လာအို ကော ‌ဒေဝါလီ ခံရဦးမည်လော

by Hla Soewai - Jul 09 2022

လာအို မြို့တော် ဗီယင်ကျန်း ရှိ နိုင်ငံခြားရေး ဝန်ကြီးရုံးရှေ့တွင် နိုင်ငံကူးလက်မှတ် လျှောက်ထားရန် တန်းစီနေကြသည့် လူတန်းကြီးသည် နေ့စဉ်လို မြွေလိမ်မြွေကောက်ပမာ တမျှော်တခေါ်ကြီး ရှည်လျားနေသည်၊ အများစုက အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်ရန် ဆိုသော မျှော်လင့်ချက် ဖြင့် နိုင်ငံကူး လက်မှတ် အတွက် လာရောက် တန်းစီနေကြခြင်းလည်း ဖြစ်သည်။ ယခု အခါတွင်တော့ နိုင်ငံကူးလက်မှတ် ရထားသူများပင် မသွားနိုင်ကြတော့ပေ။

 

လာအို ငွေ ကစ် (Kip) သည် ဒေါ်လာနှင့် အရောင်းအဝယ် လုပ်ရာတွင် တန်ဖိုး၏ ၃၆% ထိုးကျသွားခဲ့သည်။ ဓါတ်ဆီကလည်း ရှာရခက်လာနေပြီး ရောင်းမည့်လူ ရှိပြန်လည်း ဈေးက မတန်တဆ မြင့်မားနေသည်။ ပြီးခဲ့သည့် ခြောက်ပတ် အတွင်း ဆီဆိုင်များတွင် နာရီပေါင်းများစွာ ကြာသည့်အထိ တန်းစီခဲ့ကြရသည်။

 

လာအိုတွင် ဖြစ်ပျက်နေသည့် မြင်ကွင်းကြောင့် ပြီးခဲ့သည့် မေလ အတွင်း ဒေဝါလီ ခံသွားရသည့် သီရိလင်္ကာ၏ အဖြစ်ကို အမှတ်ရစရာ ဖြစ်လာခဲ့ရသည်။ သီရိလင်္ကာနိုင်ငံသားများသည် လောင်စာဆီ၊ အစားအသောက်နှင့် ဆေးဝါး ပြတ်လတ်မှုများနှင့် ရင်ဆိုင်နေကြရပြီး ဇူလိုင် ၁၀ ရက်နေ့အထိ မရှိမဖြစ် လိုအပ်နေသော ဝန်ဆောင်မှု လုပ်ငန်းများကိုသာ လောင်စာဆီ ရောင်းချပေးတော့မည်ဟု ကြေညာခဲ့သည်။

 

လာအို အခြေအနေသည် ထိုမျှလောက်အထိ ဆိုးဝါးလာခြင်းတော့ မရှိသေးပေ။ သို့သော် သီရိလင်္ကာ အား ဝရုန်းသုံးကား အဖြစ် ရောက်သွားစေခဲ့သည့် အနေအထားများကတော့ အတူတူ ပင် ဖြစ်သည်။

 

စီးပွားရေးသည် ကိုဗစ် ကပ်ရောဂါကြောင့် ကမ္ဘာလှည့် ခရီးသွားများ ရောက်မလာခဲ့ခြင်းကြောင့် ထိခိုက်လာနေရသည်။ ရုရှား၏ ယူကရိန်းအား ကျုးကျော်ခဲ့မှုကြောင့် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ကစ် ငွေတန်ဖိုး ကျဆင်းလာမှုကြောင့်လည်း အခြေအနေများ ပို၍ ဆိုးဝါးသွားစေခဲ့သည်။ ထို့အတွက် ပြည်ပမှ လောင်စာဆီများ တင်သွင်းနိုင်ခြင်း မရှိတော့။

 

ဓါတ်ဆီဈေး နှုန်းသည် တနှစ် အတွင်း ၈၀% အထိ မြင့်တက်လာခဲ့သည်။ ပြည်ပမှ တင်သွင်းရသည့် စားသုံးဆီ နှင့် ခေါက်ဆွဲခြောက် ဈေးနှုန်းသည်လည်း ဧပြီလ တွင် ယမန်နှစ်ကထက် ၁၉% ‌တက်သွားခဲ့သည်။

 

နောက်ထပ် သီရိလင်္ကာနှင့် တူနေပြန်သည်က ပေါ်လစီ ‌ပိုင်း ဆိုးဝါးနေခြင်းပင် ဖြစ်သည်။ ၁၉၇၅ မှစ၍ တိုင်းပြည်ကို ဦးဆောင်လာခဲ့သည့် လာအို ပြည်သူတော်လှန်ရေး ပါတီ အစိုးရသည် အခြေခံ အဆောက်အအုံ စီမံကိန်းများကို တိုင်းပြည် ဂျီဒီပီ၏ ၈၈% ရှိသည့် ဒေါ်လာ ၁၄.၅ ဘီလီယံအထိ ကြွေးတင်ခံကာ အကောင်အထည် ‌ဖေါ်ခဲ့ကြသည်။ ထိုအကြွေးများထဲမှ တဝက် နီးပါးသည် တရုတ်အပေါ် တင်ရှိနေသည်။ လာမည့် သုံးနှစ်ကျော် တွင် နှစ်စဉ် ပြန်ဆပ်ရဖို့ ရှိနေသော ဒေါ်လာ ၁.၃ ဘီလီယံ ခန့် အား မည်သို့ မည်ပုံ ရှာဖွေ ဆပ်ကြမည်လဲ ဆိုသည်ကား မတွေးတတ်အောင် ဖြစ်နေသည်။

 

နှစ်စဉ် စုဆောင်းရရှိသည့် အခွန်သည် ထိုပမာဏ၏ နှစ်ဆခန့် သာ ရှိနေပြီး ဒီဇင်ဘာလအတွင်း လက်ဝယ်ရှိနေသော နိုင်ငံခြား အရံ‌ ငွေသည်လည်း ထိုပမာဏ နီးနီးသာ ရှိပေသည်။ ယင်းသည် ပြည်ပမှ တင်သွင်းရန် လိုအပ်‌ နေသော ကုန်စည် တန်ဖိုး ၏ နှစ်လ စာ မျှသာ ရှိသည်။ ချေးငွေ ရယူ နိုင်သည့် အဆင့်အတန်း သတ်မှတ်ပေးသော Moody အေဂျင်စီ မှ ဇွန်လ အတွင်း လာအို အား ဒေဝါလီ ခံရဖွယ် ရှိနေသည်ဟု သတိပေးချက် ထုတ်ပြန်ခဲ့သည်။

 

အွန်လိုင်းပေါ်မှ သာ ပေါက်ကွဲ၍ ရသည့် လူထု၏ ဒေါသကြောင့် အစိုးရ အဖို့ ကျေနပ်အောင် တခုခု လုပ်ပေးရန် လိုအပ်သည်ဟု ယူဆလာပြီး ဝန်ကြီးအဖွဲ့ အပြောင်းအလဲ လုပ်လာခဲ့သည်။ ဒုဝန်ကြီးချုပ် နှစ်ဦး၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး နှင့် ဗဟိုဘဏ် ဥက္ကဌ နေရာများတွင် လူသစ်များနှင့် အစားထိုး ခန့်အပ်လာခဲ့သည်။

 

အသစ်ခန့်အပ်ခံရသူများက ငွေကြေးများ ထိန်းချုပ်ခြင်း၊ ‌‌ငွေလဲလှယ်သည့် လုပ်ငန်းများ ပိတ်ပင်ခြင်း နှင့် လူတဦးလျှင် ဒေါ်လာ ၁,၀၀၀ ထက်ပို၍ လွှဲပြောင်းခြင်း မပြုရဟု ကန့်သတ်လာခဲ့သည်။

 

ထိုကဲ့သို့ ပြုလုပ်ခဲ့မှုများသည် အတိုင်းအတာ တခုအထိ သက်ရောက်မှု ရှိခဲ့ပုံရသည်။ ပြီးခဲ့သည့် ရက်များ အတွင်း ကစ် သည် ပြန်လည် တည်ငြိမ်လာခဲ့ပြီး ဓါတ်ဆီဆိုင်များ တွင် တန်းစီနေသော ကားတန်းကြီးလည်း ‌ပျောက်ကွယ်သွားခဲ့သည်။

 

လာအို နိုင်ငံသားများ အတွက် ဖြေသိမ့်နိုင်စရာ တခုတော့ ရှိနေဆဲပင် ဖြစ်သည်။ ဤသည်ကား သီရိလင်္ကာ လို မဟုတ်ပဲ နိုင်ငံတကာ ငွေကြေးဈေးကွက် သို့ ထိုးဖေါက်နိုင်စွမ်း ရှိနေခြင်းပင် ဖြစ်သည်။ ဧပြီလ အတွင်း က ထိုင်းဈေးကွက်သို့ ငွေတိုက်စာချုပ်များ တသီကြီး ထုတ်ရောင်းနိုင်ခဲ့သည်။

 

မေလတွင် နယ်ခြားကို ပြန်ဖွင့်နိုင်ခဲ့သဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည် စည်ပင်လာခဲ့ပြီး လာအိုနိုင်ငံသားများလည်း ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်ခွင့် ပြန်ရလာခဲ့သဖြင့် နိုင်ငံတွင်းသို့ ငွေပြန်လွှဲ နိုင်ခဲ့ကြသည်။ တရုတ် နိုင်ငံနှင့် ဆက်သွယ် ဖေါက်လုပ်ထားသော မီးရထားလမ်းသစ် ကြောင့်လည်း ကပ်ရောဂါ ရှိနေသည့်ကြားမှပင် ကုန်သွယ်မှု ဖွံ့ဖြိုးလာခဲ့သည်။

 

ထိုအကြောင်းခြင်းရာများက လာအိုအား ငွေချေးငှားလိုသူများ အားတက်ဖို့ ဖြစ်လာရသည်။ လာအို အစိုးရသည် ထိုကဲ့သို့သော ကိစ္စများကို သိုသိုသိပ်သိပ် လုပ်လိုပုံ ရှိသော်လည်း တရုတ် အပေါ် တင်နေသော ကြွေးမြီများ ပြန်ဆပ်ရမည့် ပမာဏ ကို တဖန် ပြန်၍ ဆွေး‌ နွေး နိုင်ရန် အခွင့်အလန်းကောင်းများ ထွက်ပေါ်လာ‌နေပြီဟု လေ့လာသူများက သုံးသပ်နေကြသည်။

 

တရုတ်သည် လာအို အား လုံးလုံးလျားလျား ကြွေးမဆပ်နိုင်သည့် အထိ တော့ အဖြစ်ခံမည် မဟုတ်ဟု ၂၀၁၈ နှင့် ၂၀၂၀ အကြား လာအို အစိုးရ၏ အကြံပေး အဖြစ် လုပ်ကိုင်ခဲ့သော တိုကျို တက္ကသိုလ်ရှိ နီရှီဇာဝါ တိုရှီရို က ပြောပြခဲ့သည်။

 

လာအိုသည် သီရိလင်္ကာနှင့် မတူပဲ ချောက်ကမ်းပါး အစွန်းရောက်မှ ပြန်လှည့်လာနိုင်မည့် အလားအလာ ခုထိတော့ ရှိနေဆဲပင် ဖြစ်သည်။

 

(၂၀၂၂ ဇွန်လ ၃၀ ရက်နေ့ ထုတ် အီကော်နော်မစ် မဂ္ဂဇင်း ပါ "Will Laos default on its own debt" ကို ပြန်လည် တင်ပြသည်။)