ထပ် မသွားပါနဲ့တော့ လား ဗျာ

by Hla Soewai - Jul 15 2022

မင်းအောင်လှိုင်သည် နိုင်ငံတကာ တွင်တော့ အပုပ်နံ့ တထောင်းထောင်း ထွက်လာနေပြီ ဖြစ်ပြီး အနောက်နိုင်ငံများကို အမြဲလို စိတ်ထဲ ကျလိ ကျလိ လုပ်ရန် ဝန်မလေးသော ရုရှား ထိတ်တန်း ခေါင်းဆောင်များကပင် တရားဝင် လက်ခံ‌ တွေ့ဆုံရန် ငြင်းပယ်နေကြ၍ သူ၏ ခရီးစဉ်အား "ကိုယ်ရေး ကိုယ်တာ" ဟု ပြန်လည် ပြင်ဆင်ခဲ့ရသည့် အထိ ဖြစ်သွားသည်။

 

ရွှေစည်းခုံ ထီးတော်တင်ပွဲ သွားသည်က မှန်သော်လည်း ရုရှား နျုကလီယား အေဂျင်စီ နှင့် ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း၊ ရုရှား အတွင်းရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသအား ဝင်ရောက်လည်ပတ်ခြင်း အစရှိသည့် တို့သည် တရားဝင် ခရီးဟု ပြော၍ ရပေသည်။

 

ရုရှားကလည်း မြန်မာတွင် နျုကလီယား ဓါတ်ပေါင်းဖို တည်ဆောက်ရေး ကို ပိုက်ဆံ ချု ဖို့လောက်သာ စိတ်ဝင်စားပြီး တကယ်တမ်း တည်ဆောက်ပြီး ပြုပြင် ထိန်းသိမ်းရေး ဖက်တွင် နိုင်ငံတကာ အနုမြူ အေဂျင်စီ ၏ တင်းကျပ်သော စည်းမျဉ်းများကို လိုက်နာမည့် အတတ်ပညာရှင် များ၊ နည်းပညာများ ချို့ငဲ့နေသည့် အဖြစ်ကို ကောင်းစွာ သိထားပြီးသူများ ဖြစ်သည်။

 

ပုံမှန် အတိုင်းဆိုက ထို သဘောတူညီချက် လောက်ကို စွမ်းအင် ဝန်ကြီး အဆင့်လောက်နှင့် ပြီးနိုင်သော်လည်း မပြည့်တဲ့ အိုး ဘောင်ဘင်ခတ် ဆိုသလို သူ့အား အထင်ကြီးစေလိုသည့် စိတ်က ငယ်ထိပ် တက်ကပ်နေသည့် အဖြစ်ကြောင့် သူကိုယ်တိုင် လက်မှတ်ထိုးခဲ့သည်အထိ အတော်ဆိုးဝါးလှသည်။

 

မြန်မာ နျုကလီယား အစ ဘဘ မင်းအောင်လှိုင်က ဟု သမိုင်းတွင် ကဗ္ဗည်း တင်နိုင်ဦးမည် မဟုတ်လော။ နိုင်ငံတွင်းလည်း ဟိုလျှောက်သွား ဒီလျှောက်သွား နှင့် ဗိုလ်ခင်ညွန့် ကို အတုခိုး၍ လက်ညိုးတထိုးထိုး နှင့် ဖြစ်နေသော်လည်း လက်တွေ့အနေအထား နှင့် မိုးနှင့် မြေကြီးပမာ ကင်းကွာနေသည့် စကားများသာ ပြောနေဆဲ ဖြစ်သည်။

 

လက်ရှိ မင်းအောင်လှိုင်၏ ရုရှား ခရီးစဉ် ကို ကြည့်လျှင်လည်း ပုံမှန် အနေအထားအတိုင်း ဆိုက တိုင်းပြည်အတွက် အတော်ကို ခံပြင်းစရာ ကောင်းလှသည်။

 

နိုင်ငံ အကြီးအကဲ ဦးဆောင်၍ စစ်ကောင်စီ အဖွဲ့ဝင်များ၊ စစ်ဖက် အရာရှိကြီးများ တစုတဝေးတည်း ရောက်လာသည့် အဖြစ်ကို ထောက်ထား၍ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက်ဆိုကာ အားနာပါနာ လက်ခံ မဆွေးနွေးသင့်ပေဖူးလော၊ အခုတော့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်အစား တနိုင်ငံလုံးက ရှက်စိတ်နှင့် မခံမရပ်နိုင်ဖြစ်ကုန်ကြသည်။

 

နောက်တခါလာလျှင် ထိုကဲ့သို့ မလုပ်ရဲအောင် မျိုးချစ်များက ရုရှားသံရုံးကို ရန်ရှာလာမည်ကိုပင် စိုးရိမ်ရသည်။

 

မလုပ်ရဲတာ ဘာမှ မရှိ" ဆိုသော သူပြောသည့် စကား နှင့် အညီ မင်းအောင်လှိုင် သည် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မစွတာ Pete Vowles အား တိုင်းပြည်မှ နှင့်ထုတ်လိုက်ပြန်သည်။

 

ထိုသို့ နှင်ထုတ်ရလောက်အောင် သူကျုးလွန်ခဲ့သော ပြစ်မှုသည်ကား မင်းအောင်လှိုင်ထံ သံအမတ် ခန့်အပ်လွှာ သွားရောက် ပေးအပ်ရန် ငြင်းဆိုခဲ့မှုပင် ဖြစ်သည်။

 

ထိုသို့ လုပ်နိုင်အောင်လည်း ဗြိတိသျှ အစိုးရက သံတမန် ထုံးတမ်း နှင့် အညီ ဖြစ်အောင် သံအမတ်ကြီး အဆင့်မှ သံရုံး အကြီးအကဲ အဖြစ် ရာထူး တဆင့် နှိမ့်ပေးခဲ့ပြီး ဖြစ်သည်။

 

"မိမိအနေဖြင့် စိတ်မကောင်း ဖြစ်မိသော်လည်း စစ်အာဏာသိမ်းပြီး ရက်စက် ကြမ်းကြုပ်စွာ ပြုမူနေသူများကို အလျော့မပေးခဲ့သည်ကို တော့ ဝမ်းသာမိသည်" ဟု သူ၏ တွစ်တာ တွင် ရေးသားလာခဲ့သည်။

 

ယခုအခါ ဗြိတိသျှ အစိုးရ မှ မည်သို့ တုန့်ပြန်မည်ကို သဲသဲကွဲကွဲ မသိရသေးသော်လည်း မြန်မာ နှင့် ဗြိတိန် အကြား သံတမန် ဆက်ဆံရေး ကား မည်ကာ မတ္တာမျှသာ ရှိပေတော့သည်။

 

တရုတ်နိုင်ငံခြားရေး ဝန်ကြီး၊ အာဆီယံ ဝန်ကြီးများသည်လည်း မဲခေါင် အစည်းအဝေး လာတက်ရင်းနိုင်ငံ အတွင်း ရောက်နေသည့်တိုင် နိုင်ငံ အကြီးအကဲ ဝန်ကြီးချုပ် ဆိုသူအား ဖုတ်လေသည့် ငပိ ရှိသည်ဟူ၍ ပင် သဘောမထား၊ ဖုတ်ဖက်ခါ ထ ပြန်သွားကြပြန်သည်။

 

ထိုသို့သော အဖြစ်များကို တွေ့မြင်ခွင့် ရခဲ့ကြသောပြည်သူများက ၎င်းတို့ကြောင့် မိမိတို့ နိုင်ငံအား မည်မျှ အဆင့်အထိ ရောက်အောင် ဆွဲချ ခံရသည့် အဖြစ်ကို သိမြင်ခွင့် ရခဲ့ကြသည်။

 

သို့သော်လည်း မင်းအောင်လှိုင်သည် တာတာစတန် ဒေသ အကြီးအကဲ နှင့် သွားရောက်တွေ့ဆုံနေသည့် အချိန်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ သမ္မတကြီးသည် ကုလ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ နှင့် အွန်လိုင်းမှ တဆင့် ဆွေးနွေး နေပြီ ဖြစ်သည်။

 

မိမိအနေဖြင့် ဖြစ်နိုင်လျှင် ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်အား နိုင်ငံ ဂုဏ်သိက္ခာကို ထောက်ထားညှာတာသော အားဖြင့် ပြည်ပ ခရီး မထွက်ဖို့ပင် တောင်းပန်ချင်နေမိသည်။

 

ယခုလည်း မော်စကို ခရီးစဉ် အတွင်း စီစဉ်ဝယ်ခြမ်းခဲ့သည်များ အတွက် ငွေလို၍လော (ရုရှားက အကြွေးရောင်းတော့မည် မဟုတ်) ၊ သို့တည်းမဟုတ် သီရိလင်္ကာ အဖြစ်ကို ထိတ်လန့်လာ၍လောမသိ၊ နောင်လာနောင်ခါ ဈေး ဆိုကာ ပြည်တွင်းရှိ နိုင်ငံခြား ကုမ္ပဏီများ ဒေါ်လာနှင့် ကျပ်ငွေ မဖြစ်မနေ လဲရမည့် အမိန့်မှ ယခင် ကင်းလွတ်ခွင့် ပေးထားရာမှ ပြန်လည် ပယ်ဖျက်လိုက်ပြီဟု Nikkei Asia Review တွင် ဖေါ်ပြထားပေသည်။

 

ပြည်သူတို့ ဆင်နွှဲနေသော တရားသောစစ် မုချ အောင်ရမည်!!!