စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (35)

by Hla Soewai - Jul 12 2022

ထိတွေ့ဆက်ဆံပြီ (၄)

 

ဝက်ဘ် သည့် တွေ့ဆုံသည့် အခါတိုင်း စကားလုံးများကို သေချာစွာ ရွေးချယ်ပြီး မိမိ အဓိက ထား ပြောလိုသည်များအား တဦးချင်းစီကို အကြောင်းတရာ တခုတည်းသာ ဦးတည်ပြောခဲ့သည်။ အမေရိကန် ဖက်မှ ကာလကြာမြင့်စွာ ပြောဆိုနေသော လူ့အခွင့်အရေး ကိစ္စများ၊ ဒေါ်အောင်ဆန်း စုကြည်အား အကျယ်ချုပ်မှ လွှတ်ပေးရေး နှင့် ဒီမိုကရေစီ အရေးများ ပင် ဖြစ်သည်။ 

 

ဂျွန် ယက်တော ကို ပြန်လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။ ဝက်ဘ်သည် ဗီယက်နမ်မှ ရခဲ့သော သင်ခန်းစာများ၊ စစ်သားတယောက် အဖြစ်နှင့် သူ ကြုံတွေခဲ့ရသည်များ၊ ဗြိတိသျှ ကိုလိုနီ ခေတ် ကျရောက်ခဲ့သည့် သမိုင်းကြောင်းကို အခြေခံပြီး နှစ်နိုင်ငံ တူညီသော အကြောင်းခြင်းရာ များကို ထုတ်ပြပြောဆိုခဲ့သည်။

 

SPDC သည် အမေရိကန် နှင့် ဆက်ဆံရေး တိုးတက် ကောင်းမွန်ချင်ကြောင်း ၎င်းတို့၏ ဆန္ဒကို ပြန်လည် ပြောဆိုလာခဲ့ပြီး ဝါရှင်တန် နှင့် တိုက်ရိုက် ဆက်သွယ်နိုင်မည့် နည်းလမ်းများကို မေးမြန်း လာခဲ့ကြသည်။ သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်ရန်၊ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ ဖယ်ရှားပေးရန် ပါ အဓိက ထား တောင်းဆိုလာခဲ့ကြသည်။

 

သိန်းစိန် မှ ဝက်ဘ်၏ ခရီးစဉ်သည် အရေးပါသည်ဟု ခံယူပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းအောင် အထောက်အကူ ပြုလိမ့်မည်ဟု မှတ်ချက်ချ ခဲ့သည်။ ဝက်ဘ် က နှစ်နိုင်ငံ အကြား ဖြေရှင်းရမည့် သဘောကွဲလွဲမှုများ ရှိနေဆဲ ဖြစ်သော်လည်း သင့်တော်သည့် အခြေအနေများ ဖြစ်ပေါ်လာပါက ရှေ့သို့ မဆက်နိုင်စရာ အကြောင်းမရှိဟု တုန့်ပြန် ပြောဆိုခဲ့သည်။

 

သန်းရွှေသည် ဝက်ဘ် ဆန္ဒများထဲက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန်၊ ဂျွန် ယက်တော အား ပြန်လွှတ်ပေးရန် တို့ကို သဘောတူ လိုက်လျော ပေးခဲ့သည်။

 

ဝက်ဘ်၏ ခရီးစဉ် အပေါ် စစ်အစိုးရကို ဆက်ဆံရန် လိုလားသူများ နှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှား သူများ အကြား ဝေဖန် သုံးသပ်မှု အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။ အများက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ခွင့်ပေးခဲ့မှု နှင့် ဂျွန် ယက်တောအား ပြန်လွှတ်ပေးမှုများကို ကြည့်၍ စစ်အစိုးရ၏ အပြုသဘောဆောင်သော ခြေလှမ်းများ အဖြစ် ရှုမြင်ခဲ့ကြသည်။

 

နောက်ပိုင်းတွင် NLD မှ ခွဲထွက်သွားပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သော ခင်မောင်ဆွေ မှလည်း ယခုထက်တိုးပြီး ဆက်ဆံဖို့ တိုက်တွန်းပြီး "အချိန်မဖြုန်းကြဖို့" ပါ ပြောလာခဲ့သည်။

 

NLD သည် ဝက်ဘ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်များကို သိချင်စိတ် ပြင်းပြ နေသည်။ သူတို့လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့၍ ဝက်ဘ် ၏ ခရီးစဉ် အပေါ် လူသိရှင်ကြား မည်သို့မည်ပုံ ပြောဆိုရမည် အပေါ် ဝေခွဲမရ ဖြစ်နေကြသည်။

 

သူမက SPDC နှင့် တိုး၍ ဆက်ဆံကြရန် နှင့် မြန်မာသို့ ဧည်သည်များ လာရောက်ခြင်းကို အားပေးခြင်း ဖြင့် "မျှတ‌သော အမြင်" များ ထွက်ပေါ်လာမည်ဟု ဝက်ဘ် မှ တဆင့် သတင်းစကား ပါးလာခဲ့သည်။

 

ဤသည်က သူမ၏ အနေအထားမှာ လုံးလုံးလျားလျားကြီး ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။ ယခင်က ကမ္ဘာလှည့် ခရီးသွားများက မြန်မာပြည်ကို ရှောင်ကြရန် တောင်းဆိုခဲ့သည်။ ကမ္ဘာလှည့် ခရီးသွားများ သုံးစွဲကြမည့် ငွေများသည် စစ်ဗိုလ်ချုပ်များ အိတ်ကပ် ဖေါင်းလာအောင် လုပ်ပေးသည် နှင့် အတူတူပင် ဖြစ်ပြီး ဒီမိုကရေစီ အရေး လှုပ်ရှားမှုများကို အားပျော့သွားစေမည်ဟု ပြောခဲ့ပြီးလည်း ဖြစ်သည်။ ထို့အပြင် NLD မှ အန်ကယ်ကြီးများအားလည်း သူမ အကျယ်ချုပ် ကျခံနေရစဉ် အတွင်း ပါတီကို ဆက်လက် ထိန်းသိမ်းထားဖို့ နှင့် ဝက်ဘ် ၏ ခရီးစဉ် အပေါ် ဝေဖန်မှု တစုံတရာ မလုပ်ကြဖို့လည်း သတိပေးခဲ့သည်။

 

ဝက်ဘ် သည် ဝါရှင်တန်သို့ ပြန်ရောက်လာသည့် အခါ မြန်မာပြည်အား စီးပွားရေး ပိတ်ဆို့ အရေးယူ ခြင်းအား အလေးအနက် စဉ်းစားပြီး လုပ်ခဲ့ကြသော်လည်း ဖြစ်စေချင်သည်များ နှင့် တခြားစီ ဖြစ်လာ သည်ဟု နယူးယောက်တိုင်းမ် သတင်းစာတွင် ဆောင်းပါးရေးသားပြီး ဖွင့်ချလာခဲ့သည်။

 

၂၀၀၁ ခုနှစ် သူရောက်ခဲ့စဉ်က နှင့် စာလျှင် အမေရိကန် လုပ်ငန်းများ ထွက်ခွာကုန်ကြပြီး၊ တရုတ် အစိုးရ ကုမ္ပဏီကြီးများ ဝင်ရောက် လွှမ်းမိုးလာသည်သာ အဖတ်တင်ခဲ့ကြောင်းလည်း ပါရှိခဲ့သည်။

 

ယခုအခါ အမေရိကန် တို့ အတွက် လမ်းပွင့်လာနေပြီ ဖြစ်၍ ရရှိသော အခွင့်အရေးများကို အမိအရ ဖမ်းဆုပ်ကာ တိုး၍ ဆက်ဆံကြရန်၊ လူသားချင်း စာနာထောက်ထား အကူအညီ ပေးသည့် ပရိုဂျက် များတွင် ပူးပေါင်းဆောင်ရွက်ကြရန် နှင့် ဒုတိယ ကမ္ဘာစစ် အတွင်း က အမေရိကန် စစ်သားများ၏ ရုပ်ကြွင်းများကို ရှာဖွေ ကြရန်၊ ပိတ်ဆို့ ဒဏ်ခတ်မှုများကို ဖယ်ရှား‌ပေးရန် တို့ တောင်းဆိုခဲ့သည်။

 

ထို့အပြင် တရုတ် နှင့် ဗီယက်နမ်တို့တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေ‌သော် ငြားလည်း အလားတူ ဆက်ဆံသွားဖို့ပါ မှတ်ချက်ချသွားခဲ့သည်။

 

သို့သော်လည်း သူ၏ ဆောင်းပါးသည် အမေရိကန် မူဝါဒ ရေးဆွဲသူများ၏ စိတ်ကို ပြောင်းလဲအောင် မလုပ်နိုင်ခဲ့သဖြင့် နောက်ပိုင်း သိသာသော တိုးတက်မှုများ မတွေ့ခဲ့ရပေ။