သီရိလင်္ကာ အလွမ်းပြေ

by Hla Soewai - Jul 12 2022

သီရိလင်္ကာတွင် အစိုးရ ကျော်မကောင်း ကြားမကောင်း ဖြစ်ကာ ပြုတ်ကျသွားရသည့် သတင်းများ ကြောင့် လွန်ခဲ့သည့် နှစ် နှစ်ဆယ် ၂၀၀၁ တွင် ကိုလံဘို့ သို့ ၆ လမျှ အလုပ်တာဝန် ဖြင့် ရောက်ရှိခဲ့ရသည့် အဖြစ်များကို တရေးရေး ခေါင်းထဲ ရည်ရွယ်မထားပဲ အစီအရီ ပြန်ပေါ်လာသည်။

 

ကျွန်တော် အသက်နဲနဲ ရလာ၍ လော မသိ၊ မေ့တတ်ပြုတတ်သည့် အကျင့်က ဝင်စပြုလာနေပြီ ဖြစ်သည်။ သို့သော် စိတ်ထဲတွင် မှတ်မှတ်ထင်ထင် ကျန်ခဲ့သည်များကတော့ ယခုတိုင် အသေးစိတ် မှတ်မိနေဆဲပင် ဖြစ်သည်။

 

သီရိလင်္ကာ မြို့တော် ကိုလံဘိုရှိ ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး အတွက် စင်္ကာပူရှိ ကျွန်တော် ကုမ္ပဏီမှ ပိုက်လိုင်း များ တပ်ဆင်‌‌ ရေး ကြီးကြပ်ရန် ဆိုက် အင်ဂျင်နီယာ အဖြစ် ‌လွှတ်၍ ရောက်လာခဲ့ရခြင်း ဖြစ်သည်။

 

သွားရသည်က ပြဿနာ မဟုတ်၊ အင်ဒိုနီရှားသို့လည်း သွားခဲ့ပြီး ဖြစ်သည်၊ သို့သော် သီရိလင်္ကာ ခရီး အတွက် စိုးရိမ်စရာ အကြောင်း နှစ်ရပ်က ရှိနေပြန်သည်၊ ပထမ အကြောင်းက ဇနီးသည် သားငယ်၏ ကိုယ်ဝန် နှင့် ကျန်နေခဲ့ရမည့် အဖြစ်၊ ဒုတိယ အကြောင်းက ထိုအချိန်တွင် သီရိလင်္ကာတွင် တမီလ်ကျား များ ၏ တော်လှန်ရေးကြောင့် အခြေအနေများ ဆိုးရွားလာနေခြင်းတို့ဖြစ်သည်။

 

ပြီးခဲ့သည့် လ ထဲကပင် တမီလ်ကျား အဖွဲ့မှ ကိုလံဘို ရှိ နိုင်ငံတကာ လေဆိပ်ကို ဝင်ရောက်စီးနင်းပြီး ပြေးလမ်းပေါ်ရှိ လေယာဉ်များ အား ဖေါက်ခွဲ ဖျက်ဆီး သွားသည့် အဖြစ်က ပူပူနွေးနွေးပင် ရှိနေပေသေးသည်။ ထို့အတွက်ကြောင့်လည်း ရုံးက စာရေးမအား လေယာဉ် လက်မှတ်အား သီရိလင်္ကာ လေကြောင်းလိုင်း နှင့် ဘုတ်ကင် မလုပ်ရန် နှင့် အီးမရိတ် သို့မဟုတ် စင်္ကာပူ လေကြောင်း ဖြင့်သာ သွားမည်ဟု မှာခဲ့ရသည်။

 

ကိုလံဘို လေဆိပ် ရောက်လာသည့် အခါတွင်တော့ တင်းမာသော မျက်နှာပေးများ နှင့် မောင်းပြန် ရိုင်ဖယ်များ ကိုင်ဆောင်ထားသော စစ်သားများက ခရီးသည်များ ၏ အိတ်များကို အထပ်ထပ် စစ်ဆေးနေကြသည်။

 

ကုမ္ပဏီက ကားလာကြိုနေ၍ လိုက်ခဲ့ရာ လမ်းတလျောက်တွင်လည်း စစ်ဆေးရေး ဂိတ်များ နှင့် ရှာကြ ဖွေကြပြန်သည်။ မြို့ထဲသို့ ရောက်သည့် အခါတွင်လည်း အဓိကကျသော လမ်းဆုံ လမ်းခွများတွင် သဲအိတ် များ ကာပြီး စက်သေနတ်နှင့် ချိန်ရွယ်ထား‌သည် ကင်းရုံများကို တွေ့ရပြန်သည်။

 

ဤသို့ဖြင့် ရင်မောစရာ အသွယ်သွယ် ဖြင့် ကုမ္ပဏီ မှ ငှားပေးထားသော အိမ်သို့ ရောက်လာခဲ့ရသည်။

 

နောက်တနေ့ လုပ်ငန်းခွင်ထဲ ရောက်သည့် အခါတွင်တော့ တမီလ် တို့ အကြောင်း သိရအောင် စကားစမြည် ပြောကြည့်ဦးမည် ဟု ရည်ရွယ်ထားသည်များက ဖြစ်မလာခဲ့၊ အလုပ်သမား လေးငါးရာ ခန့် လုပ်နေသော ပရိုဂျက်ကြီးတွင် တမီလ် အလုပ်သမား ဟူ၍ တဦးတလေမျှ မတွေ့ရခြင်းပင်၊ မယုံကြည်ရ၍ အလုပ်မခန့်ဟု ဆိုသည်၊ စိတ်ထဲကတော့ တမီလ်တို့ ပုန်ကန်ကြခြင်းမှာလည်း အဆန်းတော့ မဟုတ်ဟု မှတ်ချက်ချလိုက်မိသည်။

 

ညနေ အိမ်ပြန်ရောက်တော့ နောက်ထပ် ဗဟုသုတ ရစရာ အဖြစ် နှင့် ကြုံရပြန်သည်၊ အိမ်က ဒရိုင်ဘာသည် ကျွန်တော် အပါအဝင် စင်္ကာပူ၊ မလေး တရုတ်များကို ကာဆီနို သို့ ပို့ဆောင်ရန် တက်ကြွနေခြင်းပင် ဖြစ်သည်။

 

ကိုလံဘို ရှိ ကာဆီနိုများသည် နိုင်ငံသားများအား လုံးဝ ဝင်ခွင့်မပြု၊ နိုင်ငံခြားသားများ ပတ်စ်ပို့ ပြ၍ ဝင်ရသည်၊ ဥပဒေဖြင့် တားမြစ်ထားခြင်းပင် ဖြစ်သည်၊ ကျွန်တော်တို့ကို လိုက်ပို့သော ဒရိုင်ဘာ ကိုလည်း ကာဆီနို က ဘောက်ဆူး ပိုက်ဆံပေးသည်။

 

ကျွန်တော်က ကစားရသည်ကို စိတ်မဝင်စား၊ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ဖြင့် အချိန်ဖြုန်းနေခဲ့သည်၊ လင်ဗန်းထဲတွင် စီးကရက်ဗူးမျိုးစုံ၊ ဝီစကီ ပုလင်းများ ကိုင်ကာ ဟိုမှဒီ သွားနေကြသော ကောင်မလေးများလည်း အများအပြားပင်၊ စီးကရက် နှင့် အရက်က ကြိုက်တာ သောက်လို့ရသည်၊ ကျွန်တော်လည်း စီးကရက် တဗူး လှမ်းယူလိုက်ပြီး အပေါ်ထပ် စားသောက်ခန်းသို့ တက်လာခဲ့သည်။ အပေါ်ထပ်တွင် တော့ ဘူဖေး ပုံစံမျိုး စားပွဲကြီး နှင့် မျိုးစုံ ချထားသည်၊ ကြိုက်တာ ယူစားယုံပင်။

 

ကျွန်တော်လည်း အတူပါလာသော တရုတ်များ ကစား၍ ဝတော့ မှ ပြန်လာခဲ့ရသည်၊ ‌နောက်လည်း တခါမှ ထပ် မရောက်ဖြစ်တော့၊ သွားပါကလည်း သူတို့ ကစားပြီးချိန်အထိ စောင့်ပြီး အတူပြန်ရမည်ကို သိနေ၍ ဖြစ်သည်။ နေသည့် အိမ်နှင့် ကာဆီနိုက အတော်လှန်းပြီး မိနစ် လေးဆယ်ခန့် မောင်းနေရ၍ ဒရိုင်ဘာကို သီးသန့် ပြန်မပို့ခိုင်းချင်တော့။ တရုတ်များကတော့ နောက်ပိုင်း ကြုံလျင် ကြုံသလို သူတို့ ယူလာသည့် စီးကရက် ဗူးများ ပေးတတ်သည်။

 

မြို့ထဲလည်း မထွက်ဖြစ်၊ အလုပ်နှင့် အိမ်သာ အချိန်ကုန်ခဲ့ရသည်။ ကျွန်တော် ရှိနေစဉ်မှာပင် မြို့လယ်ခေါင်တွင် သမ္မတ ကားတန်းကို စောင့်ကာ အသေခံ ဗုံးခွဲရန် ကြံစည်မှု ဖြစ်သွားခဲ့သည်၊ သို့သော် ထောက်လှန်းရေးက ကြိုတင် သတင်းရ၍ ဟန့်တားသည့်အခါ အသေခံ ဗုံးခွဲ ရန် စောင့်နေသူသည် ပြေးရင်းလွှားရင်းဖြင့် ဈေးထဲတွင်ပင် ဖေါက်ခွဲပစ်ခဲ့၍ လူအများ အပြား သေဆုံးသွားသည့် အကြောင်းကို သတင်းစာထဲ တွင် ဖတ်လိုက်ရပြန်သည်။

 

သီရိလင်္ကာ အလုပ်သမားများသည် စင်္ကာပူလို မဟုတ်ကြ၊ အချိန်ပို လုံးဝ လုပ်ချင်စိတ် မရှိ၊ အကြောင်းအမျိုးမျိုး ပြ၍ အိမ်သို့သာ ပြန်ကြသူ များသည်၊ ကျွန်တော် မိခင်ကြီး နေမကောင်း၊ ကလေးသည် သူပြန်လာရင် ဝယ်လာမည့် နို့မှုန့်ကို စောင့်‌နေရကြောင်း၊ နယ်မှ ပြန်လာမည့် မိန်းမကို ကားဂိတ်သွားကြိုရမည်၊ တောသူ ဖြစ်၍ မသွားတတ် မလာတတ်သေး၊ အစရှိသည်ဖြင့် အကြောင်း အမျိုးမျိုး ပြတတ်ကြသည်။ အကြောင်းပြနေကြမှန်း သိသော်လည်း အကယ်၍ ဟုတ်များ နေခဲ့လျင် ကျွန်တော် ဘယ်လိုမှ စိတ်ကောင်းနိုင်မည် မဟုတ်တော့။

 

တရက်တွင် တော့ ကျွန်တော် တာဝန်ယူထားသည့် လုပ်ကွက်သို့ မနက် အလုပ်ဆင်းလာကြသည့် အလုပ်သမားများ မျက်နှာလည်း မ‌ကောင်း၊ အချင်းချင်းလည်း ဆူညံ ပွက်လောရိုက်နေကြသည်။

 

ကျွန်တော်က ဘာဖြစ်တာလဲ မေးတော့မှ ကျွန်တော် ရှိနေသည်ကို သတိရသွားကြပြီး တယောက်တပေါက် ဝိုင်းပြောကြတော့သည်၊ သူတို့ ပြောသည့် အင်္ဂလိပ် စကားကို ကျွန်တော် ဘယ်လိုမှ အဓိပ္ပါယ် မဖေါ်တတ်၊ သို့သော် လွန်စွာ အရေးကြီးသည့် ဖြစ်ရပ်ကြီး တခု ဖြစ်ပွားနေပြီကိုကား ရိပ်စားမိလိုက်သည်။

 

ဆိုက်ရုံးခန်းသို့ အပြေး အလွှား ပြန်လာခဲ့သည်၊ ရုံးခန်းထဲ ရောက်မှ ဖြစ်ကြောင်းကုန်စင် သိလိုက်ရတော့သည်၊ နယူးယောက်ရှိ တာဝါကြီးများ ကို အကြမ်းဖက်သမားများက လေယာဉ် ပြန်ပေးဆွဲက တိုက်ခိုက်လိုက်ကြပြီ ဆိုသည့် သတင်းဆိုးကြီး ဖြစ်နေသည်။ အိမ်ရှိတီဗီကိုလည်း မကြည့်ဖြစ်၍ မသိခဲ့ရ၊ အလုပ်ထဲ ရောက်မှသာ သိခဲ့ရသည့် အမှတ်တရ တခုပင်။

 

ကိုလံဘိုတွင် ခြောက်လ နေ့ခဲ့ရသည့် ကာလ အတွင်း နားရက်ဆို၍ ခရစ်စမတ် တရက်သာ ရှိခဲ့ဖူးသည်။ တရက်တော့ စွယ်တော် ဖွင့်ပွဲ နှင့် ကြုံနေ၍ မဖြစ်မနေ သွားဖူးမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်၊ မန်နေဂျာက စိတ်မချ၍ ဘယ်သူ နှင့် သွားမှာလဲ မေးနေပြန်သည်။

 

ဆိုက်ထဲ က အင်္ဂလိပ်လို လည်လည်ပတ်ပတ် ပြောနိုင်သည့် အလုပ်သမား တယောက် ခေါ်ကာ ကားငှား ထွက်လာခဲ့သည်။ ကိုလံဘို နှင့် ကီလိုမီတာ ၁၂၀ ဝေးသည့် ကန္ဓီသို့ အသွားအပြန် ကားငှားခ က ‌အမေရိကန် ဒေါ်လာ ၆၀ နှင့် ရခဲ့သည်။

 

သုံးနာရီ နီးပါးမျှ မောင်းရသော လမ်းတွင် အံ့ဩစရာ‌ တွေ့မြင်ရသည်က ကားလမ်း အား တောင်များကို ဖြတ်၍ လှိုဏ်ခေါင်းများ ဖေါက်လုပ်ထားခြင်း ဖြစ်သည်။ ဗြိတိသျှ တို့၏ ခြေရာလက်ရာများက ထင်ရှားနေသည်။ 

 

သွားရင်းက ဗိုလ်ချုပ်အောင်ဆန်းလည်း စစ်ပြီးနောက် ဗမာလွတ်လပ်ရေး တပ်မတော်ကို ပြန်လည် ဖွဲ့စည်းရေး အတွက် မောင့်ဘက်တန် နှင့် ဆွေးနွေးရန် ဒီလမ်းအတိုင်း လာခဲ့သည်ကို သတိရမိလိုက်သည်။ ဤသို့ဖြင့် သမိုင်းဝင် ကန္ဓိ စာချုပ် ကြီး ချုပ်ဆို နိုင်ခဲ့ပြီး ဖက်ဆစ် တော်လှန်ရေး တွင် ပါဝင်ခဲ့ကြသည့် မြန်မာ စစ်အရာရှိ ၂၀၀၊ စစ်သည် ၅၀၀၀ တို့ဖြင့် ဗမာတပ်မတော်အား တရားဝင် ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်နှစ်ပေါင်း ၇၅ နှစ် အကြာတွင်တော့ ဗမာတပ်မ‌တော် ကြီးသည် မြန်မာ တိုင်းရင်းသား တရပ်လုံး၏ မုန်းတီးရွံရှာ ခံရသည့် အဖြစ် ဆိုက်ရောက်သွားခဲ့သည့် အဖြစ်ကိုတော့ ကန္ဓီမှ အပြန်လမ်း တွင် ဗိုလ်ချုပ် ခမျာ တွေးပင် တွေးမိမည် မဟုတ်ပေ။ 

 

ကန္ဓီ ရှိ စွယ်တော်ထားသည့် နေရာရောက်တော့ လူတန်းကြီးက တမိုင်လောက်ရှည်လျားနေပြီ ဖြစ်သည်။ နှစ်ရက်လောက်ကတည်းက ကြိုပြီး ရောက်လာနေကြခြင်း ဖြစ်သည်။ ထိုလူတန်းကြီးကို မြင်တော့ ကိုယ်ဘယ်လို ဝင်ရမည် ဆိုသည်ကို မတွေးတတ်၊ ယင်းနှင့်အတူ ပြီးခဲ့သည့် သုံးနှစ်ခန့်က ထို ဝင်းကြီး အတွင်းသို့ တမီလ်ကျားများ ဗုံးများ အပြည့်တင်ဆောင်လာသည့် ထရပ်ကားတစီး ဖြင့် ဒလကြမ်း မောင်းဝင်လာကာ ဖေါက်ခွဲခဲ့ဖူးသည်ကို သတိရမိလိုက်၍ ကျောထဲ စိမ့်သွားမိသည်။

 

ဘုရားဖူး လာရင်း သေလည်း ကောင်းရာမွန်ရာတော့ ရောက်နိုင်သေးသည်ဟု တွေးလိုက်ရင်း ရဲအရာရှိများထံ သွားပြီး မိမိသည် မြန်မာ ဖြစ်ကြောင်း၊ ညနေလေယာဉ်ဖြင့် စင်္ကာပူ ပြန်ရဖို့ ရှိနေ၍ ဝင်ခွင့် ပေးပါရန် အသနားခံလိုက်သည်။ ဒီအခွင့်အရေး မျိုး တသက် ကြုံတော့မည် မဟုတ် ဘာညာဖြင့် ပြောသည့် အခါတွင်တော့ နောက် နှစ်နာရီလောက်နေ ပြန်လာခဲ့ဟု ပြော၍ လှည့်ပြန်လာခဲ့ရသည်။

 

ဟိုဟိုဒီဒီ လည်း လျှောက်မသွားချင်၍ လာသည့် ကားသမား နှင့် အလုပ်သမားကို ရုပ်ရှင်ရုံရှေ့ မောင်းခိုင်းပြီး နောက် နှစ်နာရီလောက်နေ ပြန် လာခေါ် ဟု ပြောရင်း ပထမ ကမ္ဘာစစ် အတွင်း ဂျာမဏီ အတွက် စပိုင်လုပ်ပေးခဲ့သည့် ဒပ်ခ်ျ ကချေသည် မာတာ ဟာရီ အကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင် ဝင်ကြည့်နေလိုက်သည်။

 

ရုပ်ရှင် ပြီးသည်နှင့် ခုနနေရာ ပြန်လာသည့်အခါ ယခင် ပြောခဲ့သည့် ရဲအရာရှိကြီးကို အဆင်သင့် ပြန်တွေ့ရ၍ ကံကောင်းလှပေသည်၊ ကျွန်တော် ပါလာသည့် ဆဲလ်ဖုန်းကို သိမ်းယူထားလိုက်ပြီး ဝင်ခွင့်ပေးလိုက်၍ အမြန်ဝင်ခဲ့ရသည်။

 

အထဲတွင် ရောက်နေသော လူတန်းကြီး နှင့် ရော၍ စွယ်တော် ကိန်းဝပ်ရာ ကျောင်းတော်ပေါ် တက်နိုင်ရန် တနာရီ ခန့် တန်းစီလိုက်ရပြန်သည်။

 

ဤသို့ဖြင့် ဗုဒ္ဓ သွား စွယ်တော်မြတ်ကို ဖူးခွင့်ရခဲ့ပေတော့သည်။ စာကလည်း အတော်ရှည်သွား၍ ဖြတ်မှ ဖြစ်ပေတော့မည်။