နိုင်ငံတကာ အနေဖြင့် စစ်တပ်အလွန် ကာလ အတွက် ပြင်ဆင်ထားဖို့ လိုပြီဟု စင်္ကာပူ သုတေသီ အဖွဲ့ပြော

by Hla Soewai - Jul 14 2022

အဆိုပါ ခေါင်းစဉ် ဖြင့် မြန်မာ အရေး လေ့လာနေသူ စင်္ကာပူ တက္ကသိုလ်မှ Anders Kristein Muller ရေးသားထားသော ဆောင်းပါးအား ISEAS Yusof Ishak Institute တွေးခေါ်မြှော်မြင်ရေး အဖွဲ့၏ စာစောင်တွင် ဖေါ်ပြထားသည်ကို ကောက်နှုတ်တင်ပြပါမည်။

 

တော်လှန်ရေးကြီး အောင်မှာလားဟု ကျွန်တော်အား မကြာခဏ အမေးခံရသည်၊ ထိုအမေးကို ဖြေရဖို့က ရှည်ဝေးစွာ ရှင်းပြနိုင်မှ ဖြစ်ပေမည်။ ယခု ဆောင်းပါးရှင်က ဖြေဆိုသွားပြီ ဖြစ်သည်။

 

ကျွန်‌ တော် အနေဖြင့် အခုလို ‌ပြည်ပ မှ ပညာရှင်များ ပြောသည်ကိုသာ တင်ပြလိုပေသည်၊ ကျွန်တော်ဖာ ကျွန်တော် ရေးပါက မိုတီများ ဖောသီစွာ ပေးနေသည်ဟု စွပ်စွဲ ခံရနိုင်သည်။

 

ယခုစာတမ်းအား ပြုစုသူက (၁) နိဒန်း၊ (၂) သိထားပြီးသော မသိကိန်းများ (၃) အာဏာ လက်ဝါးကြီး အုပ်ထားသူများ ပြောင်းလဲပစ်နိုင်ရန် ပြင်ဆင်ခြင်း ဟူ၍ ဖြစ်သည်။ သုံးပိုင်းစလုံးကို တနေ့တည်း အပြီး တင်ပြနိုင်ရန် ကြိုးစားသွားပါမည်။

 

နိဒန်း

 

၂၀၂၁ ဖေဖေါ်ဝါရီ လတွင် အာဏသိမ်းပြီး ဖွဲ့စည်းလာခဲ့သည် စစ်ကောင်စီ ၏ အာဏာဆုပ်ကိုင်ထားမှုများသည် တဖြေးဖြေး နှင့် တိုး၍ တိုး၍ ပြေလျော့ကျဆင်းလာနေပြီ ဖြစ်သည်။ ထိုအလားအလာများ ကြောင့် နိုင်ငံ အုပ်ချုပ်ရေး အာဏာ ရုတ်ခြည်း လစ်ဟာသွား နိုင်မည့် အရေး အား နိုင်ငံတကာ အနေဖြင့် အလေးအနက် ထည့်သွင်းစဉ်းစားပြီး အစီအမံ များ ချမှတ်ထားဖို့ လိုအပ်လာပြီ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ၏ လက်နက်များ ထောက်ပံ့ပေးကြပါရန် တောင်းဆိုနေမှုများကို လစ်လျု ရှုခဲ့လျင်တောင်မှ စီးပွားရေး အကူအညီ နှင့် စွမ်းဆောင်ရည် တည်ဆောက်ပေးရေး ကဲ့သို့ သော နယ်ပယ်များ တွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်စရာ များစွာ ရှိနေ၍ NUG နှင့် ထိတွေ့ဆက်ဆံဖို့ လိုအပ်လာနေသည်။ သို့မှသာ အာဏာသိမ်း အဖွဲ့ ပြိုလဲသွားခဲ့လျှင် failed state အဖြစ် ရောက်ရှိသွားမည့် အဖြစ်မှ ရှောင်ရှားနိုင်မည် ဖြစ်သည်။

 

မြန်မာတွင် လက်ရှိ ဖြစ်ပေါ်နေသော ပြည်တွင်း ပဋိပက္ခများ ကြောင့် စီးပွားရေး၊ လူမှုရေး အနေအထားများ မည်မျှ အတိုင်းအတာ အထိ ထိခိုက် နေသည်ကို ခန့်မှန်းဖို့ မလွယ်ကူလှပေ၊ စစ်ကောင်စီ သည် ပြည်သူများအား ၎င်းတို့ အလိုကျ အညံ့ခံလာစေရန် မြေလှန်စနစ် ကျင့်သုံးပြီး လေကြောင်းမှ တိုက်ခိုက်မှုများ နိုင်ငံ တဝှမ်း ပြုလုပ်လျက် ရှိနေသည်။

 

အာဏာသိမ်းမှုကြောင့် ဖြစ်ခဲ့ရသော စီးပွားရေး၊ လူမှုရေး အကျပ်အတည်းများသည် ကိုဗစ် ကပ်ရောဂါကြီးကြောင့် နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသလို ဖြစ်ခဲ့ရပြီး နိုင်ငံလူဦးရေ၏ လေးပုံတပုံသည် ဆင်းရဲတွင်း ထဲ နစ်မွန်းသွားခဲ့ရပြန်သည်။ အထူးသဖြင့် ကျေးလက်နေ ပြည်သူများ အထွေထွေ သော ဘေးဒုက္ခများ နှင့် ရင်ဆိုင်ခဲ့ကြရသည်။ နိုင်ငံအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများ နှစ်ဆခန့် ပိုများလာခဲ့ပြီး ယခုအခါ ရှစ်သိန်း ခန့်အထိ ရှိလာနေပြီ ဖြစ်သည်။ မြန်မာအရေးကို နှစ်ပေါင်းများစွာ ကတည်းက အစဉ်တစိုက် စောင့်ကြည့်နေသည့် ဘာတေး လစ်တနာ ၏ အဆိုအရ စစ်ကောင်စီ ကျင့်သုံးနေသော ဗျုဟာ များသည် ပြည်သူတို့၏ ခုခံ တွန်းလှန်မှ ဖြစ်မည်ဟူသော ခံယူချက်အား ခိုင်မာသည်ထက် ခိုင်မာအောင် လုပ်ပေး‌သလို ဖြစ်လာနေသည်ဟု သိရသည်။

 

ပြင်ပမှ ရှုမြင်နေမှုများအရ မြန်မာနိုင်ငံတွင်းရှိ ပဋိပက္ခသည် စစ်ကောင်စီ ဖက်က ရှုံးနိမ့်သွားဖွယ် မရှိသော်လည်း တဖြေးဖြေး နှင့် လုံးပါး ပါးမည့် ရေရှည် စစ်ပွဲကြီး အသွင်သို့ ဦးတည်နေသည်ဟူ၍ ဖြစ်သည်။

 

စစ်သည်အင်အား ၃၅၀,၀၀၀ ခန့်ရှိသော စစ်တပ်သည် ၁၉၅၀ ကျော် ကာလများထဲက မြန်မာ့ နိုင်ငံရေး တွင် ရှေ့တန်းမှ ပါဝင်လာခဲ့သည်။ ယင်းနှင့် အတူ ထုနှင့်ထည်နှင့် ခြေကုပ်ယူလာနိုင်ခဲ့၍ ဝဖြိုးစည်ပင်လာခဲ့သည်။

 

အစိုးရ ဘဏ္ဍာတိုက် တံခါးသော့ ကို ကိုင်ထား နိုင်

သည့်အပြင် သဘာဝ သယံဇာတများ ရောင်းချရာမှ ရရှိသော နိုင်ငံခြားငွေများ၊ ကျယ်ပြန့်စွာ ဖြန့်ကျက်ချထားသော ဦးပိုင် လုပ်ငန်းများ၊ ကရိုနီများ နှင့် ဆက်စပ်နေသော ပုဂ္ဂလိကပိုင် လုပ်ငန်းများ နှင့်လည်း ချိတ်ဆက်ထားပြန်သည်။

 

ထိုကဲ့သို့ သော ‌ငွေကြေး အရင်းအမြစ်များ လက်ဝယ် ရှိနေပြီး နှစ်ပေါင်း ၇၀ နီးနီး ရပ်တည်လာခဲ့သော စစ်တပ် အား ဖြစ်သလို စုပေါင်း စပ်ပေါင်း ဖွဲ့စည်းလာသည့်‌ တော်လှန်ရေး အင်အားစုများက မည်ကဲ့သို့များ ပြိုလဲအောင် လုပ်နိုင်မည် လဲ ဆိုသည်က တွေးရ ခက်လှသည်။

 

သို့သော်လည်း ဤသည်တို့က အပေါ်ယံ ကြည့်ပြီး သုံးသပ်နေမှုများသာ ဖြစ်ပြီး လက်တွေ့ မြေပြင် အနေအထားများက ရှုပ်ထွေး နက်နဲနေပေသည်။ စစ်တပ်တွင် စစ်သည်အင်အား ၁၀၀,၀၀၀ အောက် မျှသာ တိုက်ပွဲဝင် နိုင်သည့် အဆင့် ရှိနေပြီး ကျန် တပ်ဖွဲ့ဝင်များက ထောက်ပို့ ရေး ဖက်တွင် ရှိနေကြသည်။

 

ထိုမျှလောက်သော အင်အား ကို ဖြန့်ကျက် ဆန့်ထုတ်ပြီး တနိုင်ငံလုံး အနှံ့ပေါ်ပေါက်လာနေသော တော်လှန်ရေး တပ်ဖွဲ့များကို ရင်ဆိုင်နေကြရသည်။ အထူးသဖြင့် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း နှင့် အရှေ့ပိုင်း ဒေသများတွင် ဖြစ်သည်။ ထိုဒေသများတွင် KIA, TNLA တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နှစ်ဆယ်ခန့် ရှိနေပြီး ၎င်းတို့အားလုံးသည်လည်း ပြည်သူ ကာကွယ်ရေး တပ်ဖွဲ့ (PDF) များ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့ (LDF) များ နှင့် ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်လာ‌ နေကြပြီ ဖြစ်သည်။

 

ထိုအနေအထားမျိူး ဖြစ်လာအောင် ဆဲလူလာ ဖုန်းများ နှင့် ဆက်သွယ်နိုင်၍ စစ်တပ် အနေဖြင့် တခါဖူးမျှ ကြုံခဲ့ ဖူးခြင်း မရှိသည့် celluarised warfare နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

NUG မှ ပြုစုထားသော စာရင်းဇယားများအရ ထောင်ပေါင်းများစွာသော စစ်သားများ တိုက်ပွဲများတွင် ကျဆုံးနေပြီး နှစ်ထောင်ခန့် ခိုလှုံလာပြီး ဖြစ်သည်ဟု သိရသည်။ ထပ်မံ သိရသည့် အရပ်စကားများအရ အချို့ဒေသများတွင်ရှိ တပ်ရင်းမှူး များက ကြံရာမရ ဖြစ်ကာ တပ်အပြောင်းအရွှေ နှင့် တပ်အင်အား ဖြည့်တင်းနိုင်ရန် LDF များနှင့်ပင် အပစ်အခတ် ရပ်စဲရေး တရားမဝင် လုပ်လာကြသည်ဟု ဆိုသည်။

 

တပ်ရင်း တပ်မမှုးများအား မကြာခဏ အလဲအလှယ် လုပ်လာနေခြင်းကပင် ရန်သူအား မဟန့်တားနိုင်မည့် အရေးကို စစ်တပ်ဖက်က စိုးရိမ်လာနေသည်မှာ ထင်ရှားနေသည်။

 

ထိုသို့သော အနေအထားများ ကြောင့် စစ်တပ်၏ အာဏာ ဆုပ်ကိုင်ထားမှုသည် ထိလွယ်ရှလွယ် ဖြစ်လာနေသည်။ အနောက်အုပ်စု၏ ပိတ်ဆို့ ဒဏ်ခတ် မှုများသည်လည်း စစ်တပ် ထံ ငွေကြေး နှင့် လက်နက်များ စီးဝင်နေမှုကို ဟန့်တားနိုင်ခဲ့ခြင်း မရှိပေ။ စစ်တပ်သည် မြို့ပြများကိုသာ အဓိက ထိန်းချုပ် ထားနိုင်ပြီး LDF နှင့် PDF များ တက်ကြွစွာ လှုပ်ရှားနေသည့် မြို့ငယ်များ နှင့် ကျေးလက်များတွင် အုပ်ချုပ်ရေး အာဏာ အား တည်ဆောက်နိုင်ခြင်း မရှိသေး။ 

 

ထုတ်ပြန်ရခြင်း မရှိသေးသော ပေါ်လစီ စာတမ်းတွင် မြို့နယ်ပေါင်း ၃၃၀ အနက် ၂၀၀ ခန့်သည် စစ်တပ်နှင့် မပတ်သက်သော အုပ်ချုပ်ရေး ပုံစံ အမျိုးမျိုး ကို တကျောင်းတဂါထာ တရွာ တပုဒ် ဆန်း ဆိုသလို ကျင့်သုံးနေကြသည်ဟု ဖေါ်ပြထားသည်။

 

တိုင်းရင်းသား လက်နက်ကိုင် EAO များသည်လည်း ကသောင်းကနင်း ဖြစ်လာနေမှုများကို အခွင့်ကောင်းယူကာ နယ်မြေများကို ချဲ့ထွင်လာနေကြသည်။ 

 

အထက်ပါ အနေအထားများကို ကြည့်က စစ်တပ်မှ တိုင်းပြည်အား ထုတ်ပြရန် ကြိုးစားနေသည့် အင်အား အနေအထား နှင့် ထိန်းချုပ်နိုင်နေပြီ ဆိုသည့် ရုပ်ပုံလွှာများ နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက် ရှိနေသည်။

 

ထိုအတောအတွင်း နိုင်ငံတဝှမ်းရှိ တော်လှန်ရေး အင်အားစုများသည် အင်အား၊ စွမ်းဆောင်ရည် နှင့် ဆက်စပ် လှုပ်ရှားနိုင်မှု များ ဆက်လက်၍ မြင့်တက်လာနေပြီ ဖြစ်သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ၏ အစီရင်ခံစာ တွင် ပါရှိလာခဲ့သည်။

 

စစ်ကောင်စီ အပေါ် မည်သို့မည်ပုံ ဆက်ဆံသွားရမည် ဆိုသည် အပေါ် နိုင်ငံတကာ မှ ဝေခွဲမရ ဖြစ်နေဆဲ ဖြစ်သဖြင့် အဓိက အင်အားကြီး နိုင်ငံတနိုင်ငံကမျှ တရားဝင် အသိအမှတ် ပြုလာခြင်းမျိုး မရှိသေးပေ။

 

အထက်တွင် ပြောခဲ့သလို တဖက်နှင့် တဖက် အမှည့်ချွေနေသည့် ရေရှည် စစ်ပွဲမျိုး ဆိုပါက စစ်တပ်သည် အနိုင်ရအောင် တိုက်နိုင်စွမ်း မရှိတော့သည့် တချက်တည်း နှင့်ပင် အရေးနိမ့်လာဖို့သာ ရှိပေတော့သည်။

 

"သိထားပြီးသော မသိကိန်းများ" ကို ဆက်လက်တင်ပြသွားပါမည်။

 

(၂) သိထားပြီးသော မသိကိန်းများ

************************

 

နိုင်ငံတွင်း ရင်ဆိုင်နေရသော ပဋိပက္ခသည် ရှုပ်ထွေးလွန်းလှသည်။ စစ်တပ်ဟူ၍ ပီပီပြင်ပြင် မပေါ် ပေါက်သေးသည့် ဒုတိယ ကမ္ဘာစစ် မတိုင်မီ ကာလကတည်းက လူမျိုးစုများ၏ မကျေနပ်ချက်များက ရှိနေပြီး ဖြစ်သည်။ လက်ရှိ စစ်တပ်အား လက်နက်ကိုင် ဆန့်ကျင်နေကြသော EAQ အဖွဲ့ နှစ်ဆယ် ကျော်အနက် အင်အား တသောင်းခန့် တိုက်ပွဲဝင် အနေအထား ရှိသော အဖွဲ့ ငါးဖွဲ့ခန့် ရှိနေသည်။

 

အခြား အသစ်ပေါ်ပေါက်လာသော လက်နက်ကိုင် အုပ်စုများအဖြစ် ပျူစောထီးများနှင့် ယခင်ရှိ ထားနှင့်သော နယ်ခြားစောင့်တပ်ဖွဲ့ ဒါဇင်ပေါင်းများစွာ ရှိနေပြန်သည်။ ထိုအဖွဲ့များသည် စစ်တပ်မှ ကျောထောက် နောက်ခံ ပေးထားခြင်း သို့မဟုတ် စစ်တပ်၏ ဩဇာခံ အဖြစ် ရှိနေကြသည်။

 

ထို့အပြင် လက်နက် ကိုင်ဆောင်ထားခြင်း မရှိသည့် နိုင်ငံရေး ပါတီများ၊ မြို့ပြ အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့များသည် နိုင်ငံရေး ပထဝီ မြေ အနေအထားအရ ဆိုက မြေငလျှင် ကြောကြီးများ အလား ရစ်ပတ် နွယ်ယှက်နေသည်။ ပြည်ပ အကျိုးစီးပွား ပြဋ္ဌာန်းလာမှုများ ကိုပါ ထည့်တွက်မည် ဆိုလျှင် ထူပိန်း‌‌သော ဆေးသားများနှင့် ခြယ်သထားသည့် ရောင်စုံကျောက်များဖြင့် ကပ်ကာ ဖန်တီး ထားသည့် ပန်းချီကားတချပ်လို ဖြစ်နေပေသည်။

 

ထိုအထဲတွင် "သိထားပြီးသော မသိကိန်း" အနည်းငယ်က လက်ရှိ အာဏာချိန်ခွင်လျှာကို ယိမ်းယိုင် သွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေပြန်သည်။ 

 

ပထမဆုံး မသိကိန်း ဆိုသည်မှာ စစ်တပ် နှင့် အပစ်အခတ် ရပ်စဲရေး လုပ်ထားသော ရခိုင်တပ်တော် AA နှင့် ညီညွတ်သော ဝ ပြည်နယ် တပ်တော် UWSA တို့ဖြစ်သည်။ ထိုနှစ်ဖွဲ့ထဲမှ တဖွဲ့ဖွဲ့သည်သာ စစ်တပ်နှင့် စစ်ရေးအရ ထိပ်တိုက် ရင်ဆိုင်လာမည်ဆိုက လက်ရှိ အင်အားချိန်ခွင်လျှာကို ယိမ်းယိုင် သွားအောင် ကောင်းစွာ ဖန်တီးနိုင်စွမ်း ရှိနေသည်။

 

UWSA သည် နိုင်ငံတွင်းရှိ EAO များထဲတွင် လူအင်အားရော၊ လက်နက်အင်အား ပါ တောင့်တင်း ခိုင်မာမှု အရှိဆုံးဟု သတ်မှတ်ခံထားရသော အဖွဲ့လည်း ဖြစ်သည်။ သို့သော်လည်း စစ်တပ်မှ ရေးဆွဲ ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အရ နိုင်ငံရေးအရ လိုက်လျောမှု များ ရရှိထား၍ ၎င်းတို့အနေနှင့် စစ်တပ် နှင့် ထိတ်တိုက် ရင်ဆိုင်ဖို့ တွန်းအားများ လျော့နည်း သွားခဲ့ရသည်။

 

AA သည် ၂၀၀၉ ခုနှစ်တွင် ပေါ်ပေါက်လာပြီး အင်အား မည်မျှအထိ ရှိသည်ကို မသိရ ဖြစ်နေသော် လည်း တခဏ အတွင်းမှာပင် စစ်ရေးစွမ်းရည် အရ ရခိုင် မြောက်ပိုင်းတွင် အဖွဲ့အစည်း တခု အဖြစ် အခိုင်အမာ ခြေချ လာနိုင်ပြီ ဖြစ်၍ စစ်တပ်အဖို့ နင်လားငါလား ရင်ဆိုင်ရမည့် အဖွဲ့ကြီး အဖြစ် ကြီးထွားလာခဲ့သည်။ 

 

 AA သည် ၂၀၂၀ တွင် စစ်တပ်နှင့် ရရှိခဲ့သော အပစ်အခတ် ရပ်စဲရေး ကို လိုက်နာသွားမည်ဟု လူသိ ရှင်ကြား ပြောထားခဲ့ပြီး ဖြစ်သော်လည်း မကြာမီ လများ အတွင်းက အသေးစား ထိတွေ့ တိုက်ပွဲများ ဖြစ်လာနေ၍ အချိန်မရွေး ပျက်ပြယ်သွားနိုင်သည့် သဘော ရှိ‌လာသည်။ ၎င်းတို့၏ နယ်မြေကို စစ်တပ်ဖက် မှ ‌လေးစားလိုက်နာခြင်း မရှိက စစ်ပွဲကြီး အသွင် ကူးပြောင်းသွားမည်ဟု ပွင့်ပွင့်လင်းလင်း သတိပေးလာခဲ့သည်။

 

အာဏာသိမ်းမှုကြောင့် အုပ်ချုပ်ရေး လစ်ဟာသွားသော နယ်မြေများတွင် AA က အစားထိုး ဝင်ရောက် လာခြင်း၊ နယ်မြေများ ချဲ့ထွင်လာခြင်း၊ NUG နှင့်လည်း ဆွေးနွေးနေခြင်း အစရှိသည့် သတင်းများ လည်း ထွက်ပေါ်လာခဲ့သည်။

 

စစ်တပ်သည် ယခုအခါ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသများနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ များအတွင်း ခေါင်းမဖေါ်နိုင်အောင် ဖြစ်နေ၍ ရခိုင်ပြည်နယ်တွင် တတိယ စစ်မျက်နှာတခု ပေါ်ပေါက် လာမည် ဆိုလျှင် စစ်တပ်အဖို့ ပျက်စီးခြင်း ငါးပါး ဆိုက်ဖို့ ဖြစ်လာပေတော့မည်။

 

ဒုတိယ မသိကိန်း သည်က အသစ် ဖွဲ့စည်း ပေါ်ပေါက်လာသော တော်လှန်ရေး အင်အားစုများပင် ဖြစ်သည်။ ထောင်သောင်းချီသော ‌မြို့ပြ နှင့် ကျေးလက် ဒေသမှ လူငယ်များသည် EAO များ ၏ စစ်သင်တန်းများကို တက်ရောက်ခဲ့ကြပြီး ယခုအခါ တိုက်ပွဲ အတွေ့အကြုံများ တနှစ်နီးပါးခန့် ရထားပြီး ဖြစ်၍ စစ်ရေ ဝ လာကြသည်။

 

PDF နှင့် LDF တို့၏ လက်နက်အင်အားသည် တူမီး သေနတ်များ မှသည် ဒုံးကျည်များ၊ ပြည်ပမှ တင် သွင်းလာသော အပေါ့စား လက်နက်များ၊ 3 D printed သေနတ်များ အထိ အမျိုးအစား စုံလင်လှသည်။ တဖြေးဖြေး နှင့် တိုက်ပွဲစွမ်းရည်၊ နည်းဗျူဟာများကို မြှင့်တင်လာနိုင်ပြီး၊ EAO များနှင့် သာမက တဖွဲ့ နှင့် တဖွဲ့လည်း ပေါင်းစည်း ညှိနှိုင်းဆောင်ရွက်လာနေကြပြီ ဖြစ်သည်။

 

NUG ကလည်း အမြဲတမ်း တပ်မတော် အသွင် ပေါ်ပေါက်လာရန် ယူနီဖောင်း အပြည့်အစုံနှင့် လေ့ ကျင့်ပေးလာခဲ့သည်။ မည်မျှအထိ အင်အား ရှိသည်ကိုမူ တင်းကျပ်စွာ လျှို့ဝှက်ထားသဖြင့် မသိရ သေးပေ။ အတွင်းသတင်းများ အဆိုအရ NUG မှ လေ့ကျင့်ပေးထားသူ များ အပါအဝင် PDF အင်အားသည် ၅၀,၀၀၀ ခန့် ရှိနေပြီး NUG နှင့် မဟာမိတ် ဖွဲ့ထားသည့် LDF များသည် ၆၀,၀၀၀-၇၀,၀၀၀ ခန့် ရှိနေသည်ဟု သိရသည်။

 

အဆိုပါ အရည်အတွက်ကိုသာ အမှန်ဟု အတည်ပြုနိုင်ခဲ့လျှင် တနိုင်ငံလုံးတွင် တော်လှန်ရေး အင်အား စုများ ၁၁၀,၀၀၀ ခန့်အထိ ရှိနေပြီဟု ဆိုရမည်။ သို့သော်လည်း လက်နက်အင်အား ချို့ငဲ့နေမှု သည် တော်လှန်ရေး အင်အားစုများ ၏ အကြီးမားဆုံး အားနည်းချက် ဖြစ်လာရသည်။ တဖက်တွင် စစ်တပ်သည် လေကြောင်းမှ အသာစီး ရနေပြန်သည်။

 

ဖြစ်လာနိုင်ဖွယ် မရှိလှသော်လည်း ပြင်ပ အဖွဲ့အစည်းတခု မှသာ ‌ငွေကြေး နှင့် လက်နက် အကူအညီ များ ပေးလာမည် ဆိုက တော်လှန်ရေး အင်အားစုများဖက်မှ အလျှင်အမြန်ပင် အားသာ သွားမည် ဖြစ်သည်။

 

နောက်ထပ် ထည့်သွင်း စဉ်းစားရမည့် ဖြစ်လာနိုင်ခြေတခုက အထက်တန်း စစ်ဖက် အရာရှိကြီးများ (အနည်းဆုံး ဗိုလ်မှူးချုပ် အဆင့်ရှိသူ) ခိုလှုံလာနိုင်မှုပင် ဖြစ်သည်။ စစ်တပ် အတွင်း စိတ်ဓါတ်ရေးရာ များ ‌တရဟော ကျဆင်းလာနေ၍ အစုလိုက် အပြုံလိုက် ခိုလှုံလာစရာ အကြောင်းများ ဖြစ်လာ နိုင်သည်။

 

လောလောဆယ်တွင် ဖြစ်လာနိုင်ဖွယ် မရှိသေးသော်ငြားလည်း စစ်တပ်၏ ထိပ်ပိုင်း ခေါင်းဆောင် ပိုင်းများအပေါ် မင်းအောင်လှိုင်၏ ချုပ်ကိုင်ထားနိုင်မှုမှာ ပြေလျော့လာနေပြီး ပြည်တွင်း နှင့် တတိယ နိုင်ငံတခုခု တွင် ခိုလှုံနိုင်မည့် အလားအလာများ ရှိလာမည် ဆိုက တိုး၍ တိုး၍ ခိုလှုံလာကြမည်သာ ဖြစ်သည်။

 

အာဏာရှင် အစိုးရ ပြိုလဲသွားသည်နှင့် အခွင့်ထူးခံ အီလစ်များ၏ ဆန့်ကျင်လာခဲ့မှုများလည်း သမိုင်း တလျှောက်တွင် နမူနာများစွာ ရှိခဲ့ပြီး ဖြစ်သည်။ထို့အပြင် မင်းအောင်လှိုင်အား ဖယ်ရှားနိုင့်မည့် အုပ်စု တစု စစ်တပ်အတွင်း ပေါ်လာနိုင်သည့် အလားအလာ ရှိနေပြန်သည်။ ထိုသို့ ဖြစ်လာမည် ဆိုကလည်း စစ်တပ်၏ သဘောထား ပျော့ပြောင်းသွားလိမ့်မည်ဟုတော့ တထစ်ချ မှတ်ယူ၍ မရပေ။

 

စစ်အာဏာသိမ်း အဖွဲ့အား ဆန့်ကျင်နေသူများ ဖက်တွင် တူညီသော အမြင် ဖြင့် တသားတည်း ရှိမနေ ကြခြင်းကလည်း အကြီးမားဆုံး အားနည်းချက် ဖြစ်နေပြန်သည်။ ဤသည်မှာ တိုင်းရင်းသား လူနည်း စုများ အကြား သမိုင်းအဆက်ဆက် ညီညွတ်မှု မရှိခဲ့ခြင်းက အရင်းခံလာခဲ့ခြင်းဖြစ်နေသည်။ ထိုအနေ အထားကို ဆွပေးသလို ဖြစ်သွားရသည်က ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းလာသည့် NUG အား အတွင်းဓါတ်ခံအရ သံသယရှိလာ နေမှု များပင် ဖြစ်သည်။

 

ထိုသို့ အကွဲကွဲ အပြားပြား ဖြစ်နေသည့် အတိုက်အခံ အင်အားစုများသည် တိုင်းပြည်၏ အနာဂတ် အရေး အတွက် အားလုံးပါဝင်နိုင်မည့် နိုင်ငံရေး လုပ်ငန်းဘောင် တခု ချမှတ်နိုင်ခဲ့ကြမည် ဆိုလျှင် စစ်တပ် အနေဖြင့် မည်သို့မျှ ယှဉ် နိုင်စွမ်း မရှိသည့် နိုင်ငံရေး၊ စစ်ရေး အင်အားစုကြီး ထုနှင့် ထယ်နှင့် ပေါ်ပေါက်လာပေတော့မည်။

 

NUG သည်လည်း ထိုသို့ ပေါ်ပေါက်လာနိုင်ရန် အမျိုးသား အတိုင်ပင်ခံ ကောင်စီ NUCC မှတဆင့် ကြိုးစား ဆောင်ရွက်လျှက် ရှိနေသည်။ NUG ၏ ၂၀၂၁ ဖွဲ့စည်းပုံ ပဋိညာဉ်အား ညီလာခံ တရပ် ခေါ်ယူကာ တက်ရောက်လာသော ကိုယ်စားလှယ် ၄၀၀ ခန့်က အတည်ပြုခဲ့ကြပြီးလည်း ဖြစ်သည်။

 

မည်သို့မည်ပုံ အဆင့်ဆင့် ‌အကောင်အထည် ဖေါ်သွားမည်နှင့် မည်သို့ အပြန်အလှန် စစ်ကြော ထိန်းညှိ သွားမည်ဆိုသည့် check and balance များနှင့် ပတ်သက်၍ အတားအဆီးများ ရှိနေဆဲပင် ဖြစ်သည်။ သမိုင်းစဉ် အဆက် နစ်နာခဲ့ရမှုများကို ဖြေရှင်းကျော်လွှားနိုင်ဖို့က အချိန်ယူရဦးမည်သာ ဖြစ်သည်။

 

ဆုမွန် သဇင်အောင်ကမူ "NUCC လုပ်ငန်းစဉ်များသည် မည်သို့မျှ လက်လွတ်ခံ၍ မဖြစ်သဖြင့် အဓိက သက်ဆိုင်နေသူများ အားလုံးအနေနှင့် စစ်တပ်ကို တိုက်ခိုက်မှ ဖြစ်မည်ဆိုသော ခံယူချက်ဖြင့် တဆင့်ချင်း ဖြေရှင်းသွားမည်သာ ဖြစ်သည်" ဟု ဆိုသည်။

 

NUCC သာ ပြည်နယ် ပြည်မ ဆက်ဆံရေးအား ပြန်လည် ပုံဖေါ်နိုင်မည့် ဖက်ဒရယ် ပဋိညာဉ် စာတမ်း အသစ်တခုကို အောင်မြင်စွာ စေ့စပ် ဆွေးနွေး နိုင်ခဲ့မည် ဆိုလျှင် လက်ရှိ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည့် လမ်းကြောင်းမှာ သိသိသာသာ ပြောင်းလဲသွားတော့မည် ဖြစ်သည်။ စစ်တပ်ကို တစု တစည်းတည်း တော်လှန် နိုင်မည် ဖြစ်ပြီး နိုင်ငံတကာ၏ အသိအမှတ် ပြုမှုကို ရလာနိုင်ဖွယ် ရှိနေသည်။

 

ယခု တင်ပြခဲ့ခြင်းသည် မည်သည့်နည်းနှင့် မျှ ရှိသမျှ အကုန်အစဉ် ချပြနိုင်ခဲ့ခြင်းမျိုးတော့ မဟုတ်၊ မြန်မာ၏ ဘူမိနိုင်ငံရေး မြေအနေအထားသည် အကွေ့အကောက် အနိမ့်အမြင့်များဖြင့် ရှုပ်ထွေး လွန်းလှသည်။ တင်ပြခဲ့သည့် အချက်အလက် တခုတည်း နှင့် တော့ စစ်တပ်ကို အနိုင်ရရှိဖို့၊ ချက်ခြင်း ပြိုကွဲသွားဖို့တော့ ဖြစ်နိုင်မည် မဟုတ်ပေ။

 

သို့သော် တခုချင်းစီကပင် အာဏာဆုပ်ကိုင်ထားသူများကို ပြောင်းသွားအောင် လုပ်နိုင်သည့် အခွင့် အလမ်းများ ဖန်တီးနိုင်စွမ်း ရှိနေသည်။ မည်သို့မည်ပုံ အပြောင်းအလဲ ဖြစ်လာမည် ဆိုသည်က ခန့်မှန်းရ ခက်ပေသည်။

 

အဓိက ပြောလိုသည့် အချက်မှာ လက်ရှိ အနေအထားသည် သုံည အနေအထား မဟုတ်၊ အခွင့်အလမ်း များက တဖြေးဖြေး တိုး၍ လာနေပြီး တဖက်တွင် စစ်တပ်၏ အာဏာကို ဆုပ်ကိုင်ထားမှုသည် လျော့ရဲ လာနေပြီ ဖြစ်သည်ဟု ဆိုလိုရင်း ဖြစ်သည်။

 

ထိုအချက်အား နိုင်ငံတကာ အနေဖြင့် သတိပြုသင့်လှသည်။ သို့မှသာ ပို၍ ကြီးမားလာဖွယ်ရာ ရှိနေ သည့် လူသားချင်း စာနာထောက်ထားစရာ အကျပ်အတည်းများ နှင့် ချွတ်ခြုံကျ သွားသော နိုင်ငံ အနေအထား ရောက်သွားသည့် အဖြစ်မျိုးမှ ရှောင်ရှားနိုင်မည် ဖြစ်ပေသည်။

 

 

(၃) အာဏာ လက်ဝါးကြီး အုပ်ထားသူများအား ပြောင်းလဲပြစ်နိုင်ရန် ပြင်ဆင်ခြင်း

*******************

 

အပြုသဘောင် ဆောင်သည့် ဝင်ရောက် ဖြန်ဖြေမှုမျိုး မရှိပါက မြန်မာသည် ရေရှည် ဖြစ်သွားနိုင်သည့် ပဋိပက္ခ နွံကြီးထဲ နစ်သွားနိုင်သည့် အလားအလာ ရှိနေသည်။ သိထားပြီးသား မသိကိန်းများက လက်ရှိ ချိန်ခွင်လျှာ အနေ အထားကို တဖက်စောင်းအောင် ပြုနိုင်ခဲ့လျှင်ပင် တဖြေးဖြေး နှင့် ပြိုလဲလာနေသော စစ်တပ်သည် ပဋိပက္ခကို အရှိန် မြှင့်ပြီး ဆက်လက်ဆင်နွှဲသွားဖို့ ရှိလာနေပြီး အရပ်သားများ အပေါ် အကြမ်းဖက်မှုများ ပြင်းပြင်းထန်ထန် ကျူးလွန်လာ နိုင်သည်။ 

 

ဒုက္ခသည်များ တိုးပွားလာဦးမည် ဖြစ်ပြီး လွန်စွာ ဆိုးဝါးလှသည့် ဒုက္ခသုက္ခများ ရင်ဆိုင်ကြရဖို့ ရှိနေသည်။ သမိုင်းကြောင်းကို ပြန်ကြည့်မည် ဆိုလျှင် ထိုသို့ အုပ်ချုပ်‌ရေး ကင်းမဲ့သွားသည့် ကာလတွင် တောကြောင်များ လက်ခမောင်းခတ်လာမည့် အဖြစ်များ တွေ့ကြရမည် ဖြစ်သည်။ ထိုအခါ failed-state ခေါ် ချွတ်ခြုံချ နိုင်ငံ အဖြစ် ရောက်သွားဖို့ အခွင့်အလမ်း ပိုများသွားမည် ဖြစ်သည်။

 

ထိုအကြောင်းများကြောင့် နိုင်ငံတကာ အနေဖြင့် ဖြစ်ပေါ်လာနိုင်သော အာဏာဆုပ်ကိုင်ထားသူများ ဖက်က အပြောင်းအလဲ ဖြစ်လာနိုင်သည့် regime change ကို ကြိုတင် ပြင်ဆင်ပြီး အနှေးနှင့် အမြန် အကောင်အထည် ဖေါ်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ 

 

ထိုသို့ ပြင်ဆင်နိုင်ဖို့ လမ်းကြောင်း သုံးခု ရှိနေသည်။ ပထမ လမ်းကြောင်းသည်က မြန်မာနိုင်ငံ တည်ငြိမ်မှု ရှိ ရေးကို စိတ်ဝင်စားသည့် နိုင်ငံများအဖို့ “အရှိတရားကို လက်ခံ ပွေ့ဖက်” ပြီး နိုင်ငံတွင်းရှိ အတိုက်အခံ အင်အား စုများ နှင့် စတင် ဆွေးနွေးကြရတော့မည် ဖြစ်သည်။ အဓိက အားဖြင့် NUG နှင့် ဖြစ်ပြီး မြို့ပြ အဖွဲ့အစည်းများ၊ EAO များ နှင့်ပါ ဆွေးနွေးရပေမည်။ ဆွေးနွေးမှုများ နှင့် အတူ အုပ်ချုပ်‌ရေး စွမ်းရည် ကျားကန်ပေး နိုင်မည့် အစီအစဉ်များပါ တပါတည်း ဆောင်ရွက်သွားရမည် ဖြစ်သည်။ သို့မှသာ စစ်တပ် အလွန် ကာလအတွက် NUG အနေဖြင့် ထိထိရောက်ရောက် အုပ်ချုပ်သွားနိုင်မည် ဖြစ်သည်။

 

ဒုတိယ လမ်းကြောင်း အနေဖြင့် နိုင်ငံတကာ မိသားစု မှ သံတမန်ရေး အရ အကျိုးတူ ပူးပေါင်းနိုင်မည့် နိုင်ငံစုံ အဖွဲ့ကြီးအား အာဆီယံ၊ အနောက်နိုင်ငံများ၊ တရုတ် တို့နှင့် ဖွဲ့စည်းပြီး NUCC ဖြင့် ပေါ်ပေါက်လာမည့် ဖက်ဒရယ် ချာတာ ကို စစ်တပ်က ငြင်းဆန်ခဲ့လျှင်ပင် အသိအမှတ်ပြုကာ ဝိုင်းဝန်း ပံ့ပိုးပေးကြရန် ဖြစ်သည်။

 

တတိယ လမ်းကြောင်းသည်ကား အိမ်နီးချင်း နိုင်ငံများ ကဲ့သို့ပင် အနောက်နိုင်ငံများသည်လည်း လူသားချင်း စာနာထောက်ထားသည့် အကူအညီ အသစ်များ ပေးသွားကြရန် ဖြစ်သည်။ သို့မှသာ စစ်တပ် လက်ချက်ကြောင့် ဒုက္ခရောက်နေသူများ အတွက် သက်သာရာ သက်သာကြောင်း ဖြစ်နိုင်ပြီး NUG သည် လည်း ဝန်ပေါ့သွားကာ စစ်ရေး မဟာဗျူဟာများ ဖက်သို့ ပို၍ အာရုံစိုက်နိုင်မည် ဖြစ်သည်။

 

စစ်တပ် အလွန် ကာလ ဆို၍ စစ်တပ် ပြိုကွဲသွားမည်ဟု ဆိုလိုသည်တော့ မဟုတ်ပေ။ တော်လှန်ရေး အင်အား စုများက နေပြည်တော်ကို သိမ်းနိုင်ခဲ့လျှင်ပင် စစ်တပ် တခုလုံးအား လုံးဝဥဿုံ အနိုင်ရရှိဖို့က သမားရိုးကျ စဉ်းစားကြည့်ရုံမျှ နှင့်ပင် မဖြစ်နိုင်သလောက် ဆိုရမည်သာပင်။ စစ်တပ် အနေအထား တစထက် တစ ဆက်ပြီး ဆိုးရွားလာခဲ့သည့်အခါ စစ်တပ် အတွင်း ထွက်ပေါ်လာမည့် ခေါင်းဆောင်သစ်များ သို့မဟုတ် အခွင့်အရေး သမား အုပ်စုများက NUG နှင့် လေးနက်သည့် ပြုပြင်ပြောင်းလဲရေးများ လုပ်မည်ဆိုကာ စေ့စပ် ဆွေးနွေးလာနိုင်သည်။

 

စစ်အာဏာရှင် ဆန့်ကျင်ရေး ညွှန်ပေါင်း အဖွဲ့ကြီးသည် စစ်တပ်အား ပြတ်ပြတ်သားသား ထိုးနှက် ချေမှုန်းနိုင်ခဲ့၍ ပြိုကွဲသွားသည့် အဖြစ် ရောက်သွားပါက ဆိုးကျိုးများ ဆင့်ကဲ ဆင့်ကဲ ဆိုသလို ထွက်ပေါ်လာမည်သာ ဖြစ်သည်။ ဥပမာ ဆိုက ၂၀၀၃ ခုနှစ် အတွင်း အီရတ် တပ်မတော် ပြိုကွဲသွားရာက နောက်ဆုံးတွင် ISIS အဖွဲ့ ထွက်ပေါ်လာ သည် အထိ ဖြစ်ခဲ့ရသည်။

 

စစ်တပ်ကို ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုတင် စီမံထားရန်သည် လွန်စွာ အရေးကြီးပေသည်။ ထိုအစီအစဉ်များ ထဲတွင် တော်လှန်ရေး အင်အားစုများ အား ပါဝင်စေရမည်လည်း ဖြစ်သည်။ အနှေး နှင့် အမြန် ဆိုသလို ပြုလုပ် ထားသင့်သည့် လုပ်ငန်းစဉ်လည်း ဖြစ်သည်။

 

ကြိုတင် သတိပေးထားလိုသည့် အချက် နှစ်ချက်လည်း ရှိနေပါသည်။ ပထမအချက် အနေဖြင့် NUG သည် မိမိတို့ နိုင်ငံ‌ရေး၊ စစ်ရေး အရ ခက်ခဲကြမ်းတမ်းစွာ ယှဉ်ပြိုင်နေရသည့် အနေအထားကို မျက်ခြေမပြတ် အာရုံစိုက်နေဖို့ လိုသည်။ လိုအပ်က အပေးအယူ လုပ်နိုင်ရန်လည်း အဆင်သင့် ပြင်ဆင်ထားရမည်။ ပြည်သူ အတော်များများနှင့် အတူ PDF နှင့် LDF အဖွဲ့များသည်လည်း လောလောဆယ်တွင် စစ်တပ်မှ လုံးဝဥဿုံ လက်နက်ချရေး ကိုသာ လိုလားနေကြသည်။ ထိုထက် လျော့၍ ဘာကိုမျှ လက်မခံလိုကြ။ ထို့အတွက် NUG သည် လူထု အား အလွန်အကျွံ မျှော်လင့်မထားကြရန်၊ ထိုအဖြစ် သို့ ရောက်ရေးထက် အကန့်အသတ်များ ရှိနေသည်ကို လက်တွေ့ကျကျ စဉ်းစားနိုင်အောင် ရှင်းလင်းစွာ အသိပေးထားဖို့ လိုပေသည်။ ထိုအထဲတွင် စစ်တပ်၏ အောက်ခြေ အရာရှိ အရာခံ အကြပ်တပ်သားများကို ဖက်ဒရယ် တပ်မတော်ကြီးထဲတွင် ထည့်သွင်းဖို့ ရှိနေသည့် အလားအလာများကို လည်း အသိပေးထားဖို့ လိုသည်။

 

ဒုတိယ အချက် အဖြစ် သတိထားသင့်သည်က နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် လက်ရှိ စစ်ခေါင်းဆောင် များ နှင့် စေ့စပ်ဆွေးနွေးခြင်းသည် လက်တွေ့အရရော၊ ကိုယ့်ကျင် သိက္ခာအရပါ မည်သို့မျှ မဖြစ်နိုင်ဆိုသည်ကို အသိအမှတ် ပြု လက်ခံထားရမည် ဖြစ်သည်။ စစ်တပ်အတွင်းရှိ သဘောထား တင်းမာခက်ထန်သူများက ကိုယ့်ကိုယ်ကိုယ် လှည့်စားပြီး မရိုးမသား bad faith ပုံစံဖြင့် ပြောဆိုလာကြမည်။ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း ၎င်းတို့၏ ရက်စက်စွာ ပြုကျင့် ခဲ့မှုများကို ဆိုရှယ်မီဒီယာများ၊ လူ့အခွင့်အရေး ကာကွယ်ပေးနေသူ များက မှတ်တမ်းမှတ်ရာ အပြည့်အစုံ နှင့် ပြုစုထားပြီး ဖြစ်သော်လည်း ထိုအကြောင်းများကို ပုံကြီးချဲ့ ပြောဖို့က ခက်လှသည်။ မြန်မာ ပြည်သူများက စစ်တပ် အား ပြည်ပမှ ကျူးကျော်လာသူများ အဖြစ် တတန်းစားထဲ ထားကာ ရှုမြင်နေကြပြီ ဖြစ်သည်။

 

ထိုအတွက် နိုင်ငံတကာ မိသားစုဝင်များ အနေဖြင့် သံတမန်ရေးအရ မိမိတို့ ကပြ အသုံးတော်ခံရမည့် ဇာတ်ညွှန်း ကို အသေအချာ ပြန်လည် ရေးသားထားခြင်းသည်သာ အလျှော်ကန်ဆုံး ဖြစ်ပေလိမ့်မည်။ လက်ရှိ အကျပ်အ တည်းကြီးသည် အခြေအနေများ ပြန်ကောင်းမလာမီ ပို၍ ဆိုးလာဖို့ ရှိနေ၍ ယခုအချိန်သည် စစ်တပ်အလွန် ကာလ မြန်မာပြည် အတွက် ပြည်တွင်း နှင့် ပြည်ပ ရှိ သက်ဆိုင်နေသူများ အနေဖြင့် အစီအစဉ်များ ရေးဆွဲထား ရတော့မည့် အချိန်လည်း ဖြစ်ပေသည်။

 

ပြည်သူတို့ဆင်နွှဲနေသည့် တရားသော စစ် မုချအောင်ရမည်!!!

 

Credit - A collective painting organized by Khin Zaw Latt supporting Myanmar's Civil Disobedience Movement.