ဟား..ဟား ဟား အားရအောင် နှိပ်စက်သွားဦးမည်

by Hla Soewai - Jul 23 2022

နိုင်ငံတကာ တရားရုံးချုပ် (ICJ) မှ ကိုကိုလှိုင် နှင့် အဖွဲ့ ကန့်ကွက်ထားသည့် မြန်မာနိုင်ငံ အပေါ် ဂျီနိူဆိုက် ဖြင့် တရားစီရင်ပိုင်ခွင့် မရှိဆိုသည်ကို ဇူလိုင် ၂၂ ရက် မြန်မာ စံဝောာ်ချိန် ည ၇:၃၀ တွင် စီရင်ချက် ချမည် ဖြစ်သည်ဟု ICJ ရုံးစိုက်ရာ Peace Palace မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့က ဘယ်လို နေမည် မသိ၊ ၎င်းတို့ကျုးလွန်ထားသော ပြစ်မှုများ အတွက် နိုင်ငံ အများအပြားတွင် တရားစွဲထားသည်မှာ များသည်ထက် များလာနေသည်။ ယခုအခါ ဘီဘီစီ သတင်းထောက်ဟောင်းကြီး ခရစ် ဂန်းနက်စ် ဦးဆောင်သည့် Myanmar Accountability Project (MAP) သည် ပြင်သစ် နှင့် အင်ဒိုနီရှား နိုင်ငံများတွင် ထပ်မံ တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု Frontier Myanmar တွင် ရေးသားထားသည်။

 

အာဂျင်တီနား တွင် ရိုဟင်ဂျာ အမှုများ၊ တူရကီ တွင် မြန်မာ ပြည်သူများ အပေါ် ကျုးလွန်ခဲ့မှုများ တရားစွဲဆိုထားပြီး ဖြစ်သည်။

 

အဆိုပါ တရားရုံးများသည် နိုင်ငံကျော်လွန်ပြီး တရားစွဲဆိုခွင့် ရှိသည့် Universal Jurisdiction ပြဌာန်းချက်ကို ကိုင်စွဲပြီး တရားစွဲဆိုလာမှုကို လက်ခံ ကြားနာခဲ့ခြင်းပင် ဖြစ်သည်။

 

အထိရောက်ဆုံး ထွက်ပေါ်လာမည်က ပြစ်မှု ထင်ရှား၍ အပြစ်ဒဏ် ချမှတ်ခံခဲ့ရလျှင်တော့ နိုင်ငံတကာ ရဲအဖွဲ့ အင်တာပို အား Red Notice ခေါ် ဖမ်းဝရမ်း ထုတ်ခိုင်းခြင်းပင် ဖြစ်သည်၊ ထိုအခါ တွင် တူရကီ နှင့် အာဂျင်တီနား နိုင်ငံများနှင့် အလိုရှိသည့် တရားခံများ ပြန်ပို့ပေးရန် စာချုပ် ချုပ်ဆိုထားသော နိုင်ငံများ အဖို့ ၎င်းတို့နိုင်ငံတွင်း ရောက်ရှိလာသူများကို မဖြစ်မနေ ဖမ်းဆီးပေးရဖို့ ရှိလာနေသည်။

 

စစ်ခေါင်းဆောင်များကလည်း ရုရှားပင် အာမခံချက် မရှိပဲ စိတ်ချလက်ချ သွားရဲတော့မည် မဟုတ်၊ အခန့်မသင့်က ပူတင်မှ ဖမ်းကာ တူရကီသို့ ပို့ပေးနိုင်သည် မဟုတ်ပါလား။

 

ဖြစ်လာနိုင်ခြေ နည်းသော်လည်း ဖမ်းဝရမ်း ထုတ်ခံရယုံမျှ နှင့်ပင် တရားခံပြေး ဘဝ ဆိုက်ရောက်သွားမည့် ထိုးနှက်ချက် ကြီးက ပြင်းထန်လှပေသည်။

 

နိုင်ငံမှ ထွက်ခွာရမည့် ဗြိတိသျှ သံအမတ်ကြီးက မြေပြင် အနေအထားကို သုံးသပ်ရာတွင် စစ်တပ်သည် ယခင်ကထက်ပင် လူမုန်းများလာနေသည်ဟု ဆိုသည်။ ၎င်းတို့ လုပ်နိုင်ကိုင်နိုင်သည့် အရည်အချင်း ရှိသည်ဟု မှားယွင်းစွာ ယူဆခဲ့မှုကြောင့် ယခု အခါ အာဏာကိုပင် ဆုပ်ကိုင်နိုင်စွမ်း မရှိတော့ပဲ စီးပွားရေး နှင့် အခြား အခြေခံ ယန္တရားများကိုပင် စီမံခန့်ခွဲနိုင်စွမ်း မရှိဆိုသည်ကို သက်သေထူလာခဲ့ပြီ ဖြစ်သည်ဟု Frontier Myanmar နှင့် တွေ့ဆုံခန်းတွင် ပြောခဲ့သည်ကို ဝါရှင်တန်ပို့စ် သတင်းစာကြီးတွင် ဖေါ်ပြထားခဲ့သည်။

 

ဤသည်ကလည်း အမှန်ပင် ဖြစ်သည်၊ စစ်ကောင်စီ သည် သူတို့ လုပ်ပြနိုင်စွမ်း ရှိသည်ကို အလွန်ပင် 

ဂုဏ်ဖေါ်ချင်သူများ ဖြစ်ကြသည်။ ယခု မှတ်ပုံတင်ထားသော ကုမ္ပဏီများ နိုင်ငံခြား ဘဏ်စာရင်းထဲရှိ လက်ကျန် ဒေါ်လာငွေများကို ကျပ်ငွေ ဖြင့် ဇူလိုင် ၂၁ ညနေ ၆ နာရီ နောက်ဆုံးထားပြီး အပြီး လဲလှယ်ရမည်ဟု ဓါးပြ တိုက်ယူသလို ဖြစ်သွားရခြင်းသည် မည်သို့မျှ မကြံတတ်အောင် ဖြစ်လာ၍ သိက္ခာ အကျခံကာ လုပ်ရခြင်း ဖြစ်သည်မှာ ထင်ရှားနေပေသည်။ မင်းသား ခေါင်းစွပ်ပြီးပင် ဟန်မဆောင်နိုင်ရှာတော့ပေ။

 

ရန်ကုန်တွင်လည်း လူများ ကျီးလန့်စာစား ဖြစ်လာနေကြပြီး ဆေးများကို အလုအယက် ဝယ်ယူနေကြသည်ဟု သတင်းများ ထွက်ပေါ်လာနေသည်။

 

ယခုအခါ ကမ္ဘာဘဏ်သည်ပင် သီရိလင်္ကာပြီးလျှင် အလားတူ ဖြစ်လာဖွယ် ရှိသည့် နိုင်ငံများကို တန်းစီထားရာ မြန်မာသည် ထိပ်ဆုံးမှ ရှိနေပြီး ဘင်္ဂလား

ဒေ့ရှ်၊ လာအို၊ နီပေါ၊ ပါကစ္စတန်တို့လည်း နောက်ကလိုက်လျက် ရှိနေသည်။

 

ထိုအဖြစ်ဆိုးကို ကာကွယ်ရန် နှင့် သူတို့၏ ဒုက္ခကို တတ်စွမ်းသမျှ ကူညီပေးနိုင်ရန် ပြည်သူများဖက်က မိမိတို့ တွင် တစ် ဒေါ်လာတန် ငွေစက္ကူပါမကျန် ဗဟိုဘဏ် ရှေ့ သွားချပေးကြလျင် လွန်စွာ ဝမ်းသာကြမည် ပင် ဖြစ်သည်။

 

စဉ်းစား ဆင်ခြင်ညဏ် နည်းပါးသူများ ပီပီ ၎င်းတို့ အပေါ် နိုင်ငံ အနှံ တော်လှန်နေကြသည့် အနေအထားကိုပင် တောင့်ခံ နိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်မှာလည်း ဆန်းကြယ်လှသည်တော့ မဟုတ်ပေ။

 

အင်အားဖြင့် သာ ရန်သူ ဒူးထောက် အညံ့ခံ ဆွေးနွေးလာလိမ့်မည်ဟု ယုံကြည်နေသူများ ဖြစ်သည်၊ ထိုသို့ အယူအဆ ရှိနေဆဲ ဆိုသည်အား ၎င်းတို့နှင့် ဆွေးနွေးလိုပါက တစ်- စစ်ကောင်စီ အား ပြိုကွဲသွားအောင် လုပ်ရန် စိတ်ပင် မကူးရ၊ နှစ် မည်သည့် အစားထိုးရန်လည်း စိတ်ပင်မကူးရ၊ သုံး ဆွေးနွေးလိုလျှင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ထဲကသာ ‌‌ဖြစ်ရမည်ဟု စစ်ကောင်စီ ၏ ငြိမ်းချမ်းရေး တာဝန်ခံ ရာပြည့်က ထိုအတိုင်းပင် ပရပ်ဆော့ဟွန်းအား ပြောခဲ့မှု က သက်သေ ခံနေပေသည်။ ထိုအကြောင်းများကို စင်္ကာပူ သတင်းဌာန နှင့် တွေ့ဆုံခန်းတွင် ပရပ်ဆော့ဟွန်းက မချွင်းမချန် ‌ပြန်ပြောခဲ့သည်။

 

ထိုသို့ ပြောဆိုခဲ့မှု အပေါ် ပရပ် ဆော့ဟွန်းသည် မည်သို့ ယူဆသည်ဟု ထင်မြင်ပါသနည်း။ အားလုံး၏ အဖြေသည် မှားသွာ‌မည် ဖြစ်သည်၊ ပရပ် ဆော့ဟွန်း က ထိုသို့ ပြောဆိုမှုအား တံခါးပွင့်လာပြီဟု ဆိုကာ ဝမ်းသာအားရ ဖြစ်နေရှာသည်။ 

 

အာဆီယံသည် တိုင်းပြည်၏ ဒဏ်ရာဒဏ်ချက်များကို ကုစား နိုင်ဖို့ နေနေသာသာ ပလာစတာ လေးပင် ကပ်မပေးနိုင်ရှာသည့် အဖွဲ့အစည်းပင် ဖြစ်သည်။

 

စစ်ကောင်စီ သည် ပြည်သူ တော်လှန်ရေး အဖွဲ့များ နှင့် ဆွေးနွေးမှ ဖြစ်တော့မည်ကို ရိပ်စားမိသော်လည်း မိမိတို့ဖက်က စကားဦးသန်း၍ မဖြစ်၊ ထိုသို့ ပြောလာသည်ကပင် မိမိတို့ အားနည်းနေပြီကို ထုတ်ဖေါ်ဝန်ခံသလို ဖြစ်သွားမည်၊ political taboo ဖြစ်နေ၍လည်း ရင်ထဲက ထွက်လာနေသည့် စကားများကို အတင်းပြန်မျြိချ နေကြရသူ များ ဖြစ်သည်။

 

ထို့သို့ တဲတဲလေးသာ ကျန်နေသည့် အနေအထား

အား အခွင့်အရေး တရပ် အနေဖြင့် အပြည့်အဝ အသုံးချရန် တော်လှန်ရေး အား ဦးဆောင်နေသူများ အနေဖြင့် ဂီယာ အမြန် ချိန်းဖို့ လိုအပ်လာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံစစ် မုချအောင်ရမည်!!!