမှုကြောင့် တိုင်းပြည်သည် တနေ့ တခြား ယိုယွင်းပျက်စီး လိုက်လာနေပြီ ဆိုသည်ကို ထမင်းစားပြီး ကြီးသူတိုင်း သိကြသည်။

 

သို့သော် အမာခံ ထောက်ခံနေသူများက ထိုအခြေအနေကို မသိ၍တော့ မဟုတ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအား နဂိုကတည်းက သွေးခွဲခံထားရ၍ ဆန့်ကျင်လိုစိတ်များ ပြင်းထန်ကာ အာဏာပြန်၍မရအောင် အပြင် အခြေအနေ ပြန်ကောင်းလာသည် နှင့် အမျှ စစ်တပ်သည် တိုင်းပြည်ကို တိုးတက်အောင် လုပ်ပေးနိုင်မည်ဟု ထင်နေကြသောကြောင့် ဖြစ်သည်။ သူတို့ အဖို့က ထိုအနေအထားကို ပြန်ရောက်ရန် တော်လှန်ရေး အင်အားစု များကို ချေမှုန်းနိုင်မှ ဖြစ်မည်ဟု ယုံကြည်နေကြသည်။

 

အလယ်အလတ် ထောက်ခံနေသူများ၊ စီဒီအမ် မပါဝင်သူများသည် လည်း လိုလိုလားလား ရှိကြ၍ တော့မဟုတ်၊ မိမိတို့ ရေတို အဆင်ပြေရေးလောက်သာ တွက်ဆပြီး သားစဉ်မြေးဆက် လူတန်းစေ့ မနေနိုင်တော့မည့် အဖြစ်ကို လစ်လျူရှုကာ အကြောက်တရားနှင့် နိုင်မည် ထင်သည့် ဖက်မှ ရပ်တည်နေခြင်း ဖြစ်သည်။ ၎င်းတို့၏ ထင်ကြေး မှန်သွားမည် ဆိုလျှင် မိမိတို့ တချိန်လုံး ဆန့်ကျင် တိုက်ခိုက်လာမှု များသည် ၎င်းတို့လောက် အတွေး အခေါ် အမြော်အမြင် မရှိသူများ ဟု စကား ဆိုလာကြမည် ဖြစ်သည်။

 

ထိုအဖြစ်ကို မည်သို့မျှ အရောက်ခံ၍ မဖြစ်၊ တော်လှန်ရေးကြီး အောင်မြင်ဖို့ အား နှင့် အင်နှင့် ရုန်းကြမှ ဖြစ်မည်။ စုံစမ်းရေး ကော်မရှင် လိုမျိုး ပြည်သူ့ တရားခွင်တွင် မျက်ရည်လည်ရွှဲ ထွက်ဆိုနေကြမည့် အဖြစ်ကို ကြည့်က မည်မျှ အထိ ချိုမြိန်လှပေမည်နည်း၊ ထိုအဖြစ်ကို ရောက်အောင် အတတ်နိုင်ဆုံး အောင့်အီးပြီး အမြန် တွန်းကြဖို့ လိုပေသည်။

 

စစ်ခေါင်းဆောင်များသည် လူထု ဆန္ဒပြမှုများ တဖန် ကြီးထွားလာမည့် အရေး နှင့် ဗီနိုင်းများ ချိတ်ဆွဲ ခံရမည်ကို စိုးရိမ် ထိတ်လန့်ကာ ယခုအခါ လူကူး ဂုံးကျော် တံတားကိုပင် ပိတ်ထားရလောက်အောင် တုန်လှုပ်လာနေပြီ ဖြစ်သည်။

 

ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်သည့် ဆလိုင်း တင်မောင်ဦးအား နေဝင်း အစိုးရမှ ကြိုးပေး သတ်ဖြတ်ခဲ့သည့် အထိမ်းအမှတ် အဖြစ် ယမန်နေ့က ကျောင်းသား လူငယ်များက သူ၏ ကြွေးကြော်သံ ဖြစ်သည့် “စစ်ဖိနပ်အောက် ငါတို့ ဘယ်တော့မှ ဒူးမထောက်” ဟု ဟစ်ကြွေး ဆန္ဒပြခဲ့ကြသည်။ စစ်ကိုင်းတိုင်းရှိ ဆားလင်းကြီး၊ မုံရွာ နှင့် ချင်းတွင်းမြစ် အနောက်ဖက် ကမ်း ဒေသများတွင် လည်း အလားတူ ဆန္ဒပြခဲ့ကြသည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်‌ရမည်!!!