နိုင်ငံတော် အတိုင်ပင်ခံ နှင့် ပရပ်ဆော့ဟွန်းအား တွေ့ခွင့်ပြုမည်ဟု မင်းအောင်လှိုင် ကတိပေးဟု

by Hla Soewai - Jul 24 2022

အာဆီယံ အထူး သံတမန် ဖြစ်သူ ပရပ်ဆော့ဟွန်းသည် သူ နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အား တွေ့ခွင့်ပေးမည်ဟု မင်းအောင်လှိုင်ထံ မှ ကတိရထားကြောင်း ယနေ့ ဗီဒီယို ကွန်ဖရင့် ဖြင့် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အသိပေး ပြောကြားလိုက်ပြီ ဖြစ်သည်။

 

ယင်းနှင့် အတူ နိုင်ငံတော် အတိုင်ပင်ခံ အပေါ် အမှုအမျိုးမျိုး နှင့် မင်းအောင်လှိုင် ၏ အဖွဲ့ မှလုပ်ကြံလီဆယ် စွဲဆိုထားခဲ့မှု များသည်လည်း ရေစုံမျောသွားခဲ့လေသည်။ ဇော်မင်းထွန်းက အကျဉ်းကျ ခံထားရသူနှင့် တွေ့ဆုံခွင့် ပေးသည့် အစဉ်အလာကို ဘယ်နိုင်ငံတွင် တွေ့ခွင့်ပေးခဲ့သနည်းဟု လူသိရှင်ကြား မေးခွန်းထုတ်ထားမှုသည် အရှက်တကွဲ အကျိုးနည်း သွားခဲ့ရပြီ ဖြစ်သည်။ ဇော်မင်းထွန်း အဖို့ အပြောမကြီးနှင့် ဟူသော သင်ခန်းစာလည်း ရသွားလောက်ပြီ ။

 

မင်းအောင်လှိုင် အဖို့က မည်သို့မျှ ကြံရာမရ ဖြစ်လာနေ၍ ထိုသို့ အောင့်သီးအောင့်သက် နှင့် ခွင့်ပြုလိုက်ရခြင်း ဖြစ်သည်။ 

 

ပရပ်ဆော့ဟွန်း ကို မြဝတီ၊ MRTV ပါ သတင်းများကို သာ ပြောခိုင်းပြီး ဒေါ်အောင်ဆန်းစုကြည် ထံမှ အကြမ်းမဖက် ဆန့်ကျင်ရေး ဆိုသော တိုက်တွန်းသည့် စကားမျိုး ထွက်လာလည်း အရှုံးမရှိဟု တွက်ဆထားပုံ ရသည်။ ဒေါ်အောင်ဆန်းစုကြည် ထံမှ ထိုသို့ ပြောမည်ဆိုက ရန်ကုန်သို့ပင် ပြန်ရွှေ့ပေးမည်ဟုလည်း မြူဆွယ် လာမည် ဖြစ်သည်။

 

နောက်တချက်က ကမ္ဘောဒီယား တွင် ပြုလုပ်ရန် ရှိသည့် အာဆီယံ၊ အေပက် အစည်းအဝေးများသို့ တက်ခွင့် ရရန် ကမ္ဘောဒီယား နှင့် အပေးအယူ လုပ်ချင်ပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပေးမတွေ့ ၍သာ အာဆီယံ ခေါင်းဆောင်များ စိတ်ဆိုးပြီး သူ့အနေနှင့် အစည်းအဝေးများ အနားသို့ ကပ်ခွင့်မရခြင်းဟု ယူဆထားမည့် သူလည်း ဖြစ်သည်။

 

နိုင်ငံတော် အတိုင်ပင်ခံ သည်သာ မြန်မာ အရေးအား နိုင်ငံ‌ရေးအရ ဖြေရှင်းရန် အရေးအကြီးဆုံး ပုဂ္ဂိုလ် ဖြစ် ကြောင်း ပရပ်ဆော့ဟွန်းက ပြောဆိုခဲ့ပြီး အကြမ်းမဖက် လမ်းစဉ်ကို ယုံကြည်သူ သူမအဖို့ လက်ရှိ ဖြစ်ပွား နေသော ပဋိပက္ခအား သေချာ‌ပေါက် ကန့်ကွက်လိမ့်မည် ဆိုသည်ကိုလည်း မှန်းဆနေပုံရှိသည်။  

 

ဒေါ်အောင်ဆန်းစုကြည်သည် အပြင်လောကမှ မည်သူတဦးတယောက်နှင့် မျှ တွေ့ခွင့်မရဘဲ ပရပ်ဆော့ဟွန်း နှင့် ပထမဆုံး တွေ့ဆုံရခြင်းမျိုး ဖြစ်သဖြင့် သူမအတွက်လည်း နိုင်ငံရေး အရ ထောင်ချောက်ကြီး ဖြစ်လာနိုင်သည်။ သို့‌သော် လစ်ဘရယ် ပညာရေး ဖြင့် ယဥ်ပါးခဲ့သူအဖို့က ပြေးကြည့်တာထက် တွေးကြည့်တာ မှန်မည်ဟု ယူဆ ထားမည် ဖြစ်သည်။ မင်းအောင်လှိုင်သည် မိုက်လုံးကြီးသူ သက်သက်သာ ဖြစ်ပြီး အတွေးအ‌ခေါ်ပိုင်းတွင် ဗိုလ်သန်းရွှေ ၏ ခြေဖျားကိုပင် မှီသူ မဟုတ်မှန်း သူနှင့် အကြိမ်ကြိမ် စကားစမြည် ပြောပြီးဖြစ်၍ ဒေါ်အောင် ဆန်းစုကြည် အနေနှင့် မသိဘဲ နေမည် မဟုတ်ပေ။ သူမ ထံ အခုလို အာဆီယံ အထူး သံတမန်အား တွေ့ခွင့် ပေးလာရသည် အထိ ဖြစ်လာ ခဲ့ခြင်းမှာ ၎င်းတို့အတွက် အခြေအနေ မဟန်၍သာ ဖြစ်မည်ကို သိနား လည်ပြီး ဖြစ်ပေလိမ့်မည်။

 

မြန်မာပြည်သူများကတော့ ၎င်းတို့ကို သူခိုးဓါးမြသာသာ နှိပ်စက်သတ်ဖြတ် လာခဲ့သူများ၊ ပြည်သူများအား အရှင်လတ်လတ် မီးရှို့ အဆုံး စီရင်ခဲ့သူများ အဖြစ် မည်သို့မျှ တိုင်းပြည် အား ပိုနေမြဲ ကျားနေမြဲ ဆက်လက် အုပ်ချုပ်သွားမည့် အရေးကို လက်ခံကြမည် မဟုတ်၊ အပြီးအပိုင် ဖယ်ရှားရန် စိတ်ပိုင်းဖြတ်ထားသည့် အရေးကို နိုင်ငံတော် အတိုင်ပင်ခံ မှ တားမြစ်မည်ဆိုက ဖြစ်နိုင်သည် ဟု ပရပ်ဆော့ဟွန်းက တွေးထင်ယူဆနေသည် မှာလည်း အမျှော်အမြင် နည်းလွန်းရာ ကျနေပေသည်။

 

ဧရာဝတီ ကမူ ကမ္ဘောဒီယားသည် ၎င်းတို့ နိုင်ငံ၏ ဒေသထွက်ကုန်များ ဖြစ်သော ငှက်ပျောသီး၊ ငရုတ်သီးများ မြန်မာသို့ ရောင်းချနိုင်ရေး အတွက် မင်းအောင်လှိုင် ပြောသမျှ ခေါင်းငြိမ့်နေမည်သာ ဖြစ်သည်ဟု သုံးသပ် ထားသည်။

 

ယခု အနေအထားအရ မင်းအောင်လှိုင် အား နိုင်ငံရေး အရ သဘောကွဲလွဲသူ တဦးတလေမျှ ထောင်ထဲမှ လွဲ၍ ပြင်ပ တွင် တရားဝင် ရပ်တည်ခွင့်မရ ဖြစ်နေချိန်မှာ မည်သို့သော နိုင်ငံရေး ဖြေရှင်းချက်မျိုး ရနိုင်ပေဦး မည်နည်း။ ပြည်သူများက တရားမဝင် အာဏာသိမ်းခဲ့ရုံ မျှမက မိမိတို့အပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက် လာနေမှု ကို ခုခံကာကွယ်တွန်းလှန်သွားသည့် နည်းမှ လွဲ၍ အခြား မရှိတော့ဟု အခိုင်အမာ ယုံကြည် လက်ခံထားပြီး ဖြစ်သည်။

 

မြန်မာ ပြည်သူများ အနေနှင့် အနည်းဆုံး တောင်အာဖရိက အသားအရောင် ခွဲခြားရေး လူဖြူ အစိုးရ နှင့် မင်ဒဲလား ဦးဆောင်သည့် အာဖရိက အမျိုးသား ကွန်ဂရက် အကြား ရရှိခဲ့သည့် နိုင်ငံရေး ဖြေရှင်းချက်မျိုး ထက် မရော့သည့် ပုံစံမျိုးသာ လက်ခံကောင်း လက်ခံကြပေလိမ့်မည်။ 

 

မင်းအောင်လှိုင် အဖို့ နောက်ထပ်တပူပေါ် နှစ်ပူဆင့် ဖြစ်လာရသည်က နိုင်ငံတကာ တရားရုံးချုပ်မှ ကန့်ကွက်ချက် လေးချက်စလုံးကို ပယ်ချလိုက်သည့် သတင်းဆိုးပင် ဖြစ်သည်။

 

ယမန်နေ့က နိုင်ငံတကာ တရားရုံးချုပ်မှ ရိုဟင်ဂျာ များ အပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့သည် ဆိုကာ ဂမ်ဘီယာ မှ တရားစွဲဆိုထားသည့် အမှုအား ဆက်လက် တရားစီရင်ခွင့် မရှိ၊ ဂမ်ဘီယာသည် နစ်နာသူလည်း မဟုတ်၍ဟု မြန်မာဖက်မှ ကန့်ကွက်မှု လေးခုစလုံးအား ပယ်ချလိုက်ပြီး အမှုကို အပြည့်အဝ ဆက်လက် ကြားနာ စစ်ဆေးသွားမည်ဟု ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။ မြန်မာသည် ၁၉၄၈ ဂျီနိုဆိုက် ကွန်ဗင်ရှင်းအား လိုက်နာရန် တာဝန်ရှိ သော်လည်း ပျက်ကွက်ခဲ့မှု အပေါ် အခြား အဖွဲ့ဝင်နိုင်ငံမှ တိုင်တန်းလာမှု ဖြစ်၍ ဆက်လက် ကြားနာ ဆုံးဖြတ် သွားရမည် ဖြစ်သည်ဟု ရှင်းလင်းချက်တွင် ဖေါ်ပြထားသည်။

 

ပုံမှန် အတိုင်းဆိုလျှင် ဆက်လက်ကြားနာ စစ်ဆေးမည့် ပွဲများသို့ မြန်မာဖက်မှ တက်ရောက်မည် မဟုတ်ဟု ယူဆကောင်း ယူဆနိုင်သော်လည်း နိုင်ငံတကာ၏ အသိအမှတ်ပြု ခံချင်ဇော ကြီးနေသည့် စစ်ကောင်စီအဖို့ ဆက်၍ လာနေဦးမည်သာ ဖြစ်သည်။

 

ကနေဒါနှင့် နယ်သာလန် အစိုးရများက အိုင်စီဂျေ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

တိုတယ် ရေနံကုမ္ပဏီကြီးမှလည်း မြန်မာပြည်ရှိ လုပ်ငန်းများ အားလုံး၊ ဖက်စပ်လုပ်ကိုင်နေမှုများ အပါအဝင် အာားလုံးကို ဇူလိုင် ၂၀ ရက်နေ့မှစ၍ အပြီးအပိုင် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လာ ခဲ့သည်။

 

သို့သော် တိုတယ်၏ ရှယ်ယာ ၃၁.၄ ရာနှုန်းအား ကျန်ရှိသည့် အမေရိကန် ၏ ချေဗရွန်၊ ထိုင်း၏ PTTEP နှင့် စစ်တပ် လက်အောက်ရှိ MOGE တို့က ခွဲယူကြဖို့ ရှိ၍ စစ်တပ် အတွက် ပို၍ ဝင်ငွေကောင်းလာနိုင်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက တိုတယ်၏ လက်လွတ်စပယ် လုပ်ရပ်ကို ဝေဖန် ရှုတ်ချနေကြသည်။ တိုတယ်သည် အဆိုပါ ရှယ်ယာ များ နှင့် ပိုင်ဆိုင်မှုများကို မည်သူမျှ ထိ၍ မရအောင် Trust account သို့မဟုတ် Escrow account များ ဖွင့်၍ အပ်နှံထားသွားသင့်သည်ဟု ဆိုသည်။

 

(ပုံတွင် အိုင်စီဂျေ ရုံးချုပ် ရှေ့တွင် ဆန္ဒပြသူများက မင်းအောင်လှိုင် ပုံကို ခြေထောက်ဖြင့် တက်နင်းနေသည့် ပုံကို ဝါရှင်တန် ပို့စ် သတင်းစာကြီးတွင် ဖေါ်ပြထားခြင်း ဖြစ်သည်)

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!