ကိုလံဘို မှသည် နေပြည်တော်ဆီသို့

by Hla Soewai - Jul 16 2022

လူဦးရေ ၂၂ သန်း ရှိသော သီရိလင်္ကာကို ကို အနှစ် နှစ်ဆယ် နီးပါး အုပ်ချုပ်လာခဲတဲ့ ရာဂျာပါဆာ ဆွေမျိုး တသိုက်ရဲ့အုပ်ချုပ်မှုသည် သမ္မတ၏ စင်္ကာပူမှ ပေးပို့လိုက်သော နှုတ်ထွက်စာ အီးမေးလ်တစောင်နှင့် အတူ ပြည်ဖုံးကား ချသွားခဲ့ရပြီ ဖြစ်သည်။

 

အဓိက ပြဿနာ ဖြစ်လာရသည်က တင်ရှိနေသော နနိုင်ငံခြား ကြွေးမြီများကို မေလကတည်းက စ၍ ပြန်မဆပ်နိုင်တော့သည့် အဖြစ်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းနှင့်အတူ လောင်စာဆီ၊ အစားအသောက်နှင့် ဆေးဝါးများ အကြီးအကျယ် ပြတ်လတ်သွားခဲ့ရသည်။ စားကုန်များ၊ ဟင်းသီးဟင်းရွက်များကိုပင် မြိုကြီးများသို့ သယ်ယူပို့ဆောင်နိုင်ခြင်း မရှိတော့။

 

ရာဂျာပါဆာ ‌ဆွေမျိုး များက မကြာမီ အတွင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ပြန်လည် စည်ပင်လာပြီး၊ ပြည်ပမှ အလုပ်သမား များ၏ ငွေလွှဲမှုများ ရရှိလာတော့မည် ဆိုသည့် မျှော်လင့်ချက် ဖြင့် နိုင်ငံခြား အရံငွေများကို လက်ကုန်နှိုက် သုံးစွဲခဲ့ကြသည်။

 

သို့သော် မမျှော်လင့်ပဲ ယူကရိန်းစစ်ပွဲကြီး ပေါ်ပေါက်လာမှု နှင့် အတူ စီးပွားရေး ပိုင်းတွင် ကာလကြာမြင့်စွာ စီမံခန့်ခွဲမှုများ လွဲချော်နေခဲ့ခြင်းများကြောင့် ဧပြီလမှစ၍ နိုင်ငံခြားကြွေးမြီများ ပြန်ဆပ်နေခြင်းကို ရပ်ဆိုင်းပစ်ခဲ့ရသည်။

 

မြန်မာသည်လည်း ထိုလမ်းကြောင်း ပေါ်တက်ရန် အစပျိုးလာပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် ၏ စစ်ကောင်စီ သည် ပြည်သူများ၏ မုန်းတီးနေမှု၊ လက်နက်ကိုင်တော် လှန်လာနေမှုများ၊ စီးပွားရေး လူမှုရေး ဖက်တွင်လည်း ပြိုလဲ ယိမ်းယိုင်လာနေပြီ ဖြစ်သည်။ နိုင်ငံတကာ တွင်လည်း စစ်အစိုးရ အဆက်ဆက် တခါဖူးမျှ မကြုံဖူးအောင် ဖယ်ကျဉ်ခံလာရပြန်သည်။

 

ယမန်နေ့က ဗဟိုဘဏ်မှ ပြည်ပသို့ ဒေါ်လာများ ယိုစီး ထွက်နေခြင်းကို ဟန့်တားရန် အလွယ်တကူပင် ကုမ္ပဏီများအား ပြည်ပသို့ တင်ရှိနေသော ကြွေးမြီ များ ပေးဆပ်နေခြင်းကို ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်လာခဲ့သည်။

 

လိုင်စင်ရ ဘဏ်လုပ်ငန်းများ မှ ၎င်းတို့ဘ‌ဏ် များရှိ ပြည်ပကြွေးမြီတင်ရှိနေသူများ အား ပြန်လည် ပေးဆပ်ရမည့် အချိန်ဇယား နှင့် ပမာဏ ကို မြီးရှင်များ နှင့် ပြန်ညှိနှိုင်းရန် အသိပေးလာသည်။

 

ပြည်ပဘဏ်များ အဖို့က ထိုသို့ ချေး‌ငွေ ပြန်မဆပ်နိုင်သူများကို ဆိုင်းငံ့‌ ပေးသည့် ကာလ ကျော်လွန်သွားက အလွယ်တကူပင် နာမည်ပျက်စာရင်း ထဲ့သွင်းလိုက်ကြတော့မည် ဖြစ်သည်၊ ထိုစာရင်းထဲ ရောက်သွားပါက အနည်းဆုံး ၇ နှစ် ခန့် ‌ငွေချေးငှားမှု ရပ်ဆိုင်းခြင်း ခံရပေတော့မည်။။

 

နိုင်ငံခြား ကြွေးမြီများကို နှစ်စဉ် ဒေါ်လာ သန်း ၇၀၀ ခန့် ပေးဆပ်နေရသည်ဟု စစ်ကောင်စီ ပြောခွင့်ရသူ က ပြောခဲ့ပြီးလည်း ဖြစ်သည်။

 

နိုင်ငံခြား ငွေများ အား တင်းကျပ်စွာ ထိန်းချုပ်လာမှု နှင့် အတူ ပြည်ပမှ စားသုံးဆီများ၊ ဇိမ်ခံကားများ တင်သွင်းနေမှု ကို ချုပ်ကိုင်လာခဲ့သည်။ ယခုအခါ ပြည်တွင်းရှိ ကားထုတ်လုပ်နေမှုများ ရပ်ဆိုင်းသွားခဲ့ရပြီး ကားဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာခဲ့ရသည်။

 

လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသူများကလည်း မည်သည့် အရာမဆို မင်းအောင်လှိုင်၏ သဘောတူညီချက်မရပဲ ဘာဆိုဘာမှ မလုပ်ရဲကြသူ များ ဖြစ်သည်၊ မင်းအောင်လှိုင်ကလည်း လုပ်သင့်သည်ဟု တင်ပြလာသည်များကို ၎င်းတို့ အကျိုးစီးပွား နှင့် အာဏာ သက်ဆိုးရှည်ရေး ထိခိုက်မှု ရှိမရှိ ဆိုသည့် မီတာ ကြီး ထုတ်ကာ ချင့်ချိန်ပြီးမှ သဘောတူသူ ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ထွက်လာသော အမိန့်များသည် ခုတမျိုး တော်ကြာ တမျိုး ဖြစ်နေသည်။

 

ဤသည်ကို သိထားကြ၍လည်း မည်သည့် ကိစ္စမဆိုလည်း လုပ်ရိုးလုပ်စဉ်ထက် ကျော်လွန်လာမည်ဆိုက "အထက်ကို တင်ပြပါဦးမည်" ဆိုသည့် စကားသာ ရေလဲ သုံးလာကြသည်၊ တကယ်တမ်းလည်း တင်ပြရဲခြင်း မရှိပဲ ချောင်ထိုးပစ်သည်က များပေသည်။

 

ယခုစစ်အာဏာသိမ်း အဖွဲ့သည် လည်း ယခင် စစ်ခေါင်းဆောင်များ ကဲ့သို့ပင် တခုတည်းသော ကျောင်းတော်ကြီးမှ တခုတည်းသော သင်ရိုးကိုသာ သင်ကြား တတ်မြောက် လာခဲ့ကြသူများ ဖြစ်နေသည်၊ ၎င်းတို့၏ နောင်တော်ကြီးများသည်လည်း ဈေးကွက် စီးပွားရေးကို command ပုံစံဖြင့် သာ စီမံခန့်ခွဲခဲ့သူများဖြစ်၍ ခေတ် အဆက်ဆက် တိုင်းပြည်စီးပွားရေးသည် အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ရသည်။ ယခု အဖွဲ့လည်း ထူးမခြားနား သမားများသာ ဟု ပြည်သူများကတော့ အလန့်တကြား စောင့်ကြည်နေကြပြီ ဖြစ်သည်။

 

အလန့်တကြား မဖြစ် ခံနိုင်ဦးမည်လော၊ ယမန်နှစ်က တိုင်းပြည် စီးပွားရေး တိုးတက်မှု နှုန်းသည် ၁၈ % ထိုးကျသွားခဲ့ပြီး ဦးမော့လာစရာလည်း အကြောင်းမရှိတော့။

 

ကမ္ဘာ့ဘဏ်မှ ဇူလိုင် ၁၄ ရက်နေ့ ထုတ်ပြန်သော လေ့လာ သုံးသပ်ချက် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း အနေအထားသည် ပြီးခဲ့သည့် ဆယ်စု နှစ် အတွင်း တိုးတက်လာမှုများ ရှိခဲ့သော်လည်း ကိုဗစ် ကပ်ရောဂါနှင့် အာဏာသိမ်းမှု ကြောင့် ဒုံရင်း ဒုံရင်းသို့ ပြန်ရောက်သွားပြီဟု ပါရှိလာခဲ့ပြန်သည်။ ရှေ့ဆက် တိုးတက်အောင် လုပ်နိုင်သည့် အလားအလာ မရှိတော့ဟု ဆိုသည်။ အသေးစား ငွေချေး လုပ်ငန်း ကဏ္ဍ လွန်စွာ ဆိုးရွားလာနေသဖြင့် ပြည်သူများ ဆင်းရဲတွင်း နက်သည်ထက် နက်ကြဖို့သာ ရှိပေသည်။

 

ဂျာမန် သတင်းဌာ DW မှ မြန်မာများ ထိုင်းနိုင်ငံ ရနောင်း မြို့တွင် ကျွန်သာသာ ဘဝ ဖြင့် နေထိုင် လုပ်ကိုင်နေရသည့် သတင်းမှတ်တမ်း ဗီဒီယို ကို ထုတ်လွှင့်ပြသခဲ့ပြန်သည်၊ အခြေအနေများက စစ်ဖိနပ်အောက်တွင် မနေလိုက ပြည်ပတွင် ကျွန်ခံကြမည်လား တခုခု ရွေးကြရဖို့ ဖြစ်လာပေတော့မည်။

 

တရုတ်တို့၏ အန္တရာယ်ကလည်း ရှိနေပြန်သည်။

 

အာဏာရှင် မှန်သမျှ တိုင်းပြည်ကို တသွေးတသံ တမိန့်ဖြင့် မိသားစု ဆွေမျိုး များ နှင့် နောက်လိုက်ငယ်သားများ ကောင်းစားရေး လောက်သာ ကြည့်ပြီး ကိုယ်ကျိုး ရှာ တတ်ကြသူများဖြစ်သည်၊ ထို့ကြောင့်လည်း တိုင်းပြည် စီးပွားရေးသည် ယို့ယွင်းလာသည်၊ ကိုယ့်အိတ်ထဲ ချည်း ထည့်နေ၍လည်း မဖြစ်ပြန်၊ လူထု အား တိုင်းပြည် တိုးတက်လာသ‌ယောင် ဗန်းပြနိုင်ဖို့ တည်ဆောက်ရေး လုပ်ငန်း များ လုပ်ပြနိုင် မှ ဖြစ်မည်၊ သို့သော် ငွေက လိုလာပြန်သည်၊ ထိုအခါ အခွင့်ကောင်းကို ချောင်းနေသော တရုတ်သည် လိုအပ်သည်များကို အတိုးနှုန်း မြင့်မားစွာ ဖြင့် ရက်ရက်ရောရော ထုတ်ချေးကြသည်။

 

ရပ်ဝန်း နှင့် လမ်းစီမံကိန်းဆိုကာ လမ်းတံတား၊ ဆိပ်ကမ်းများ၊ မီးရထားလမ်းများ ဖေါက်မည်ဆိုကာ အာဖရိက နှင့် အာရှရှိ မိမိအိတ်ထဲ ထည့်ဖို့ က လွဲ၍ တိုင်းပြည် တိုးတက်အောင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသည့် အာဏာရှင်များကို မစားရဝခမန်း ချပြလာသည်။ ယခု ထိုဒဏ်ကို သီရိလင်္ကာ နှင့် လာအိုတို့ ခံလာရပြီ ဖြစ်သည်၊ သီရိလင်္ကာ ရှိ ဆိပ်ကမ်းကြီးများ၊ လာအို၏ အမြန်ရထားကြီးများက သက်သေခံနေသည်။ က‌မ္ဘောဒီယားလည်း ခပ်လှုပ်လှုပ်ပင်။

 

တရုတ်သည် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီရှား အစရှိသည့် နိုင်ငံများကို ထိုသို့သော ပုံစံမျိုး ချည်းကပ်၍မရ၊ နိုင်ငံတော် အတိုင်ပင်ခံ လက်ထက်တွင်လည်း အလားတူ ကပ်၍မရ၊ သူမ၏ အမျှော်အမြင်ကြောင့် မြန်မာသည် ကြွေးမြီ ထောင်ချောက်ထဲ ထိုးကျမသွားခဲ့ခြင်း ဖြစ်သည်။

 

ယခု မင်းအောင်လှိုင် တို့ အဖွဲ့သည် အဖက်ဖက်က နစ်မွန်းလာနေမှုများကို ဖေါက်ထွက်နိုင်ရန် တရုတ်မှ တပါး အားကိုးရာ မရှိတော့၊ တရုတ်ထံမှ ဗုံးပေါလအောဖြင့် ချေးငွေများ ရယူကာ လုပ်ကြပေတော့မည်။

 

ထို့အတွက် တရုတ်သည် ‌ရွေးချယ်ခွင့်သာ ရှိက မင်းအောင်လှိုင်တို့ အဖွဲ့ သက်ဆိုးရှည်ရေးကိုသာ လိုလားမည်သာ ဖြစ်သည်၊ သို့ဆိုက မင်းအောင်လှိုင်တို့အား အလွန်အကျွံ ထောက်ခံ၍ ၎င်းတို့ ပြုတ်ကျသွားက နောက်တက်လာမည့် လူထု အစိုးရ ငြိုငြင်မည်ကို မကြောက်ဖူးလော ဟု မေးစရာ ရှိလာသည်။

 

တရုတ်သည် အင်အားကြီး နိုင်ငံ ဖြစ်ပြီး မိမိတို့ ရင်းနှီးမြုပ်နှံမှုများ ချေးငွေများ အခိုင်အမာ မြုပ်နှံပြီး ဖြစ်၍ ဘယ်အစိုးရ တက်တက် ၎င်းတို့ကို ကန္တကောစ မလုပ်ရဲ၊ မချစ်သော်လည်း အောင့်ကာနမ်းရမည် ဆိုသည်ကို ကောင်းစွာ တွက်ဆပြီး ဖြစ်သည်၊ မြန်မာပြည်နှင့် ပတ်သက်၍ မိုးရွာတုံးရေခံ၊ ဘာလာလာ ဒေါင်း ပေါ်လစီ ကို ကျင့်သုံးနေခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင် ကလည်း ရိပ်စားမိနေ၍ ရုရှားကို မရမက သွား ပြီး ချည်းကပ်နေခြင်း ဖြစ်သည်၊ ရုရှား နှင့် မဟာမိတ် ပုံစံမျိုး ရပ်တည်နိုင်မည် ဆိုက တရုတ် တို့ သိပ် အနိုင်မကျင့်ရဲ လောက်ဟုလည်း ယူဆနေပုံရသည်။

 

ပြည်သူတို့ ၏ တရားသော တွန်းလှန်စစ် မုချအောင်ရမည်!!!