စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (34)

by Hla Soewai - Jul 09 2022

ထိတွေ့ဆက်ဆံပြီ (၃)

 

 

နောက်ဆုံးတော့ ပွင့်ထွက်လာပြီလော!

 

အထက်လွှတ်တော် အမတ် ဝက်ဘ်သည် မြန်မာအရေး ကိုသော်၎င်း၊ အခြား ခက်ခဲသော ပြဿနာ များကို ကိုင်တွယ် ‌ဖြေရှင်းရာတွင်၎င်း အတွေ့အကြုံ များစွာ ရှိထားပြီးသူလည်း ဖြစ်သည်။ သူသည် အရှေ့တောင်အာရှ နှင့် ပတ်သက်သော ကိစ္စများကို ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် လုပ်ကိုင် ခဲ့ဖူးသည်။

 

ဗီယက်နမ်တွင် မရိမ်းရိုင်ဖယ် တပ်စုမှူး၊ တပ်ခွဲမှူး အစရှိသည်ဖြင့် ထမ်းရွက်ခဲ့ဖူးသည်။ သတင်းသမား တဦး အဖြစ် လုပ်ကိုင်ခဲ့စဉ်ကလည်း အမေရိကန် တွင် ရှိနေသော ဗီယက်နမ် အသိုက်အဝန်းနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့သည်။ 

 

၁၉၉၄ တွင် ဗီယက်နမ်နှင့် ကုန်သွယ်မှုများအား ပိတ်ဆို့ထားခဲ့မှုကို စတင်ဖယ်ရှားခဲ့စဉ်က ပထမဦးဆုံး ဗီယက်နမ်သို့ ရောက်ရှိသွားခဲ့ပြီး ဦးဦးဖျားဖျား သွားရောက်လေ့လာခဲ့သည်။ ဗီယက်နမ် ၏ တံခါးဖွင့် လာမှု နှင့် အတူ ပွင့်လင်းသော လူ့အဖွဲ့အစည်း တရပ် တည်ထောင်ရာတွင် အရေးကြီးဆုံး အကြောင်း အရာ များကို သင်ခန်းစာ ရယူခဲ့ပြီး မြန်မာပြည်ကို ထိုအတိုင်း ဖြစ်စေချင်ခဲ့သူလည်း ဖြစ်သည်။

 

၂၀၀၁ ခုနှစ်အတွင်း အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တဦး နှင့် တွေ့ဆုံခဲ့ပြီး နောက်တွင် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ နှင့် ပတ်သက်ပြီး မည်သို့ လုပ်ဆောင်သင့်သည်ကို သူ၏ ခေါင်းထဲတွင် ပုံဖေါ်ကြည့်လာခဲ့သည်။

 

အမေရိကန် လုပ်ငန်းရှင်က ရင်းနှီးမြှုပ်နှံမှု အသစ်များ မပြုလုပ်ရန် ပိတ်ပင်ထားမှုကြောင့် တရုတ် ရင်းနှီး မြှုပ်နှံလိုသူများ ဈေးကွက်ထဲသို့ တရဟော ဝင်ရောက်လာနေပြီး ကြာလျှင် နိုင်ငံတွင်း ရှိနေပြီး ဖြစ်သည့် အမေရိကန် စီးပွားရေး အကြွင်းအကျန် များ အပြင် မူဝါဒ ရည်မှန်းချက်များကို ပါ ထိခိုက် လာစေနိုင်သည်ဟု ပြောလာခဲ့သည်။

 

ဝက်ဘ်သည် နိုင်ငံ အနှံ့ လှည့်လည် သွားလာခဲ့သည့် အပြင် စစ်အစိုးရ အဖွဲ့ဝင်များနှင့်ပါ တွေ့ဆုံခဲ့သည်။ သူသည် မြန်မာဈေးကွက်များနှင့် အရှေ့မြောက် နယ်ခြား တလျှောက်တွင် တရုတ်သည် စီးပွားရေး နှင့် သံတမန်ရေးပိုင်းများတွင် ဩဇာလွှမ်းမိုးလာနေမှုများကို သိမြင်လာခဲ့သည်။

 

နောက်ပိုင်း နှစ်များစွာ ကြာလာသည့် အခါတွင်တော့ အမေရိကန်၏ မြန်မာအား ဖယ်ကျဉ်ထားမှု နှင့် တိုး၍ တိုး၍ ပြစ်ဒဏ်ခတ်လာခြင်းများကို သဘောမကျ ဖြစ်လာသည်။ အမေရိကန်၏ မူဝါဒသည် ခန့်မှန်း၍ ရသည့် ပြစ်တင်ရှုတ်ချ စိုးရိမ်သည် ဆိုသည့် စက်ဝိုင်းကြီး လည်ပတ်နေခြင်း သာ ဖြစ်ပြီး "ငါတို့ တခုခု လုပ်ပြီးပြီ" ဆိုသော ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လို့ရသည့် feel good ဥပဒေ များ ပြဋ္ဌာန်းခြင်းသည် တကယ်တမ်းတွင် မြန်မာအား တရုတ်၏ ကုန်သွယ်ဖက် နိုင်ငံဖြစ်သွား‌ အောင် လုပ်ပေးခြင်းသာ အဖတ်တင်ခဲ့ပြီး ဘာမှ ထူးခြားအောင် အကောင်အထည် ဖေါ်နိုင်ခြင်း မရှိခဲ့ဟု ထုတ်ဖေါ်ပြောဆို လာခဲ့သည်။

 

ဤသို့ဖြင့် ဝက်ဘ်သည် စစ်အစိုးရ အား ပြန်လည် ဆက်ဆံရေး အတွက် အဓိက တွန်းအားပေးသူ ဖြစ်လာခဲ့သည်။ အမေရိကန်သည် ထိုသို့သော အာဏာရှင် အစိုးရမျိုးကို ဖယ်ကျဉ်ထားခြင်းသည် "မိမိတို့ မလိုလား မနှစ်မြို့သော အခြေအနေများကို လစ်လျူ ရှုထားခြင်းသာ ဖြစ်ပြီး" ၎င်းတို့ လုပ်နည်း လုပ်ဟန်များကို ပြောင်းလဲပြစ်နိုင်ရေး အတွက် ထိတ်တိုက် ရင်ဆိုင်ခြင်းသည်သာ အမေရိကန် အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်လာနိုင်သည်ဟု မှတ်ယူလာခဲ့သည်။

 

၂၀၀၈ တွင် ဝက်ဘ်သည် အထက်လွှတ်တော် အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ဆီးနိတ် သို့ ရောက်သည်နှင့် အာရှ နှင့် ပတ်သက်၍ လုပ်နိုင်ကိုင်နိုင်ရန် နိုင်ငံခြား ဆက်ဆံရေး ကော်မတီထဲ ပါနိုင် ရန် ကြိုးပမ်းလာခဲ့တော့သည်။ ကော်မတီ အဖွဲ့ဝင် ဖြစ်လာပါက မြန်မာပြည်သို့ သွားပြီး validators ခေါ် သက်ဆိုင်ရာ နယ်ပယ်များရှိ ကျွမ်းကျင်သူများ နှင့် တွေ့ဆုံ ဆွေးနွေးရန် ရည်ရွယ်ထားသည်။ ထိုပုဂ္ဂိုလ်များသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ကို ရှုထောင့် အမျိုးမျိုး မှ သုံးသပ်နိုင်စွမ်း ရှိပြီး ရလဒ် ကောင်းများ ထွက်ပေါ်လာအောင် အကြံကောင်း ဉာဏ်ကောင်းများ ပေးနိုင်သူများ ဖြစ်သဖြင့်လည်း သူ၏ ခရီးစဉ်သည် အကျိုးဖြစ်ထွန်းလာမည်ဟု တွက်ဆထားခဲ့သည်။

 

သူတွေ့ချင်သည့် validators များသည် တတ်သိပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပရဟိတ သမားများ၊ အင်ဂျီအိုများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများမှ အရာရှိများ၊ အစိုးရ အရာရှိဟောင်းများ ဖြစ်သည်။

 

၂၀၀၉ ခုနှစ်တွင် မြန်မာပြည်သို့ သွားမည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည့် အခါတွင် လူတိုင်းက ဘာအတွက် ရည်ရွယ်ပြီး သွားခြင်းလဲ ဆိုသည်ကို အမျိုးမျိုး ထင်ကြေးပေးခဲ့ကြသည်။ အိုဘာမားသည် စစ်အစိုးရ နှင့် ယခုထက် တိုးပြီး ဆက်ဆံချင်နေသည့် လက္ခဏာ ပေလော၊ ဝက်ဘ်သည် အိုဘာမား အတွက် အချက်အလက်များ ရှာဖွေပေးရန် ခရီးထွက်ခြင်းပေလော၊ ပိတ်ဆိုဒဏ်ခတ်ထားမှုများ ဖယ် ရှားပေးတော့မည်လော၊ ထိုအရေးကို တွေးပြီး စိုးရိမ်လာကြသော ဝက်ဘ်၏ ကွန်ဂရက်ရှိ လုပ်ဖေါ် ကိုင်ဖက်များက နိုင်ငံခြားရေး ဝန်ကြီး ကလင်တန် သို့ စာရေးကာ "မြန်မာသည် လူသားများ အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှု များ ပြင်းပြင်းထန်ထန် ကျူးလွန်နေဆဲ ဖြစ်၍ "အရှေ့တောင်အာရှ၏ ဒါဖား" ဟု ခေါ်ခံနေရကြောင်း ပြောဆိုလာခဲ့ကြသည်။ 

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝက်ဘ်၏ ခရီးစဉ်ကို ပိတ်ပင်ခဲ့ခြင်း မရှိသော်လည်း ဝက်ဘ်၏ ပြောဆိုမှုများသည် အစိုးရ အဖွဲ့နှင့် နောင်တွင် တထပ်တည်း မကျ ဖြစ်လာမည်ကိုတော့ စိုးရိမ်ပူပန်ခဲ့ ကြသည်။ ဝက်ဘ် သွားမည့်အချိန်သည် မြန်မာပြည်အပေါ် မူဝါဒ ရေးရာ ပြန်လည် သုံးသပ်နေသည့် တန်းလန်းလည်း ဖြစ်နေသည်။

 

မြန်မာဖက်ကလည်း ဝက်ဘ်သည် မည်သူ့ကို ကိုယ်စားပြုပြီး ရောက်လာမည့် အပေါ်မှာ ဇဝေဇဝါ ဖြစ်လာကြသည်။ မြန်မာသည် အမေရိကန်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ခွဲခြားထားသော်လည်း အစိုးရ၏ တူညီသော အစိတ်အပိုင်း ဆိုသည့် သဘောတရားကို ဆုပ်ကိုင်နိုင်ခဲ့ခြင်း မရှိခဲ့၍ ဖြစ်သည်။ ဝက်ဘ်သည် သူ၏ ကွန်ဂရက် အကျိုးကို ကိုယ်စားပြု ရောက်လာခြင်းသာ ဖြစ်သည်။

 

၂၀၀၉ ဩဂုတ်လ လယ်တွင် ဆီနိတ်တာ ဂျင် ဝက်ဘ်သည် မြန်မာပြည်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီ ဖြစ်သည်။ သူသည် ဆယ်နှစ် အတွင်း မြန်မာသို့ ရောက်လာသည့် ပထမဆုံးသော အမေရိကန် နိုင်ငံရေး ခေါင်းဆောင်တဦးလည်း ဖြစ်သည်။ ဝက်ဘ်သည် SPDC တဖွဲ့လုံးနှင့် တွေ့ဆုံ ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံခဲ့သည် အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

 

ဝက်ဘ်သည် တိုင်းရင်းသား လူမျိုးစု အဖွဲ့များ၊ ၂၀၁၀ ရွေးကောက်ပွဲ အား ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် နိုင်ငံရေး ပါတီများ၊ NLD ၊ ‌ဒေါ်အောင်ဆန်းစုကြည် နှင့် ပါ တွေ့ဆုံခဲ့သည်။ သူမနှင့် တွေ့ဆုံခွင့်ရရန် ဝက်ဘ်သည် သူနှင့် တွေ့ခဲ့သော SPDC အဖွဲ့ဝင်တိုင်းလိုလို ကို တောင်းဆိုခဲ့ရသည်။ သူ့အရင် ရက်သတ္တပတ် အနည်းငယ်က ရောက်လာသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်း သည် ပင် တွေ့ခွင့် မရဘဲ ပြန်သွားခဲ့ရပြီး ဖြစ်သည်။