ရေရှည် လာနိုင်သည့် ယူကရိန်းစစ်ပွဲ အတွက် အမေရိကန် တို့ ကူညီဖို့ အားလျော့လာနေပြီ လော

by Hla Soewai - Jul 20 2022

အမေရိကန် အစိုးရသည် လက်ရှိ နိုင်ငံတွင်း ငွေကြေး ဖောင်းပွမှု ရှိလာနေခြင်း၊ နိုင်ငံရေး တွင် အာဃာတ တရားများ ဖြင့် အချင်းချင်း တိုက်ခိုက်နေကြခြင်း၊ မဟာမိတ် နိုင်ငံများ အချင်းချင်းလည်း ညီညွတ်ခြင်းမရှိကြခြင်း စသည့် အကြောင်းချင်းရာများကြောင့် ယူကရိန်း အပေါ် ပံ့ပိုးနေမှုများသည့် လှိုက်စား ပြိုပျက်လာနေပြီဟု အီကော်နောမစ် မဂ္ဂဇင်းကြီးတွင် သုံးသပ် ရေးသားထားသည်။

 

မည်သို့ပင် ဖြစ်စေ ယူကရိန်းကို ထောက်ပံ့သွားမည်ဟု ဂျိုးဘိုင်ဒင်က သူပေးထားသော ကတိအတိုင်း ယခုအချိန်အထိ ‌ဒေါ်လာ ၈ ဘီလီယံ အထိ ပေးခဲ့ပြီး ဖြစ်သည်။ ကွန်ဂရက်ကလည်း မေလ အတွင်း မှာပင် ယူကရိန်း အတွက် ဒေါ်လာ ဘီလီယံ ၄၀ ချပေးခဲ့ပြီး ဖြစ်သည်။ ထိုပမာဏသည် ဘိုင်ဒင် တောင်း ခဲ့သည်ထက်ပင် ပိုများနေပေသည်။ ထိုပြင် ဥရောပရှိ မဟာမိတ် နိုင်ငံများ၏ ယူကရိန်းကို ကူညီရန် နှင့် စစ်ပွဲကြောင့် ပေါ်ထွက်လာသော အကျိုးဆက်များ အား ကူညီဖြေရှင်းရန် နှစ်စဉ် ထည့်ဝင်သွားမည့် ဘတ်ဂျက် စုစုပေါင်းထက်လည်း များနေသည်။

 

ယခုအခါ စစ်ပွဲသည် ခြောက်လထဲ ဝင်လာနေသည် နှင့် အမျှ ရေရှည် စစ်ပွဲကြီး အသွင် ကူးပြောင်းသွား တော့မည့် အလားအလာများကြောင့် ဘိုင်ဒင်၏ အနီးကပ်ဆုံး မဟာမိတ်များကပင် အမေရိကန်အဖို့ ရေရှည် ထောက်ပံ့သွားနိုင်မည်လား ဆိုသည် အပေါ် မေးခွန်းထုတ်စ ပြုလာကုန်ကြပြီ ဖြစ်သည်။

 

လက်ရှိတွင် ဘိုင်ဒင်သည် စစ်တမ်းများအရ ဒေါ်နယ်ထရန့်ထက်ပင် လူကြိုက်နည်းလျှက် ရှိနေသည်။ ငွေကြေးဖောင်းပွမှု နှင့် လောင်စာဆီ ဈေးနှုန်းများ ကြီးမြင့်လာနေခြင်းများကြောင့် အမေရိကန်၏ သုံးစွဲနိုင်အား ကျဆင်းလာနေသည်။ နိုဝင်ဘာလ တွင် ပြုလုပ်ရန်ရှိသည့် လွှတ်တော်နှစ်ရပ်ပေါင်း၏ သက်တမ်းလယ် ရွေးကောက်ပွဲတွင် ရီပတ်ဘလီကင်များ အားသာနေပြီး အောက်လွှတ်တော်ကို ထိန်းချုပ်သွားနိုင်လောက်သည်ဟု ခန့်မှန်းနေကြပြီ ဖြစ်သည်။

 

ရုရှား ခေါင်းဆောင် ပူတင်သည် အနောက်အုပ်စု၏ အာရုံ ထွေပြားလာမှုကို မျှော်လင့်နေပြီ ဖြစ်သည်ဟု အမေရိကန်ဖက်က ပြောဆိုမှုများ ရှိနေသည်။ 

 

ယူကရိန်းသို့ အကူအညီပေးရန် သတ်မှတ်ထားသော ငွေများကို ဘတ်ဂျက် ကုန်ဆုံးမည့် စက်တင်ဘာ ၃၀ ရက် မတိုင်မီ သုံးစွဲရဖို့ ရှိနေသည်။ နောက်တကြိမ် အကူအညီပေးရန် ခွဲတမ်းချဖို့ ဆိုသည်မှာ နိုဝင်ဘာ သက်တမ်းလယ် ရွေးကောက်ပွဲ မတိုင်မီ ဖြစ်နိုင်ဖို့ အခွင့်အလမ်း နည်းနေပြီး ထို့နောက်ပိုင်း လွှတ်‌တော်တွင် ရီပတ်ဘလီကင် တို့ လူများစု ဖြစ်လာမည့် အရေးကြောင့် ပို၍ပင် နည်းပါးသွားဖို့ ရှိနေပေသည်။

 

ရီပတ်ဘလီကင် တို့သည် ဒီမိုကရက်များမှ ယူကရိန်းအား ကြားခံထား၍ ရုရှား နှင့် တဆင့်ခံ စစ်ပွဲ ဆင်နွှဲနေသည်ကို နဂိုကတည်းက အစာကြေခြင်း မရှိလှပေ။ ထရန့်သည် ရီပတ်ဘလီကင်တို့ အပေါ် ဩဇာညောင်းလျှက် ရှိနေဆဲပင် ဖြစ်သည်။ ထရန့်က "ဒီမိုကရက်များသည် ယူကရိန်းအား ဒေါ်လာ ဘီလီယံ သန်း ၄၀ ပေးနေချိန်တွင် ပြည်တွင်းရှိ အမေရိကန် မိဘများက ၎င်းတို့၏ သားသမီးများ အတွက် ထမင်းနပ်မှန်အောင် မနည်း ရှာကြံ လုပ်ကိုင်နေကြရသည်" ဟု ပြောလာခဲ့သည်။

 

ထရန့်သည် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဆိုသည်ကို မကြာမီ အတော အတွင်း ကြေညာလိမ့်မည်ဟု ယူဆရသည်။ တချိန်က ယူကရိန်းအား ပြတ်ပြတ်သားသား ကူညီပေးရန် ဂျိုး ဘိုင်ဒင်အား နားပူနားဆာ လုပ်ခဲ့သည့် ယူကရိန်းဖွား ရီပတ်ဘလီကင် အောက်လွှတ်တော် အမတ် ဗစ်တိုရီးယား စပတ်ဇ်သည် ယခုအခါ ယူကရိန်း သမ္မတ၏ လက်ထောက်များက အကူအညီပေးသည့် ငွေများကို ဖြတ်ခုတ်နေသည်ဟု စွပ်စွဲလာသည့် ပြဿနာလည်း ထပ်ပြီး တက်လာပြန်သည်။

 

လက်ရှိတွင် ယူကရိန်းအား ဆက်လက် အကူအညီ ပေးရေးသည် အကြောင်း သုံးရပ်အပေါ် မူတည်နေသည်။

 

ပထမ အကြောင်းမှာ ၂၀၂၂ အတွင်း ရီပတ်ဘလီကင်များ အောက်လွှတ်တော်ကို ထိန်းချုပ်သွားနိုင်မည်ဆိုလျှင် ယူကရိန်းအား ပေးနေသော အကူအညီများ ရပ်တန့်သွားဖို့ ရှိနေသည်ဟု ပြောဆိုမှုများ ထွက်ပေါ် လာနေသည်။ ထရန့်၏ Make America Great Again (MAGA) သာဝက များက ရီပတ်ဘလီကင် အုပ်စုတွင် လူနည်းစု သာ ဖြစ်နေကြောင်း ချေပ မှုများလည်း ရှိနေသည်။ သို့သော် သက်တမ်းလယ် ရွေးကောက်ပွဲ အပြီးတွင် အင်အားကြီးလာဖွယ် ရှိနေသည်ဟု ဆိုသည်။

 

ရီပတ်ဘလီကင်တို့၏ နှလုံးသည်းပွတ် ပမာ ဖြစ်လာမည့် MAGA မာဂါနှင့် ယဉ်လျှင် ယူကရိန်း အရေးသည် အဆွယ်အပွားမျှသာဟု သဘောထားနေကြသည်။

 

နောက်တကြောင်းမှာ အမေရိကန်တို့အဖို့ ယူကရိန်းသည် ကမ္ဘာတခြမ်းခန့် ဝေးနေ၍ ဥရောပ မဟာမိတ် များအပေါ် တွယ်ကပ်လိုစိတ် ရှိနေကြသည်။ စစ်ပွဲသည် ယခုထက် ပို၍ ကျယ်ပြန့်လာမည် ဆိုလျှင် ရုရှား တို့၏ စွမ်းအင် အထောက်အပံ့များ ပြတ်တောက်ပြီး ဒုက္ခသည်များ အလုံးအရင်း နှင့် ဝင်လာစရာ ရှိနေ၍ ထိခိုက်စတမ်းဆို ဥရောပ ကသာ ထိခိုက်ဖို့ ရှိနေသည်ဟု ထောက်ပြခဲ့ကြပြန်သည်။

 

တတိယ အကြောင်း ဖြစ်သည့် စစ်မြေပြင် အနေအထားသည် အရေးကြီးဆုံး အချက် အဖြစ် ထည့်သွင်း စဉ်းစားလာကြသည်။ ယူကရိန်းတို့ဖက်က အခြေအနေကောင်းလာမည်၊ စစ်ပွဲသည် ရေရှည်သွားဖို့ အလားအလာ မရှိက အကူအညီ ဆက်ပေးဖို့ လက်နှေးကြမည် မဟုတ်ပေ။ ယခုအခါ စစ်ပွဲသည် Forever War အဖြစ် ဦးတည်လာနေသည်။

 

 

မကြာမီက အမေရိကန် တို့ ထုတ်ပေးလာသည့် HIMARS ပဲ့ထိန်းတပ် လောင်ချာ များ ကြောင့် ယူကရိန်းတို့ အရေးသာလာခဲ့သည်။ ရုရှားရှေ့တန်း နောက်‌ ကျော ရှိ ကွပ်ကဲရေးစခန်းများ၊ လက်နက် သိုလှောင်ရုံများကိုပါ ဖျက်ဆီးပြစ် နိုင်ခဲ့ကြသည်။ သို့သော် လက်နက်တွင် ရုရှားတို့က သာလွန်နေဆဲ ဖြစ်ပြီး ယူကရိန်းတို့ဖက်မှ နောက်ဆုတ်ပေးရခြင်းမျိုး မဟုတ်သော်လည်း ခံစစ် အသွင်ဖြင့် ရှိနေ ဆဲပင် ဖြစ်သည်။

 

ဘိုင်ဒင် အစိုးရသည် ယူကရိန်း တို့ စစ်ပွဲတွင် အနိုင်ရရေး ဟု မပြောတော့ဘဲ ရှုံးနိမ့်သွားခြင်း မရှိအောင် ကူညီသွားမည်ဟု ‌လေသံပြောင်းလာနေပြီ ဖြစ်သည်။ HIMARS လောင်ချာများကိုလည်း ‌လေ့ကျင့် ပေးဖို့ လိုသေးသည်ဟုဆိုကာ တကြိမ်လျှင် လေးစီး နှုန်းဖြင့် ချွေ၍ ပေးနေသည်။ ထို့အပြင် ၎င်းတို့ HIMARS နှင့် အတူ ‌ပေးသော ၈၄ ကီလိုမီတာ အထိ သွားနိုင်သည့် GMLRS အမြှောက်ဆံများကို ရုရှားနယ်မြေထဲ အထိ မပစ်ခတ်ရ ဟူသော သတ်မှတ်ချက် ပါရှိလာသည်။ ယခုထိ ကီလိုမီတာ ၃၀၀ အထိ ပစ်ခတ်နိုင်သော ATACMS အမြှောက်ဆံ များကိုတော့ ပို့ပေးခြင်းမျိုး မရှိသေးပေ။

 

အချို့ကလည်း စစ်ပွဲသည် အနိုင်ရနိုင်စရာ လမ်းမမြင်၍ ဘိုင်ဒင် အစိုးရ အနေဖြင့် သံတမန် နည်းလမ်း ဖြင့် ဖြေရှင်းသင့်ပြီဟု ပြောလာခဲ့ကြပြန်သည်။

 

ယူကရိန်းအား ထောက်ခံနေသူများကတော့ ယူကရိန်းတို့ မြန်မြန် အောင်ပွဲရအောင် ပေးစရာရှိတာပေး၊ အန္တရာယ်နှင့် ရင်ဆိုင်ရန် အတွက်လည်း အဆင်သင့် ပြင်ထား ဆိုသည့် သဘောရှိနေသည်။ အမေရိ ကန်သည် လက်ရှိ ရှေ့မတိုးနောက်မဆုပ် အနေအထားကို ဆက်၍ ထိန်းထားနိုင်အောင် တမင်ဖန်တီး နေသည်ဆိုက ပြည်တွင်းရှိ လူထုသဘောထား တိုက်ပွဲတွင် အနိုင်ရနိုင်စရာ လမ်း မရှိတော့ဟု ဂျော့ဘွတ်ရှ် လက်ထက်က ပင်တဂွန်တွင် အထက်တန်း စစ်ဖက် အရာရှိကြီး တဦး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော အယ်ရစ် အယ်ဒဲမင်းက ထောက်ပြလာခဲ့သည်။

 

(အီကော်နော်မစ် မဂ္ဂဇင်းပါ “Is America growing weary of the long war in Ukraine” အား ပြန်လည် တင်ပြသည်)