တရုတ်မှ လွဲ၍ တကမ္ဘာလုံးက ရွံရှာစွာ ပြစ်တင် ရှုတ်ချ၊ ဟွန်ဆန် ပင် ပါလာ

by Hla Soewai - Jul 27 2022

အာဆီယံ၏ လက်ရှိ ဥက္ကဌ ဖြစ်သူ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ဒီမိုကရေစီ ခေါင်းဆောင် နှစ်ဦး အား ကြိုးပေး ကွပ်မျက် ခဲ့မှု အပေါ် အပြင်းထန်ဆုံး စကားလုံးများ သုံး၍ ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

သူကိုယ်တိုင် သေဒဏ် စီရင်မှု ကို ပြန်လည် စဉ်းစားပါရန် မေတ္တာရပ်ခံနေသည့်ကြားမှ ယခုလို ကျူးလွန် လိုက် ခြင်းဖြစ်သည်။ ထိုသို့ လုပ်မည်ဆိုလျှင် နိုင်ငံတကာ မှ ယခုထက်ပိုပြီး ဝိုင်းကျဉ်ခြင်း ခံရမည် ဖြစ်ပြီး အာဆီယံ ၏ မူငါးချက်အပေါ် ထိခိုက်လာမည်ဟု မင်းအောင်လှိုင်အား သတိပေးခဲ့ပြီး ဖြစ်သည်။

 

၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတိုင်မီ တပတ်အလို တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အာဆီယံ အနေဖြင့် လွန်စွာ အရေးတကြီးထား သုံးသပ်ရတော့မည့် အကြောင်းခြင်းရာ တရပ် ဖြစ်လာပြီဟု ဆိုသည်။ အာဆီယံ၏ ကြိုးပမ်းအားထုတ်နေမှုများကို ပံ့ပိုးကူညီရန် ဆန္ဒ လုံးဝ မရှိကြောင်း ပြဆိုနေကာ လွန်စွာ စိတ်ပျက်ဖွယ် ဖြစ်ပြီး စိတ်မကောင်း ဖြစ်ရကြောင်း ပါရှိလာခဲ့သည်။

 

ယင်းလုပ်ရပ်သည် မြန်မာသာမက ဒေသတခုလုံး၏ တည်ငြိမ်ရေး၊ လုံခြုံရေး နှင့် ငြိမ်းချမ်းရေးကိုပါ အန္တရာယ် ကျရောက်လာနိုင်၍ လွန်စွာ မှ ပြစ်တင်ရှုတ်ချထိုက်ကြောင်း ကြေညာချက် နိဂုံးတွင် ပါရှိလာသည်။

 

မင်းအောင်လှိုင်၏ အဆင်ခြင်မဲ့ လုပ်ရပ်သည် လာမည့် အာဆီယံ အစည်းအဝေးတွင် မြန်မာ အရေးအပေါ် မဖြစ် မနေ ပြန်လည် သုံးသပ်ရန် အနီးကပ် တွန်းအားပေးလိုက်ခြင်းပင် ဖြစ်သည်။ သူ့နေရာက ဝင်ပြီး စဉ်းစားကြည့် လျှင်ပင် ထိုသို့သော အချိန်မျိုးတွင် မလုပ်သင့်သေး ဆိုသည်ကို ခေါင်းရှိပါက မသိဘဲ နေမည် မဟုတ်။ ပြဿနာ မှာ ထိုသို့ အစဉ်းစား အဆင်ခြင် မဲ့သူသည် အမိန့်ပေး ဆုံးဖြတ်ရမည့် ခေါင်းဆောင် ကိုယ်တိုင် ဖြစ်နေသည့် အတွက် မည်သို့မျှ တတ်နိုင်ကြတော့မည် မဟုတ်။ သူ့အလိုကို မလိုက်သူမှန်သမျှ နောက်နေ့ ထောင်ထဲ ရောက်ဖို့ သာ ရှိနေသည်။

 

အာဆီယံ သာ မဟုတ်၊ ၎င်းတို့၏ ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းလှစွာ ဖြင့် ပြည်သူများအား နှိပ်စက်သတ် ဖြတ် နေမှုများ အပေါ် ယခင်ကတည်းက ပွင့်ပွင့်လင်းလင်း ရှုတ်ချသည့် နိုင်ငံများ သည်လည်း ထိုသို့ သုံးသပ်ရန် ဖြစ်လာရသည်ဟု ဂျပန်နိုင်ငံ ထုတ် The Diplomat သတင်းစာတွင် ရေးသားထားသည်။

 

မင်းအောင်လှိုင် အဖို့က “အကြမ်းဖက်သမား” များဟု ခေါင်းစဉ်တပ်ပေးလိုက်ရုံ ဖြင့် အားလုံးက လက်ခံကြ လိမ့်မည်ဆိုကာ အလွယ်လေး တွေးပြီး ကျူးလွန်လိုက်ခြင်း ဖြစ်၍ ယခုအခါ စိတ်ထဲတွင် ဆောက်တည်ရာ မရအောင် တုန်လှုပ်ချောက်ချားနေလောက်ပြီ ဖြစ်သည်။ သူတွင်မဟုတ် အလွဲလွဲ အချော်ချော် အတွေး အခေါ်များကြောင့် စီးပွားရေးသည်လည်း ဒေဝါလီ ခံရလုမတတ် ဖြစ်လာနေပြီး နိုင်ငံခြားငွေ များကို ရသည့် အပေါက် က အရှက်ကင်းမဲ့စွာ နှိုက်ယူနေရသည့် အဖြစ် ရောက်နေသည်။ ပြည်သူများလည်း ရှေ့ကို ဘာဖြစ် လာမလဲ ဆိုသည့် အတွေးနှင့် ဆောက်တည်ရာ မရ ဖြစ်လာနေသည်။ မိမိတို့အား လက်နက်အားကိုးဖြင့် အုပ်ချုပ်ရန် တက်လာ သူသည် ခေါင်းမပါ နတ်ရူး၊ မှော်ရူး များ၏ ယတြာကို အားကိုးနေသူ ဖြစ်သည်ကိုလည်း ထိတ်လန့်တကြား သိမြင်လာနေကြရပေသည်။

 

ယခင်က ထိုသို့ ကွပ်မျက်မှုကို သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုစရာ မရှိဟု ဇော်မင်းထွန်းက ပြောခဲ့သော် လည်း ယခုအခါ တကမ္ဘာလုံး၏ ဝိုင်းဝန်း ရှုတ်ချခြင်းကို ခံလာရပြီ ဖြစ်၍ မိမိတို့သည် ဥပဒေ အတိုင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ပုဂ္ဂိုလ်ရေး မပါ ဟု ကာကွယ် ပြောဆိုလာရပြီ ဖြစ်သည်။

 

၎င်းအား ထောက်ခံနေသူများပင် အလိုလိုနေရင်း ဂုဏ်သိက္ခာ မဲ့စွာ ဖြင့် အရူးသာသာ ဘဝ ရောက်ခြင်းမလှ ရောက်လာရသည်။ မျက်စိမှိတ် ထောက်ခံဖို့ ခက်ခဲလာရသည်။ ငါတို့ ခေါင်းဆောင်သည် ဘာမဆို လုပ်ရဲသူ ဖြစ်သည်ဟု ကျောသပ်ရင်သပ် ချီးကျူး လိုသူများလည်း ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကြောင့် ထိတ်လန့် လာနေကြကာ ၎င်းတို့ မျက်စိထဲတွင် ကဒါဖီ ကိုပဲ မြင်ယောင်လာကြမည် ဖြစ်သည်။ 

 

ယခုလုပ်ရပ်သည် မင်းအောင်လှိုင်အနေနှင့် နောက်ပိုင်း ကာလများတွင် ထိန်းမနိုင် သိမ်းမရ အကြမ်းဖက်မှုကြီး များ ဖြစ်ပွားလာရန် ဦးတည်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

အမေရိကန် က မြန်မာ စစ်ခေါင်းဆောင်များအား ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးရန် တရုတ် ကို တောင်းဆိုလိုက် သော်လည်း တရုတ်က နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက် ဟု ဆိုကာ ပယ်ချလိုက်သည်။ နိုင်ငံ၏ ရေရှည် အကျိုး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူဘောင် များ အတွင်းကသာ ကွဲလွဲမှုများ ဖြေရှင်းကြရန် တိုက်တွန်းလိုက်သည်။

 

မြန်မာ ပြည်သူများကတော့ ရှုတ်ချ၊ ဝမ်းနည်း၊ စိုးရိမ် စကားလုံးများကိုသာ ၁၈ လ လုံးလုံး ကြားနေခဲ့ရ၍ နားရည်ဝနေပြီဟုလည်း မဂ္ဂဇင်းက ဆိုသည်။

 

သို့သော် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကမူ တွစ်တာ တွင် ထိုသို့သော လုပ်ရပ်မျိုး အား သည်းခံ၍ မဖြစ် ဟု တဆင့်တက် ရေးသားလာသည်။ 

 

စစ်တပ်၏ လုပ်ရပ်သည် တိုင်းပြည်အား ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်သွားမည့်အရေးကို မြင်လိုကြသည့် သန်းပေါင်းများစွာသော မြန်မာ ပြည်သူများ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားခဲ့ရကြောင်း၊ ထိုသို့ လုပ်ရဲလာသည်မှာလည်း မိမိတို့ မြင်လိုသည့် နိုင်ငံတကာ မှ စီးပွားရေး၊ သံတမန်ရေး အရ ဖိအားပေးမှုမျိုး မကြုံရသေး၍ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ နက် ပရိုက်စ်က ဆိုသည်။ ထို့အတွက် နိုင်ငံများ အနေဖြင့် ယခုအနေအထားထက် ပို၍ လုပ်လာကြဖို့ တောင်းဆိုသည်ဟုလည်း ပါရှိခဲ့သည်။

 

မြန်မာသည် တရုတ် နှင့် အနောက်အုပ်စုအကြား နိုင်ငံရေး အားပြိုင်မှု၏ ကြားခံ နယ်ရုပ် ဖြစ်လာနေသော်လည်း ယခုလုပ်ရပ်ကြောင့် နိုင်ငံတကာ၏ ထပ်မံ ဖယ်ကျဉ်ခံရမည်ကား သေချာသလောက် ဖြစ်နေပြီး ပြည်တွင်းတွင် မည်မျှ အထိ ဂယက်ထ လှုပ်ရှားလာမည် ဆိုသည်ကား မသိနိုင်သေးကြောင်းလည်း ရေးသားထားသည်။

 

မလေးရှား အစိုးရ ဝန်ကြီး အဖွဲ့ကမူ အာဆီယံ အစည်းအဝေးသို့ နိုင်ငံရေး ကိုယ်စားလှယ် စေလွှတ်ခြင်းကို ဆန့်ကျင်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဆိုက်ဖူဒင်က ထုတ်ဖေါ်ပြောဆိုလိုက်သည်။ သူ နှင့် ကုလ အထူးသံတမန် နိုလင်း ဟေဇာတို့က အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်သည် မြန်မာ အရေးအား ဖြေရှင်းရန် ကြိုးပမ်းနေမှုများအား အကြီးအကျယ် ထိုးနှက်လိုက်ခြင်း ဖြစ်သည် ဆိုသည်ကို တသဘောတည်း ရှိကြောင်း လည်း ပြောဆိုခဲ့သည်။

 

မစ္စက် ဟေဇာ က လူပုဂ္ဂိုလ်တဦး၏ အသက်ရှင် ရပ်တည်ပိုင်ခွင့်၊ လွတ်လပ်ခွင့် နှင့် လုံခြုံမှု ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ကိုဖြိုးဇေယျသော် ၏ မိခင်ကမူ သူမ၏ သားဖြစ်သူသည် အာဇာနည် ပီသစွာ ကျဆုံးသွားခဲ့ရခြင်း အတွက် ဂုဏ်ယူကြောင်း အေပီသတင်းဌာနကို ပြောဆိုခဲ့သည်။

 

တကယ်တမ်းတွင် ထိုသို့ ကျဆုံးသွားရခြင်းများ အတွက် ကုလ အပါအဝင် နိုင်ငံတကာ တွင် တစိတ်တပိုင်း အားဖြင့် တာဝန် ရှိနေသည်ကတော့ အမှန်ပင် ဖြစ်သည်။

 

မြန်မာ ပြည်သူများသည် မိမိတို့အား လက်နက်အားကိုးဖြင့် ဖိနှိပ်ချုပ်ချယ် နိုင်ထက်ကလူ ပြုကျင့်နေမှုများအား မည်သူမျှ ပါးစပ်နှင့်ကလွဲ၍ ကိုယ်ထိလက်ရောက် တားမြစ်ပေးနိုင်ခြင်း မရှိသည်ကို သိလာရသည့် အခါတွင် လက်နက်ကိုင် ခုခံ တော်လှန်ခြင်းမှ လွဲ၍ အခြားနည်းလမ်း မရှိတော့ကြောင်း သဘောပေါက်လာခဲ့ကြ၍ပင် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ က ထိုသို့ ကွပ်မျက်ခဲ့မှုကို လုံးဝ လက်မခံနိုင်၊ တာဝန်ရှိသူများ အားလုံးကို တရားဥပဒေ အရ ပြစ်ဒဏ်စီရင်သွားမည်ဟု ကြိမ်းဝါးလာခဲ့သည်။

 

အာဏာသိမ်း အဖွဲ့ကတော့ နိုင်ငံတွင်း အများ ပါဝင်နိုင်မည့် ဒီမိုကရေစီ အစစ်အမှန် ပြန်လည် ရှင်သန်ရေးကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်လိုက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!

 

ပုံကို ဖေ့စ်ဘုတ်မှ ကူးယူ တင်ပြထားပြီး မူလ အနုပညာရှင်အား ကရက်ဒစ် ပေးပါသည်