မင်းအောင်လှိုင် မော်စကို ရောက်သွားပြီ

by Hla Soewai - Jul 13 2022

မင်းအောင်လှိုင်သည် ဇနီးဖြစ်သူ နှင့်အတူ အင်္ဂါနေ့တွင် မော်စကို သို့ ရောက်ရှိလာကြောင်း ရုရှား မီဒီယာများ တွင် ဖေါ်ပြလာသည်ကို တွေ့ရသည်။

 

သို့သော်လည်း ရန်ကုန်ရှိ ရုရှား သံရုံးကမူ "ကိုယ်ရေး ကိုယ်တာ ခရီးစဉ်" ဖြစ်ကြောင်း အလျင်အမြန်ပင် ဖြေရှင်းချက် ထုတ်ပြန်လာခဲ့သည်။

 

ထပ်မံရရှိသော သတင်းများ အရ မော်စကို နှင့် မိုင် ၁၀၀ ခန့် ဝေးသည့် ကာလူဂါ ဒေသ ရှိ ပန်းခြံတခုတွင် တည်ထားသည့် "ရွှေစည်းခုံ စေတီ (ပုံတူ)" ဖွင့်ပွဲသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်ဟု သိရသည်။

 

သို့သော် ရုရှား အာကာသ အေဂျင်စီ Roscosmos ၏ အကြီးအကဲ နှင့် တွေ့ဆုံရန် ရှိနေသည်ဟု သတင်းများက ဆိုသည်။

 

ထိုအစီအစဉ် တွင် မိမိတို့ နိုင်ငံသည်လည်း အာကာသ လေ့လာရေး အတွက် လပေါ် သို့ လွန်းပျံယာဉ်များ လွှတ်တင်ပြီး အာကာသ ယာဉ်မှုးများ ခြေချနိုင်ရန် ကြိုးပမ်းသွားမည် ဆိုသော အရေမရ အဖတ်မရ စကားများ မပြောဆိုပါစေ နှင့်ဟု သာ မြန်မာပြည်ကိုယ်စား ကြိတ်၍ ဆုတောင်းယုံသာ ရှိပေတော့သည်။

 

ဘာမှ အကျိုး များ မည် မဟုတ်သော်လည်း နိုင်ငံပိုင် MAI လေကြောင်းမှ Airbus 319 လေယာဉ်ကြီး ပေါ်တွင် မိသားစုဝင်များ အပြည့်တင်ကာ သွားသည့် ကုန်ကျစရိတ် အဝဝ အတွက် တိုင်းပြည်ဘဏ္ဍာများ လေလွင့်သွားရသည်ကတော့ အမှန်ပင် ဖြစ်သည်။ သီတဂူ၊ ဆေကိန္ဒ တို့လည်း ပါဝင်သည်ဟု သိရသည်။

 

နိုင်ငံတွင်း စစ်တပ်၏ လူသတ်၊ ဖမ်းဆီး နှိပ်စက်၊ ဘုရားကျောင်းကန် များပါ မရှောင် မီးရှို့ဖျက်ဆီးနေသည့် လုပ်ရပ်များကြောင့် သာသနာပြု မင်းကြီး တပါး အသွင် အထင်ရောက်စေရန် အမျိုးဘာသာ သာသနာ ထိန်းသိမ်းနေသည်ဟု တစာစာ ဟစ်ကြွေးနေမှု များက သာသနာကို တဖက်တလမ်းက ညိုးနွမ်းအောင် လုပ်နေသလို ဖြစ်လာနေသည်ကို သတိမူရကောင်းမှန်းမသိ၊ ဗုဒ္ဓသာသနာ သည် မိမိတို့ အား ထောက်ခံနေသူများ ကြားတွင်သာ ပွင့်လန်းဖို့ လိုသည်ဟု ယူဆထားသလို ဖြစ်နေသည်။

 

တိုက်တိုက်ဆိုင်ဆိုင်ပင် စစ်တပ်၏ အစုလိုက် အပြုံလိုက် လူသတ်မှု ကျုးလွန်ထားသည့် ဖြစ်စဉ်ကြီး သုံးခုံကို စုစည်းထားသည့် တနာရီစာ မှတ်တမ်းရုပ်ရှင်ကြီးအား ဗြိတိသျှ ရုပ်မြင်သံကြား ချန်နယ် C-4 မှ သက်သေ အထောက် အထား များ နှင့် ကမ္ဘာသို့ ထုတ်လွှင့်တော့မည် ဖြစ်သည်။

 

ထို့အပြင် နိုင်ငံတကာ တရားရုံးချုပ်မှ မြန်မာ စစ်တပ်၏ ရိုဟင်ဂျာ များ အပေါ် ကျုးလွန်ခဲ့သည့် ဂျီနိုဆိုက် ဟု ဂမ်ဘီယာ မှ စွဲချက် တင်ထားမှုများ အား မြန်မာက ကန့်ကွက် ချေပခဲ့မှုများ အပေါ် ဇူလိုင် ၂၂ ရက်နေ့တွင် စီရင်ချက် ချမည်ဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပြန်သည်။ ကိုကိုလှိုင်လည်း အ‌ဆိုပါ စီရင်ချက် အား နားထောင်ရန် ဟိဂ် သို့ သွားမည်ဟု မျှော်လင့်ရပေသည်။

 

ထိုဖြစ်ရပ်များတွင် အဓိက တာဝန်ရှိသူက ရုရှားတွင် ဘုရား ဖွင့်ပွဲ အခမ်းအနားသို့ တိုက်ပုံ အင်္ကျီ ကြီး တကားကား နှင့် မိန့်မိန့်ကြီး တက်ရောက်နေသည်မှာ တွေ့မြင်ရသူ များ အဖို့ anti-climax ဖြစ်သွားရမည်ကား ‌သေချာ လှပေသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ယခင် ဗိုလ်သန်းရွှေကဲ့သို့ မြောက်ကိုရီယား နှင့် ဗန်းပြကာ နျူလက်နက် များ ထုတ်တော့မယောင် လုပ်ပြီး အမေရိကန် တို့နှင့် ပြန်လည် ဆက်ဆံရန် လုံးပမ်းခဲ့သလို ယခု မင်းအောင်လှိုင်သည်လည်း ရုရှားကို ချည်းကပ်နေပြီ ဖြစ်သည်။ 

 

မင်းအောင်လှိုင် အတွက် အခံရ အခက်ဆုံး ဖြစ်နေရသည်က မည်မျှပင် ‌ချောင်းပေါက်မတတ် သွားလာနေသော်ငြားလည်း တခါဖူးမျှ ပူတင် နှင့် တွေ့ခွင့်မရခဲ့ခြင်းပင် ဖြစ်သည်။

 

ပူတင်သည် နိုင်ငံတော် အတိုင်ပင်ခံ လက်ထက်တွင်ပင် မြန်မာ နိုင်ငံ သို့ ရောက်လာခဲ့ခြင်း မရှိသည်ကို ကြည့်က လက်နက် ရောင်းဖို့က လွဲ၍ အခြား ဘာမှ စိတ်ဝင်စားခြင်း မရှိသည်က ထင်ရှားနေသည်၊ နောက်တကြောင်းကလည်း မိတ်‌ ဆွေကြီး တရုတ် ၏ ဩဇာ ဖြန့်ကြက်ထားသည့် နယ်မြေ ဖြစ်နေ၍ မျက်နှာ အပျက်မခံလိုသောကြောင့် မင်းအောင်လှိုင်တို့ အဖွဲ့ မည်မျှပင် ချည်းကပ်နေသော်လည်း ခပ်ကင်းကင်း နေခြင်းလည်း ဖြစ်သည်။

 

မင်းအောင်လှိုင် မော်စကို ရောက်နေချိန်တွင်တော့ ‌ပြည်သူ တော်လှန်ရေး အင်အားစုများ နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ ဖြစ်သည့် ကော်ဘရာ စစ်ကြောင်းသည် စစ်ကောင်စီ ၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၈ စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ ခမရ ၈ ၏ တပ်ရင်းမှုး၊ ဒုတပ်ရင်းမှုး အပါအဝင် အများအပြား‌ သေဆုံသွားပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်း ရမိသွားခဲ့သည်ဟု သတင်းထုတ်ပြန်လာခဲ့သည်။

 

မော်စကိုရောက် မင်းအောင်လှိုင် အဖွဲ့အတွက် ရင်မအေးစရာ သတင်းဆိုးကြီးပင် ဖြစ်ပေသည်။

 

စစ်ကောင်စီ တပ်များသည် ထိတ်တိုက်ရင်ဆိုင် တိုက်လိုစိတ် မရှိကြတော့ပဲ ထစ်ကနဲ ဆို လေကြောင်းပစ်ကူ ကိုသာ တစာစာ တောင်းဆိုလာနေကြပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်၏ လေကြောင်း မှ ‌ဗုံးကြဲတိုက်ခိုက် ချေမှုန်းရေး ဗျုဟာ သည် ရေတို အတွင်း အောင်မြင်မှသာ ဖြစ်ပေမည်၊ ရေရှည် တွင်တော့ ထိုသို့ ဒေါ်လာ သန်းချီ နေသည့် ကုန်ကျစရိတ်များအတွက် မည်သို့မျှ တောင့်ခံထားနိုင်မည် မဟုတ်‌ပေ။

 

"In the country of the blind, one-eyed man is king."

 

(Desiderius Erasmus)

 

ပြည်သူတို့၏ တရားသော ခုခံစစ် မုချ အောင်ရမည်!!!