စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (36)

by Hla Soewai - Jul 13 2022

ထိတွေ့ဆက်ဆံပြီ (၄)

 

တာဝန်ခံမှု ရှိရန် တွန်းအားပေးလာခြင်း

 

ဝက်ဘ် ၏ ခရီးစဉ် အပြီးတွင် မြန်မာအရေး မူဝါဒ ရေးဆွဲသူများ အကျပ်ရိုက်နေကြသည့် ကိစ္စမှာ ပြေလည်ခဲ့ခြင်း မရှိပေ။ ၎င်းတို့ အနေနှင့် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှု များ အပေါ် တာဝန်ခံ မှု ရှိလာအောင် မည်သို့ မည်ပုံ လုပ်ရမည် နှင့် တဖက်တွင် ရှေ့လျောက် တဆင့်တက်၍ ဆက်ဆံသွားရမည် အလားအလာများ အကြား လွန်ဆွဲနေခဲ့သည်။

 

အမျိုးသား လုံခြုံရေး ကောင်စီ ရှိ စစ်ရာဇဝတ်မှုများ နှင့် ရက်စက်ကြမ်းကြုပ်မှု ဆိုင်ရာများကို ကြီးကြပ်နေသည့် ဒေးဗစ် ပရက်စ်မင်း သည် မြန်မာ မှ တံခါးဖွင့်လာသည့် အချိန်တွင် ကမ္ဘာလူ့အစည်း အရုံးထဲသို့ ပြန်လည် ပေါင်းစပ်ပေးရန် နှင့် အတူ တာဝန်ခံမှု ဖြစ်ပေါ်စေရေး အတွင်း လုပ်ငန်းစဉ် တခု ရေးဆွဲထားနိုင်ရန် ကြိုးပမ်းလာခဲ့သည်။ သို့မှသာ မြန်မာသည် စိတ်ဒဏ်ရာဒဏ်ချက်များကို ကုစား နိုင်သည့် ရှေ့ခရီး ဆက်နိုင်မည်ဟု ယူဆခဲ့သည်။

 

ထိုသို့သော အစဉ်အလာများက တောင်အာဖရိက ကဲ့သို့သော အခြား နိုင်ငံများတွင် ရှိခဲ့ပြီးလည်း ဖြစ်သည်။ သို့သော် နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ ကာကွယ်ရေး ကဲ့သို့ ဝန်ကြီးဌာနအချင်းချင်း အပြန် အလှန် ပူးပေါင်း ဆောင်ရွက်မှ ဖြစ်မည် ဆိုသော အလုပ်သဘောတရားများ ပါလာနေ၍ လွယ်ကူ လှမည် က မဟုတ်ပေ။ ထိုဝန်ကြီးဌာနများတွင် ရှိသော အဖွဲ့များက ဒေသတွင်း မဟာဗျူဟာ များကို ရေးဆွဲ အကောင်အထည် ဖေါ်ဖို့သာ အာရုံစိုက်နေကြပြီး လူ့အခွင့်အရေး ပြဿနာကို အတားအဆီး အဖြစ် မြင်နေကြသူများ ဖြစ်သည်ကို ပရက်စ် မင်းက ရိပ်စားမိပြီး ဖြစ်သည်။

 

ပရက်စ်မင်းသည် သူသိထားသော ဖြစ်စဉ် များထဲတွင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟု သံသယ ဖြစ်စရာများ အတွက် သက်သေ အထောက်အထား နှင့် အချက်အလက်များ စုဆောင်းရန် သီးခြား လွတ်လပ်သော စုံစမ်းရေး ကော်မရှင် တရပ် Commission of Enquiry (COI) ဖွဲ့စည်း ဖြစ်ပေါ်လာရန် တွန်းအားပေးချင်နေသည်။

 

COI သည် နာမည်အရ ကို ကြောက်စရာ ကောင်းလွန်းနေသဖြင့် စစ်အစိုးရ နှင့် ဆက်ဆံရန် လိုလား နေကြသူများက သူတို့ လုပ်ဆောင်နေသည်များ လမ်းတဝက် နှင့် ရပ်သွားမည်ကို စိုးရိမ်လာ ကြသည်။ COI ကို ထောက်ခံသူများကတော့ အချက်အလက် ရှာဖွေရေး မစ်ရှင်မျှသာ ဖြစ်ပြီး နောင်တွင် လူ့ အခွင့်အရေး လေးစားလိုက်နာရေး အတွက် အခြေအနေတရပ် ဖန်တီးပေးနိုင်သည့် အပြင် မြန်မာတွင် ဒီမိုကရေစီ ထွန်းကားလာရေး အတွက်လည်း အထောက်အကူ ဖြစ်စေသည်ဟု ပြောဆိုလာခဲ့ကြ ပြန်သည်။ ထို့အပြင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော မြန်မာစစ်တပ်အားလည်း လွတ်စေ ကျွတ်စေ ပုံစံမျိုး ဖြစ်သွားမည် ဖြစ်၍ မလျှော်ကန်လှ၊ နောင်တချိန်တွင် မြန်မာ ပြည်သူ များက ထိုကိစ္စများအပေါ် တရားမျှတမှု ရရှိရေး တောင်းဆိုလာနိုင်ဖွယ် ရှိနေသည်ဟု သုံးသပ်ခဲ့ ကြသည်။

 

ပရက်စ်မင်းသည် သူ၏ COI နှင့် မည်သည့် ဌာနကိုမျှ ထိုးဖောက်၍ မရ ဖြစ်လာနေသည်။ ယခုအခါ ထိုအရေး ကို ပြောဆိုလာပါက သူတို့ ဆောင်ရွက်မည့် ဆက်ဆံရေး လမ်းကြောင်း ပိတ်ဆို့သွားနိုင် သည်ဟူ သော အကြောင်းပြချက်များကိုသာ ထပ်တလဲလဲ ကြားလာခဲ့ရသည်။

 

တကယ်တမ်း မြန်မာပြည်တွင် ကျွန်သာသာ အခိုင်းခံနေရသူများ၊ အသတ်ခံထားရသူများ၊ အဓမ္မကျင့် ခံထားရသူများ၊ ခေါင်းပုံဖြတ် ခံခဲ့ရသူများ ဒု နှင့် ဒေး ရှိနေပြီးလည်း ဖြစ်သည်။

 

ထိုအရေးအား အိုင်စီဂျေ ကို တိုက်ရိုက် ရောက်မသွား နိုင်အောင် ကိုင်တွယ် နိုင်မည့် နည်းလမ်းများက ရှိနေပြီး ဖြစ်သည်။ COI ဖြင့် ကုလ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးမှ ဖြစ်ပျက်နေသည် များကို စုံစမ်းရန် ခွင့်ပြုနိုင်သည်။ ထိုသို့ စုံစမ်းမှုများသည်လည်း အချက်အလက် ရှာဖွေရေး လုပ်ငန်းစဉ် သဘောမျိုးလောက်သာ ရည်ရွယ်ထားဖို့ ဖြစ်သည်။

 

အဆုံးတွင် ပရက်စ်မင်း၏ COI သည် ချောင်ထိုး ခံလိုက်ရပေတော့သည်။ မြန်မာတွင် တဆင့်ချင်း တဆင့်ချင်း ပွင့်လာနိုင်သည့် ဒီမိုကရေစီ နှင့် လူ့အခွင့် အရေး ရည်မှန်းချက်များ ဖြစ်ပေါ်ရေး အမေရိကန် ၏ ကြိုးပမ်းမှုများကို ဖျက်လို ဖျက်ဆီး လုပ်ရရောက်မည် ဟု ပြောနေသော အဖွဲ့က အနိုင် ရသွားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

 

မိမိသည်လည်း ထိုအချိန်က ထိုပုဂ္ဂိုလ်များ ကဲ့သို့ပင် စိုးရိမ်မကင်း ဖြစ်နေမိခဲ့သည်။ စစ်ရာဇဝတ်မှု ခုံရုံး ဖွဲ့သည့် အဆင့် ရောက်ရန် မရည်ရွယ်ဟု ဆိုသော်ငြားလည်း ဧကစာရီ တံခါးပိတ် ဝါဒ ကျင့်ကြံနေသည့် စစ်အစိုးရ မှ ဖွင့်ပေးလာသော ဆက်သွယ်ရေး လမ်းကြောင်း ပိတ်ဆို့သွားနိုင်သည်ဟု ယူဆထားခဲ့ မိသည်။

 

ယခု စာအုပ်ရေးသား ပြုစုနိုင်ရန် ဒေးဗစ် ပရက်စ်မင်း နှင့် တွေ့ဆုံ စကားပြောဖြစ်ခဲ့သည့် အခါတွင် တော့ သူလုပ်လိုသည့် COI လုပ်ငန်းစဉ်များကို သိလာရပြီး ကျမ ၏ သဘောထား ပြောင်းလဲ သွားခဲ့ရသည်။ 

 

အကယ်၍များ COI ကို စကား အသုံးအနှုံး၊ အခြား ရှုထောင့် တခုခု ပြောင်းပြီး ပြောဆိုနိုင်ခဲ့မည် ဆိုလျှင် စစ်အစိုးရနှင့် ဆက်ဆံရေး အား ထောက်ခံနေသူများ လက်ခံနိုင်ဖွယ် ဖြစ်လာမလားဟု တွေးတောနေမိခဲ့သည်။

 

သို့သော်လည်း ၂၀၁၇ တွင် ပေါ်ပေါက်ခဲ့သော ရိုဟင်ဂျာ ပြဿနာ၊ ၂၀၂၁ အာဏာသိမ်းပွဲ နောက်တွင် ဖြစ်ပျက်လာခဲ့မှုများကို ကြည့်မည်ဆိုက အကယ်၍ ပရက်စ်မင်း၏ COI သာ အကောင်အထည် ဖေါ်နိုင်ခဲ့လျှင် ခြေလှမ်း အသင့်အတင့် မျှ သာ စနိုင်ခဲ့သေးသည် ဟု တကယ်တမ်း ပြော၍ ရပေသည်။

 

(ပုံတွင် တွေ့ရသော မစ္စတာ ဒေးဗစ် ပရက်စ်မင်းသည် ယခုအခါ ဟန်ဂေရီနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် အမည်စာရင်း တင်သွင်းခြင်း ခံထားရသည်)