စီအိုင်အေ သုတေသီ ပြောသော မြူမှုန် ဝိုးတဝါး ကြားက ဗမာပြည် (38)

by Hla Soewai - Jul 18 2022

ထိတွေ့ဆက်ဆံပြီ (၆)

 

မူဝါဒ ကို ချပြပြီ

 

နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ၎င်းတို့၏ မူဝါဒ နှင့် ပတ်သက်ပြီး ကွန်ဂရက်၊ ဥရောပ နှင့် ဒေသတွင်းရှိ မဟာမိတ်များ၊ မြန်မာရှိ အဓိက ပါဝင်ပတ်သက်နေသူများ၊ အား ချပြရန် အရပ်တကာ ခရီးထွက်ခဲ့ သည်။ ၂၀၀၉ နိုဝင်ဘာ အစောပိုင်းတွင် ကပ်၊ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး စ‌ကော့ မာဆီယယ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ရှိ မြန်မာရေးရာရုံး မှ လောရာ ရှိုက် တို့ မြန်မာပြည်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၉၅ ခုနှစ် အတွင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး မက်ဒလင်း အယ်ဘရိုက် နောက် ပိုင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အဆင့်မြင့်ဆုံး အရာရှိကြီး တဦးလည်း ဖြစ်သည်။

 

မာဆီယယ်သည် အရင်က အရှေ့တောင် အာရှ ရေးရာ ဒါရိုက်တာ အဖြစ် မြန်မာသို့ ရောက်ရှိခဲ့ပြီးဖြစ် သည်။ သို့သော် သူ့အနေဖြင့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန မှ အရာရှိ များ၊ NLD မှ အန်ကယ်များ၊ နိုင်ငံရေး လှုပ်ရှားတက်ကြွသူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ နှင့်သာ တွေ့ဆုံခွင့် ရခဲ့သူ ဖြစ် သည်။

 

ကပ် သည် ရန်ကုန် နှင့် နေပြည်တော် သို့သွားရန် အထူး စိတ်အား တက်ကြွနေသူ ဖြစ်သည်။ မြန်မာသို့ သွားမည့် အဖွဲ့သည် ဘန်ကောက် မှ ရန်ကုန်သို့ စစ်လေယာဉ် တစီး ဖြင့် ထွက်ခွာလာခဲ့ကြသည်။စစ် လေယာဉ် ဆိုသော်လည်း ပန်ကာ နှစ်လုံးတပ် လေယာဉ် အဟောင်း မျိုး ဖြစ်နေ၍ ပိုင်းလော့ ဖြစ်သူက ပြောစရာ ရှိသည်များကို ဆူညံနေသည့် ပန်ကာသံများ ကြားမှ အော်ပြောနေရသည်။

 

“ဒေါက်တာ ကမ့်ဘဲလ် ခင်ဗျား၊ ဒီလေယာဉ်နဲ့ ပတ်သက်ပြီး သိထားသင့်တာ တွေ နဲနဲ ပြောပါရစေ၊ အဲ့ဒီနားမှာ ကေဘဲလ် ကြိုးတွေ တွေ့တယ် မဟုတ်လား၊ လုံးဝ မထိပါနဲ့၊ နောက်ဖက်မှာ လေထီး တွေ ခင်ဗျားတို့ အားလုံး အတွက် တခုစီ ရှိနေပါတယ်၊ လိုချင်မှ လိုမှာပါ၊ ဒါပေမယ့် ရှိနေတယ်ဆိုတာ သိထားဖို့ပါပဲ”

 

သူတို့အားလုံးလည်း ဘေးမသီ ရန်မခ ရန်ကုန်သို့ ရောက်လာကြပြီး ကပ် အဖို့ သူ့အတွက် စိတ်ဝင် စားဖွယ် အကောင်းဆုံး သံခင်းတမန်ခင်း ကိစ္စတခုကို ဆောင်ရွက်ခွင့် ရသွားခဲ့ပြီ ဖြစ်သည်။ ဤသည်ကား ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။

 

ပြတင်းပေါက်မှနေ၍ သူမ ရောက်ရှိလာမည်ကို လည်တဆန့်ဆန့်ဖြင့် လှမ်းကြည့်နေမိကြသည်။ တိုယိုကာ ကားလေးတစီး ထိုးဆိုက်လာသည်ကို ပထမဆုံး တွေ့လိုက်ရသူမှာ ကပ် ပင် ဖြစ်သည်။ ကားထဲမှ ထွက်လာသော သူမအား မြင်လိုက်ရချိန်တွင် “ဟေး...ဒါ .. အောင်ဆန်းစုကြည် ပဲ”၊ ကပ် အဖို့က သူမသည် ဓါတ်ပုံထဲမှ အပြင်သို့ လမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရသလို ဖြစ်နေသည်။

 

ဒေါ်အောင်ဆန်းစုကြည်သည် သူမ ၏ ဆက်လက်ဆင်နွှဲရဦးမည် ဖြစ်သော ဒီမိုကရေစီ တိုက်ပွဲ အကြောင်းကို တိကျပြတ်သားစွာ ပြောပြခဲ့သည်။ စစ်အစိုးရသည် တရုတ်၏ ဩဇာလွှမ်းမိုးလာမှု နှင့် အိမ်နီးချင်း အာဆီယံ နိုင်ငံများ နောက် ကျန်ခဲ့မည်ကို စိုးရိမ်မကင်း ဖြစ်နေသည်ကို သိကြောင်းလည်း ပြောပြခဲ့သည်။

 

သူမသည် ဖေါ်ဖေါ်ရွေရွေ ရှိပြီး ကပ် ကိုလည်း သူမိသားစု အကြောင်း တရင်းတနှီး မေးမြန်းခဲ့သည်။ သူတို့ တွေ့ဆုံခဲ့ရသည့် သုံးနာရီ ဆိုသည့် အချိန် သည် ကုန်လို့ ကုန်မှန်းပင် မသိလိုက် ဖြစ်သွားခဲ့ရသည်။ ကပ် နှင့် သူ၏ အဖွဲ့လည်း တွေ့ဆုံပြောဆိုခဲ့မှုတွင် ပါရှိခဲ့သည့် စကားများ၏ နောက်ကွယ်ပါ အဓိပ္ပါယ် နောက်တမျိုး ယူဆလို့ ရသည့် အကြောင်းအရာများပါ မကျန်ရအောင် ဝါရှင်တန် သို့ ပေးပို့ရမည့် ကြေးနန်းကို အသေအချာ ရေးသား ပြုစုခဲ့ကြသည်။

 

ဝါရှင်တန်သို့ ပြန်ရောက်ပြီး ခရီးစဉ်နှင့် ပတ်သက်၍ ဟီလာရီ ကလင်တန် အား အစီရင်ခံရန် သူမ ရုံး ခန်းထဲ ဝင်သွားသောအခါ ကပ် တို့ အဖွဲ့ ပေးပို့လိုက်သည့် ကြေးနန်းကို စားပွဲပေါ်တွင် အဆင်သင့် တွေ့ လိုက်ရပြီး မှင်နီ မှင်ပြာများ၊ မေးခွန်း အမှတ်အသားများနှင့် ရှုပ်ရှက်ခတ်အောင် ရေးခြစ်ထားသည်။

 

ကပ် နှင့် မာဆီယယ်တို့သည် ဦးသိန်းစိန် နှင့် တွေ့ဆုံခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တော့ မတွေ့ခဲ့ ရပေ။ ကပ်သည် အမေရိကန်တို့၏ အဓိက ထား တောင်းဆိုနေသည်များကို မရမက ထပ်ပြောခဲ့သည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရေး အတွက် ဖြစ်သည်။ သို့သော်လည်း သူတို့ လိုချင်သည့် ရေရေရာရာ အဖြေမျိုး ထွက်မလာခဲ့။ ခရီးစဉ် အပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲတွင် မာဆီယယ်က “မြန်မာပြည်သို့ တကြိမ်ရောက်လာရုံ နဲ့ ပြဿနာအားလုံး ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ကြိုတင် မျှော်လင့်ထားတာမျိုး မရှိခဲ့ပါဘူး၊ အရင်က အကြိမ်ပေါင်း များစွာ ရောက်ခဲ့ပြီး သူတွေလည်း ဒီလိုပဲ ဖြေရှင်းနိုင်ခဲ့ခြင်း မရှိပါဘူး” ဟု ပြောခဲ့သည်။

 

သို့သော် ကလင်တန်၏ အဓိက အကြံပေး ဖြစ်သူ ဂျိတ် ဆူလီဗန်အား အလွတ်သဘော ပေးပို့လိုက် သည့် စာထဲတွင် “မြန်မာတွေဖက် က လှုပ် ချင်တယ် ဆိုရင်တော့ အခွင့်အရေး တွေ ရှိနေပြီးသားပါ၊ ဒါပေမယ့် ဘယ်အချိန် လှုပ်လာမလဲ ဆိုပြီး ကျွန်တော်တို့ဖက်က ပြတင်းပေါက်တွေ အမြဲတမ်း ဖွင့်ထား ပေးမယ် ဆိုလိုကတော့ မဖြစ်ဘူး” ဟု ပါရှိခဲ့သည်။

 

ထိုအချိန်တွင် သံရုံး ယာယီ တာဝန်ခံ ဖြစ်သူ လာရီ ဒင်ဂါ ကတော့ နေပြည်တော်သည် ဝက်ဘ် ခရီးစဉ် အတွင်း အပြုသဘော ဆောင်သည့် ခြေလှမ်းများ လုပ်ရမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ကြသည်ဟု ဆိုသည်။ အမေရိကန် အနေဖြင့် တွေ့ဆုံမှုများ ဖြစ်ရုံသက်သက်နှင့် အမြဲလို ဆွေးနွေးနေမည် မဟုတ်၊ ရှေ့လျောက် ထိတွေ့ဆက်ဆံ၍ ရအောင် တိုးတက်မှု များ ဖြစ်လာဖို့ လိုသည်ဟု ဆိုသည်။

 

အချိန်များက ကြာညောင်းလာခဲ့ပြန်သည်။ သူ့အနေဖြင့် ဘာမှ တိုးတက်အောင် လုပ်၍ မဖြစ်နိုင်တော့ ဟု ပင် ထင်လာနေပြီ ဖြစ်သည်။ ထို့အတွက် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး အသစ် ဖြစ်လာသူ ဂျိုးယန်ဖက် လှည့်ခဲ့ပြန်သည်။ ဂျိုးယန်သည် အတွေ့အကြုံ ရင့်ကျက်ပြီးသား သံတမန်တဦး ဖြစ်ပြီး ဇဝန ဉာဏ်၊ ဖြတ်ထိုးဉာဏ် ရှိမှန်း သိထား၍ သူ့အနေဖြင့် တခုခု တိုးတက်မှု ရှိအောင် လုပ်ကြည့်ဖို့ ပြောလိုက်သည်။

 

မာဆီယယ်သည် သန်းရွှေ နှင့် တိုးတက်လာနေသော ဆက်ဆံရေး ကို ဆက်၍ တည်ဆောက်သွားရန် ဂျိုးယန်အား အကြံပေးခဲ့သည်။ ကပ် ၏ ပထမ ခရီးစဉ်တွင် ထူးထူးခြားခြား ဖြစ်မလာခဲ့သော်လည်း ဂျိုးယန်သည် အမေရိကန် နှင့် မြန်မာ အကြား ကွာဟနေသည်များကို ပေါင်းကူးပေးနိုင်ရန် တခုခု လုပ်ပေးနိုင်လိမ့်မည်ဟု ယူဆလာခဲ့သည်။

 

ထိုသို့ ပေါင်းကူးပေးနိုင်ရန် ပြောနိုင်ဆိုနိုင်မည့်လူသည် သန်းရွှေ သာ ဖြစ်နိုင်သည် ဆိုသော အရိပ်အယောင် များ  တွေ့မြင်လာရသည်။  ဤသည်တို့က နောက်ပိုင်းတွင် မှန်ကန်ကြောင်း သက်သေပြနိုင် ခဲ့သည်။