သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(22)

by Hla Soewai - Jul 17 2022

ရုရှား တော်လှန်ရေး တွင် လမ်းခုလပ်၌ ကျန်ခဲ့သူ (၃)

 

၁၉၁၆ ခုနှစ် နိုဝင်ဘာလ အတွင်း ရုရှား လွှတ်တော် ဒူးမား အား ပြန်လည် ကျင်းပလာသည့် အခါ ကာရင်စကီးသည် ရုရှား၏ စစ်ရေး စွန့်စားမှုများကို အပြင်းအထန် ရှုတ်ချ တိုက်ခိုက်လာခဲ့သည်။ “ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှသည့် “ဂရစ်ရှာ ရပ်စပြူတင်၏ ပဲ့ကိုင်မှု အောက်တွင် တာဝန်မဲ့သော အသိုက်အဝန်း၏ တီးတိုး ပြောဆိုမှု များ ညွှန်ကြားမှုများ ကြောင့်” ဟု ဝေဖန် ပြောဆိုလာသည်။ လွှတ်တော်ကိုယ်စားလှယ်များအားလည်း ထိုကဲ့သို့ သော “သစ္စာဖေါက်များအား” မောင်းထုတ်ပစ်ရန် တိုက်တွန်းခဲ့သည်။

 

သူနှင့်အတူ လွှတ်တော် အမတ် ဖြစ်သူ ပါဗယ် မူလီကော့ဗ်သည်လည်း စင်မြင့်ပေါ်သို့ တက်လာပြီး ရုရှားအား လက်ရှိ အနေအထားသို့ ရောက်အောင် တွန်းပို့ခဲ့သည့် ဇာဘုရင်၏ အတွင်းစည်းဝိုင်း ထဲရှိ လူများသည် “ရူးသွပ် မိုက်မဲနေသူများလော၊ သို့မဟုတ် သစ္စာဖေါက်များလော” ဟု ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်သည်။

 

ရုရှား၏ အခြေအနေများက တနေ့တခြား ဆိုးဝါးသည်ထက် ဆိုးဝါးလာနေသည်။ ဒီဇင်ဘာလ ထဲ ရောက်လာသည့် အခါတွင်တော့ ဇာဘုရင် နီကိုလပ်စ် နှင့် နီးစပ်သူများက ရပ်စ်ပြူတင်အား လုပ်ကြံ သတ်ဖြတ်ပစ်ခဲ့ကြသည်။ သို့သော် အတော်ကို နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

 

လွှတ်တော် အတွင်းတွင်လည်း ဆိုရှယ်လစ် များ နှင့် လစ်ဘရယ်များ အကြား တင်းမာမှုများက တနေ့တခြား ကြီးထွားလာနေသည်။ ၁၉၁၇ ဖေဖေါ်ဝါရီလ တွင်တော့ အစားအသောက်များ ရှားပါးလာမှု နှင့် ဈေးနှုန်းများ မြင့်တက်လာနေသည့် အတွက် မခံမရပ်နိုင် ဖြစ်လာကြသော ပီထရိုဂရက် ရှိ ပူတီလော့ဗ် သတ္တု စက်ရုံမှ အလုပ်သမားများ က သပိတ်တိုက်ပွဲ ဆင်နွှဲလာခဲ့ကြသည်။ (မဟာတို့၏ ကျဆုံးခန်းတွင် အသေးစိတ် ပါရှိသည် - ကြော်ငြာ)

 

စက်ရုံ အုပ်ချုပ်ရေး အဖွဲ့ က အလုပ်သမားများ၏ လုပ်ခတိုးမြှင်ရေး တောင်းဆိုချက်များကို မလိုက်လျောပဲ စက်ရုံ အတွင်း တယောက်မျှ အဝင်မခံပဲ ဂိတ်တံခါးကို ပိတ်ပစ်လိုက်ကြသည်။ ထိုစက်ရုံကြီးသည် ရုရှား တွင် အကြီးမားဆုံး ဖြစ်ပြီး အလုပ်သမား သုံးသောင်းခန့် အလုပ်လုပ်ကိုင်လျက် ရှိကြသည်။ ထိုသို့ စက်ရုံတံခါး ပိတ်လိုက်သဖြင့် ထောင်ပေါင်းများစွာ သော အလုပ်သမားများ နှင့် ၎င်းတို့ မိသားစုများ စားရမဲ့ သောက်ရမဲ့ အဖြစ်သို့ ရောက်ကုန်ကြသည်။

 

ပူလီနော့ဗ် စက်ရုံ အလုပ်သမားများသည် သပိတ်ကော်မတီကို ဖွဲ့စည်းလာကြသည်။ အဆိုပါ ကော်မတီမှ ဒူးမားသို့ ကိုယ်စား လှယ် ရွေးချယ် စေလွှတ်ပြီး ကာရင်စကီး နှင့် တွေ့ဆုံ ဆွေးနွေးစေခဲ့သည်။ ကာရင်စကီးသည် အလုပ်သမား အရေးကို ထောက်ခံသူလည်း ဖြစ်နေသောကြောင့်ပင်။ ကာရင်စကီး နှင့် တွေ့ဆုံခဲ့သူများက စက်ရုံတံခါးကို ပိတ်ပြီး တုန့်ပြန်လာခဲ့သဖြင့် မိမိတို့ ၏ တောင်းဆိုမှုသည် လုပ်ခတိုးမြှင့်ရေး နှင့် ရပ်နေ၍ မဖြစ်တော့ပဲ နိုင်ငံရေး မျက်နှာစာသို့တက်လှမ်းလာခဲ့ပြီဟု အသိပေးခဲ့ကြသည်။

 

နောက်တရက်တွင် ထောင်ပေါင်းများစွာ သော အမျိုးသမီးထုကြီး လမ်းမများ ပေါ် ထွက်လာကြပြီး နိုင်ငံတကာ အမျိုးသမီးများ နေ့ အထိမ်းအမှတ်အဖြစ် ချီတက်ခဲ့ကြသည်။ နေ့လည်ခင်း တွင် သပိတ်ကော်မတီ သည် အမျိုးသမီး ချီတက် လမ်းလျှောက်သူများ နှင့် ပူးပေါင်းလာခဲ့သည်။ ညနေပိုင်း တွင် အင်အားသည် တသိန်းခန့်အထိ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

 

အာဏာပိုင်များက ချီတက် ဆန္ဒပြသူများ ညအချိန်ရောက်လျှင် လူစုကွဲသွားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း နောက်တနေ့တွင် အရည်အတွက်သည် မနေ့ကထက် နှစ်ဆခန့် တိုးလာခဲ့သည်။ အာဏာပိုင်များသည် ရဲ နှင့် စစ်သားများအား လူစုလူဝေးကို ဖြိုခွင်းရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း စစ်သည်များက အစိုးရထက် လမ်းပေါ်ရှိ ဆန္ဒပြသူများ အား ကိုယ်ချင်းစာ အလေးပေးလာခဲ့သည်။

 

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့တွင် ဒူးမား လွှတ်တော်မှ ထိုအရေးအား ရှေ့လျောက် မည်သို့ ကိုင်တွယ်သွားမည်ကို ဆွေးနွေးလာခဲ့ကြသည်။ လမ်းမများပေါ် ထွက်လာကြသော “ဆာလောင် မွတ်သိပ်နေကြသူများ၊ ဒေါသထွက်နေသော လူများ” အား လွယ်လင့်တကူ တော့ ပျောက်ကွယ်သွားအောင် လုပ်၍ မရ ဆိုသည်ကို သဘောပေါက်ထားပြီး ဖြစ်သည်။ ကာရင်စကီး၏ အထုပ္ပတ္တိအား ရေးသားသူ ရစ်ချတ် အေဗရာဟမ်က ကာရင်စကီး သည် စိတ်လှုပ်ရှား တက်ကြွနေပြီး ရှေ့ဖြစ်ပေါ်လာနိုင်သော အလားအလာ များ အပေါ် အကောင်းဖက်က ရှုမြင်နေသည်ဟု ဖေါ်ပြခဲ့သည်။

 

သို့သော် နောက်တရက်တွင် ပြတ်ပြတ်သားသား အဖြေထွက်လာခဲ့ပြီ ဖြစ်သည်။ ဇာဘုရင် သည် ၎င်း၏ တပ်များအား ဆန္ဒပြနေသူများ အား ပစ်ခတ်ရန် အမိန့်ပေးလာခဲ့သည်။ ဆန္ဒပြ ပြည်သူ ၁၀၀ ခန့် ထိမှန်သေဆုံးသွားခဲ့သည်။ သို့သော်လည်း စစ်တပ်ရင်း တခုလုံး ဆန္ဒပြသူများ နှင့် လာရောက် ပူးပေါင်းခဲ့ကြသည်။ ထိုသို့အခြေအနေများ ပြင်းထန် ဆူပွက်လာနေချိန်တွင် ဒူးမား လွှတ်တော်အား တောရိုက် နန်းတော်တွင် ခေါ်ယူ ကျင်းပခဲ့ကြသည်။

 

ကာရင်စကီးသည် ဇာဘုရင်၏ လွှတ်တော်ဖျက်သိမ်းရန် အမိန့်ကို ဖီဆန်ကြရန် အကြံပေးခဲ့သည်။ သို့မှသာ လွှတ်တော်သည် အာဏာ အပြည့်အဝ ရရှိလာနိုင်မည်ဟုလည်း မျှော်လင့်ခဲ့၍ ဖြစ်သည်။ သို့သော် ဒူးမား အဖွဲ့ဝင် အမတ်များက ထိတ်တိုက် ရင်ဆိုင် တွေ့နိုင်မှု အနည်းဆုံး လမ်းကို ရွေးချယ်ခဲ့ကြသည်။ အခြေအနေများ ပြန်လည် တည်ငြိမ်သည့်အထိ ဒူးမား အား ကိုယ်စားပြုသည့် ယာယီ ကော်မတီ အဖြစ် ဖွဲ့စည်းခဲ့ကြသည်။

 

ကာရင်စကီး နှင့် သူ၏ မဟာမိတ် ဖြစ်သူ ဂျော်ဂျီယာ မှ နိုင်ငံရေး သမား တဦး ဖြစ်သူ နီကိုလပ်စ် ချီဇယ် တို့သည် ထွက်ပေါ်လာသော အဆိုပါ ကော်မတီ အား မည်ကာမတ္တာမျှ အဖြစ်သို့ အရောက်မခံပဲ ထိရောက်စွာ အသုံးချရန် လှုပ်ရှားလာခဲ့ကြသည်။ ၎င်းတို့ နှစ်ဦးမှ ဒူးမား အနေဖြင့် ဖျက်သိမ်းရန် ငြင်းဆန်ကြောင်းနှင့် ဆက်လက် တွေ့ဆုံသွားမည်ဟု သတင်းကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ထိုသို့ ပြုမူခဲ့မှုသည် ပေါ်ပေါက်လာမည့် ယာယီ အစိုးရ အား အသိအမှတ်ပြုလာရတော့မည့် ရှေ့ပြေးနိမိတ်လည်း ဖြစ်လာခဲ့သည်ဟု ရစ်ချတ် အေဗရာဟမ်က သုံးသပ်ခဲ့သည်။ စစ်တပ်ရင်း တပ်ဖွဲ့များသည်လည်း ကာရင်စကီး၏ ပန်ကြားချက် အတိုင်း တောရိုက် နန်းတော်သို့ စုရုံးရောက်ရှိလာပြီး လွှတ်တော် ကိုယ်စားလှယ်များအား အကာအကွယ် ပေးလာခဲ့ကြသည်။ စစ်သားများသာမက အလုပ်သမားများ၊ ကျောင်းသားများ၊ ပညာတတ်များ သည်လည်း နန်းတော် သို့ လာရောက် ပူးပေါင်းခဲ့ကြသည်။

 

ကာရင်စကီး ကိုယ်တိုင်လည်း ဖေဖေါ်ဝါရီ ၂၇ ရက်နေ့တွင် ရောက်လာခဲ့ပြီး မတ်လ ၂ ရက်နေ့အထိ နန်းတော်ထဲတွင် ရှိနေခဲ့သည်။ အစားအသောက်အတွက် ကော်ဖီ၊ ဘရန်ဒီ နှင့် ရနိုင်သမျှ တိုလီမုတ်စ အစားအစာများ စားသောက် နေထိုင်ခဲ့သည်။ အခြားသော အမတ်များ ရောက်လာကြသော်လည်း အများစုက ကာရင်စကီး ကြောင့် ဇာဘုရင် အား ပုန်ကန်သူများ အဖြစ် အထင်မခံလို၍ ပြန်သွားခဲ့ကြသည်။

 

မတ်လ ၂ ရက်နေ့တွင် ဇာဘုရင် ဒုတိယမြောက် နီကိုလပ်စ်သည် မြို့တော်သို့ ပြန်လာခဲ့ရာ လမ်းတွင် သူစီးလာသော ရထားအား ကာရင်စကီးဖက်သို့ ရောက်ရှိလာသည့် စစ်သားများက ရှေ့ဆက်မသွားနိုင်အောင် ဟန့်တားခဲ့ကြသည်။ ဤသည်ကို ကြည့်ပြီး ဇာဘုရင်နှင့် အတူ လိုက်ပါလာသော ထိတ်တန်း ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများက တိုင်းပြည်ကို ဆက်၍ အုပ်ချုပ်ရန် မဖြစ်နိုင်တော့ဟု ဇာဘုရင်အား ဝိုင်းဝန်းနားချခဲ့ကြသည်။ ထို့နေ့ မတ်လ (၂) ရက်နေ့ အဆုံးသတ်ခါနီး တွင်တော့ ဇာဘုရင် သည် ထီးနန်းကို စွန့်လွှတ်ပေးခဲ့ရပေတော့သည်။

 

(အင်အား တသိန်း ကျော် ရှိသော အမျိုးသမီးထုကြီး၏ ရဲစွမ်းသတ္တိဖြင့် ဇာဘုရင် ထီးနန်း စွန့်ခဲ့ရပြီဟု သမိုင်း ပညာရှင်များက မှတ်တမ်းရေးထိုးခဲ့ကြသည်၊ ထိုလှုပ်ရှားမှုကြီး၏ နောက်ဆက်တွဲ အဖြစ် အမျိုးသမီးများ တက်ကြွစွာ လှုပ်ရှား လာခဲ့ကြသဖြင့် ဗြိတိန် နှင့် အမေရိကား တွင် အမျိုးသမီးများ မဲပေးပိုင်ခွင့်များ ရရှိလာခဲ့ကြသည်။)