စစ်တပ်သည် ရွေးကောက်ပွဲအား နိုင်ငံရေး ထွက်ပေါက် အဖြစ် မျှော်လင့်နေ

by Hla Soewai - Jul 25 2022

စစ်တပ်ပိုင် မီဒီယာများက နိုင်ငံတဝှမ်းရှိ ရွေးကောက်ပွဲ ကော်မရှင် ၃,၆၀၀ ခန့်သည် စစ်တပ် အရာရှိများ၊ ဝန်ထမ်းများ နှင့် အတူ ၅၁ သန်းရှိ ပြည်သူများ၏ အချက်အလက်များကို ပြုစုနေသည်ဟု Nikkei Asia Review တွင် ရေးသားထားသည်။ 

 

၎င်းတို့ သတ်မှတ်ထားသော ၂၀၂၃ ဩဂုတ်လ တွင် ရွေးကောက်ပွဲ လုပ်ဖြစ်သည်အထိ အခြေအနေများ ကောင်း မွန်လာမည်လော၊ ၎င်းတို့ကော သက်ဆိုးရှည်ပါဦးမည်လောဟု အားလုံးက မေးခွန်းထုတ်လျှက် ရှိသည်။

 

သို့သော် စစ်တပ်၏ သေဆိုသေ ရှင်ဆိုရှင် လူများ နှင့် ဖွဲ့စည်းထားသူများ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ဆိုသည်အား မည်သူကမျှ တရားမျှတမှု ရှိလိမ့်မည် မဟုတ်ဟု ယူဆထားကြပြီး အများစုက သပိတ်မှောက်ကြ မည်သာ ဖြစ်သည်။

 

စစ်တပ်သည် သစ္စာခံ ပါတီများ နှင့် ကြိမ်းသေပေါက် အနိုင်ရမည့် ပီအာ စနစ်ဖြင့် ရွေးကောက်ပွဲ ပြုလုပ်ကာ မင်းအောင်လှိုင်အား သမ္မတ အဖြစ် တင်မြှောက်ကြတော့မည်ကို ကျိန်းသေသိထားပြီး ဖြစ်သည်။ ပီအာ စနစ်သည် လူပုဂ္ဂိုလ်ကိုပင် မဲပေးစရာ မလိုတော့ပဲ ပါတီ တခုစီ ရရှိသည့် မဲအရေ အတွက် အပေါ် မူတည်ပြီး ခရိုင်၊ ပြည်နယ် တိုင်း ဒေသကြီးများ အတွက် လွှတ်တော် ကိုယ်စားလှယ်များကို ခွဲတမ်းချ သတ်မှတ်ပေးမည့် စနစ်လည်း ဖြစ်သည်။

 

ဆိုလိုသည်ကတော့ တိုင်းပြည်ကို စစ်တပ်က သေတပန် သက်တဆုံး သားစဉ်မြေးဆက် အုပ်ချုပ်သွားနိုင်မည့် အစီအစဉ်လည်း ဖြစ်ပေသည်။

 

ပြည်သူတရပ်လုံး တခဲနက် ထောက်ခံ မဲပေးခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက သောင်ပြို ကမ်းပြို အနိုင်ရရှိသွားမှု အား သူတယောက်တည်း လက်မခံလိုမှု ဖြင့် စစ်တပ်ကို အသုံးချကာ အာဏာသိမ်းခဲ့ပြီး ဖြစ်သည်။ ထိုမျှမကသေး နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပြည်သူများ လွတ်လပ်စွာ သွားလာနိုင်ခွင့်၊ စီးပွားရေး လုပ်ပိုင်ခွင့်များ အားလုံးကို လည်း ဖျက်ဆီးပြစ်ခဲ့ပြီး ဖြစ်သည်။

 

တတိုင်းပြည်လုံး ကိုဗစ် လှိုင်းကြောင့် တောင်ပုံရာပုံ သေဆုံးအောင် စီမံခန့်ခွဲနိုင်ခဲ့သူ၊ တိုင်းပြည် စီးပွားရေး သည် ဒေဝါလီ ခံရလုမတတ် ဖြစ်လာနေ၍ ပြည်သူများ ကျီးလန့်စာစား ဖြစ်နေချိန်တွင်ပင် မော်စကိုမှ မိုင် ၆၀ ခန့် ဝေးသော ပန်းခြံငယ်တခု တွင် ရွှေစည်းခုံ ပုံတူ တည်ကာ “အောင်ပြီ အောင်ပြီ အောင်ပြီ” ဟု လက်သီး လက်မောင်း တန်းနေသူ အား တိုင်းပြည်ခေါင်းဆောင်အဖြစ် ရွာသာကြီး မှ လူများက လွဲ၍ မည်သူကများ သမိုင်း တရားခံ အဖြစ်ခံကာ မဲပေးရွေးချယ်မည့် သူ ရှိပေမည်နည်း။

 

ထိုသို့ အနေအထား ဖြင့် ထွက်ပေါ်လာမည့် အစိုးရ ဆိုသည်ကို တရုတ်၊ ရုရှား နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ အချို့ကတော့ သေချာပေါက် အသိအမှတ်ပြုမည် ဖြစ်သည်။ ယခု အနေအထား ထက် ပို၍ နိုင်ငံတကာ၏ အသိအမှတ် ပြု ခံရဖွယ် မရှိဘဲ ငွေကုန်လူပန်းဖြစ်ကာ ဒုံရင်း ဒုံရင်းသာ ရှိနေပေလိမ့်မည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အထက်တန်း အကြံပေး ဒဲရက် ရှိုလက်က ပြည်သူများ ယုံကြည်နိုင်သည့် နိုင်ငံရေး ပါတီများမှ ယှဉ်ပြိုင်ရန် အလားအလာ ရှိသူများ အားလုံး ဖမ်းဆီး နှိပ်စက် ခံနေရချိန်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိသည့် အပြင် လုပ်ပွဲကြီးသာ ဖြစ်လိမ့်မည်ဟု အမေရိကန်၏ သဘောထား ကို ပြတ်သားစွာ ထုတ်ဖေါ်သွားခဲ့ပြီး ဖြစ်သည်။

 

နောက်ဆုံး အာဆီယံ အထူး သံတမန် ပရပ်ဆော့ဟွန်းကပင် “ရွေးကောက်ပွဲ မှ လွဲ၍ အခြား ငြိမ်းချမ်းစွာ ဖြေရှင်း ၍ ရမည့် နည်းလမ်း မရှိတော့ဘူးလား” ဟု ပင် သူ၏ နောက်ဆုံး ခရီးစဉ်အတွင်း မေးခွန်းထုတ်လာခဲ့ပြီ ဖြစ် သည်။ ထိုသို့ ယူဆလျှင်လည်း အားလုံး ပါဝင်နိုင်ပြီး လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်အောင် မည်သို့ မည်ပုံ လုပ်၍ ရနိုင်မည်နည်း” ဟု ပြောကြောင်း နစ်ကီ သတင်း တွင် ဖေါ်ပြထားခဲ့သည်။

 

ပြည်သူသာ အဓိက ဖြစ်လာမည့် ရွေးကောက်ပွဲ ဖြစ်သည်။ ပြည်သူများက အရူး စိတ်ချမ်းသာ နားအေး ဆိုပြီး ပေယျာလကန် လုပ်ခဲ့လျှင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ ကဲ့သို့ပင် မင်းအောင်လှိုင် တယောက် အောင်ပြီ အောင်ပြီ ဆိုကာ ကံကောင်းသွားပေတော့မည်။

 

သို့သော် ယခုအချိန်အထိ နိုင်ငံ အနှံ့ နေရာတော်တော်များများ တွင် ဒေသအုပ်ချုပ်ရေးမှူး တဦးတလေမျှမှ စစ်ကောင်စီ သစ္စာခံများ မရှိတော့ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အပစ်အခတ်ရပ်စဲရေး သည် လည်း ပြိုလဲ လိုက်လာနေခြင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နေရာအနှံ့ ထွက်ပေါ်လာခြင်း တို့ကြောင့် မင်းအောင်လှိုင်တယောက် ရတက်မအေး ဖြစ်နေရပြီး ၎င်းတို့ စိတ်ကြိုက် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခြေ အနေပေးမည်လောဟု Frontier Myanmar ၏ အယ်ဒီတာ အာဘော်မှ ဇူလိုင် ၂၁ ရက်နေ့ ထုတ် စာစောင်တွင် “The World Must not Accept a Junta-run Election” ခေါင်းစဉ်ဖြင့် ရေးသားထားသည်။

 

နိုင်ငံတကာ မှ မြန်မာ ပြည်သူများ၏ ဆန္ဒကို ထပ်မံလစ်လျူရှုကာ မင်းအောင်လှိုင် နန်းတက်ပွဲအား မည်သို့မျှ အသိအမှတ် ပြု၍ မဖြစ်၊ ၎င်းအား နိုင်ငံတကာရှိ တရားရုံးများ တွင် စစ်ရာဇဝတ်မှု ကျူးလွန်သူ အဖြစ် တရားစွဲ ဆိုနေကြပြီလည်း ဖြစ်သည်။

 

၎င်းအား နိုင်ငံ အနည်းငယ်က အသိအမှတ် ပြုလာလျှင်ပင် တော်လှန်ရေး တပ်ဖွဲ့များအား တဖြေးဖြေး နှင့် “အကြမ်းဖက်သမား” များ အဖြစ် သတ်မှတ်လာနိုင်သည့် အန္တရာယ်ကြီးနှင့် ရင်ဆိုင်ရဖို့ ရှိနေကြောင်း အယ်ဒီတာ အာဘော်က ဆိုသည်။ အွန်လိုင်းမှ တဆင့် သတင်း အချက်အလက် ဖလှယ်ခြင်း၊ ရံပုံငွေ ရှာဖွေခြင်း များအထိ အကျပ်ရိုက်လာနိုင်သည်ဟု ဆိုသည်။ ထို့အပြင် မိမိတို့သည်သာ ပြည်သူများက တရားဝင် ရွေးချယ် တင်မြှောက် ထားပါသည် ဆိုသော NUG, CRPH တို့၏ ရပ်တည်ချက်လည်း ထိခိုက်လာပေတော့မည်။

 

မင်းအောင်လှိုင်ကတော့ သူ၏ ရပ်တည်ရေး အတွက် လူထုကို သေနတ်ပြကာ မဲရုံထဲ အတင်းမောင်းသွင်း တော့ မည် ဖြစ်၍ ထွက်ပေါ်လာသော ရွေးကောက်ပွဲ ရလဒ်ကို ကမ္ဘာကြီးက အသိအမှတ် မပြုခြင်းဖြင့် တုန့်ပြန်ရန် လိုသည်ဟု ဆိုသည်။

 

 အမျိုးသား ညီညွတ်ရေး အစိုးရ အတွက် အချိန် တနှစ်သာ ကျန်ပေတော့သည်။ ပြည်သူများ ဆန္ဒကို ဖြည့်ဆည်း ပေးရန် တနှစ် အတွင်း အောင်ပွဲရရေး သည်သာ အရေးအကြီးဆုံး ဖြစ်၍ မည်သို့သော နည်းလမ်းမျိုး နှင့် မဆို အကောင်အထည် ဖေါ်နိုင်ရန် ယခုတည်းက သေချာ ကျနစွာ စီစဉ်ပြီး မဖြစ်မနေ လုပ်ရတော့မည် ဖြစ်သည်ဟု မိမိအနေဖြင့် ယူဆမိသည်။

 

(ပုံတွင် Frontier Myanmar အယ်ဒီတာ အာဘော် ပါ သရုပ်ဖေါ်ပုံကို တွေ့မြင်နိုင်သည်)

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!