အမှောင်ကို ခွင်းမည့် အလင်း

by Hla Soewai - Jul 30 2022

Darkness to light ခေါင်းစဉ် ဖြင့် အင်္ဂလန် အခြေစိုက်ကာ ကမ္ဘာအနှံ့ ထုတ်ဝေ ဖြန့်ချီနေသည့် အီကော်နော်မစ် မဂ္ဂဇင်းကြီး မှ ကိုဂျင်မီ အကြောင်း အပတ်စဉ်ထုတ် နာရေး ကဏ္ဍတွင် တလေးတစား ဖေါ်ပြလိုက်ပြီ ဖြစ်သည်။

 

ပြီးခဲ့သည် တပတ်ကျော်က ရှင်ဇို အာဘေး အကြောင်း ဖေါ်ပြခဲ့သည်ကို ကြည့်က ကိုဂျင်မီ အား ထိုကဲ့သို့ ကမ္ဘာခေါင်းဆောင်များ နှင့် ပင် တတန်းစားထဲ ထားကာ တလေးတစား ကမ္ဘာသိ ဖေါ်ပြခဲ့ပြီ ဖြစ်သည်။ 

 

ကိုဂျင်မီ နှင့် ဇနီးဖြစ်သူတို့ မည်သို့မည်ပုံ ဆုံစည်းခဲ့ရာ မှ မေတ္တာသက်ဝင် လက်ထပ် ဖြစ်ခဲ့ပုံ များကို ဆောင်းပါးရှည်ကြီးဖြင့် အသေးစိတ် ရေးသား ထား သည်ကို တွေ့ရ၍ ကျွန်တော် ပြန်လည် တင်ပြပေးသွား ပါမည်။

 

အခု လောလောဆယ်တော့ ထိုကဲ့သို့ ဂုဏ်ယူစရာ ဖြစ်လာခဲ့မှု ကို သိစေချင်၍ ပြောပြချင်းသာ ဖြစ်ပေသည်။

 

မြန်မာပြည် တနေ့ လွတ်လပ်ရမည်ဟု သံန္နိဋ္ဌာန် ချထားသူ

 

သူမ၏ မျက်နှာလေးအား မြင်ခဲ့ရပြီး နောက် နှစ်ပေါင်းများစွာ ကြာအောင် မေ့မရနိုင် ဖြစ်ခဲ့ရသည်။ သူ မြင်ခဲ့ရသည့် အချိန်က အသက် ၁၆ နှစ်သာ ရှိသေးသည့် အဖြူ အစိမ်း ဝတ်ထားသော ကျောင်းသူ ကလေးတဦး သာ ဖြစ်သည်။ တွေ့ရသည်ကလည်း ၁၉၈၈ လူထု အရေးတော်ပုံကြီး အတွင်း ထောင် သောင်းချီ ရှိနေသော လူအုပ်ကြီးကြားတွင် လှမ်းတွေ့လိုက်ခြင်းမျှသာ။

 

ထိုအချိန်က သူမအား ရိုက်နှက်ရန် ဒေါသတကြီး ပြေးသွားသော စစ်အရာရှိတဦးကို တွေ့လိုက်ရ၍ သတိထားမိလိုက်ခြင်း ဖြစ်သည်။ သူမ က ငုံ့ခံမနေ၊ စစ်အရာရှိ ခေါင်းကို ထိအောင် ခြေထောက်နှင့် လှမ်းကန်လိုက်သည်။

 

သူကိုယ်တိုင်ကလည်း ၁၉ နှစ်သာ ရှိသေးပြီး ရန်ကုန် တက္ကသိုလ် တွင် ရူပဗေဒ ဘာသာ တတိယနှစ် ကျောင်းသား တဦး ဖြစ်သည်။ သို့သော်လည်း လူထု အစည်းအဝေးများတွင် တက်ရောက်မိန့်ခွန်း ပြောနေပြီ ဖြစ်သည်။ သူမ၏ မဟုတ်မခံ ဖီဆန်တတ်သည့် ပုံရိပ်က သူ့မျက်လုံးထဲတွင် ဖျောက်ဖျက်၍ မရအောင် စွဲထင်ကျန်ရစ်ခဲ့ရသည်။

 

သူလည်း သိပ်မကြာလှသည့် အချိန်တွင် အဖမ်းခံလိုက်ရသည်။ သူမ ဘယ်သူဘယ်ဝါ ‌ဆိုသည်ပင် မေးမြန်းစုံစမ်းခွင့် မရလိုက်၊ အင်းစိန် အကျ‌ဉ်းထောင်‌ထဲ ရောက်လာခဲ့သည်မှာ ခုနှစ် နှစ်ခန့် ရှိလာခဲ့စဉ် တရက်တွင် အမျိုးသမီး ထောင်သားတဦး ရောက်လာသည်ဟူသော သတင်းကို ကြားလိုက်မိသည်။ ထိုအမျိုးသမီးသည် ဆန္ဒပြရန် စည်းရုံး လှုံ့ဆော် ခဲ့၍ ဟု ပြောဆိုနေကြသည်။ ကျန်းမာရေးလည်း ‌မကောင်းလှ၊ သွေးတိုး နှင့် နှလုံးအားနည်းသည့် ရောဂါ ရှိသည်ဟုလည်း ဆိုသည်။

 

ညကြီး သန်းကောင် သူမ အခန်းဖက်မှ ညည်းသံများ ကြားရတတ်သည်။ နောက်ပိုင်းတွင် ထိုအသံများ သည် "နေ့တိုင်း၊ နေ့တိုင်း၊ နေ့တိုင်း" ဆိုသည့် စကားစု ကို ဂါထာ မန္တာန်အလား ရွတ်ဆိုနေခြင်း ဟု ကိုဂျင်မီ က အမေရိကား လူထု အသံ National Public Radio ကို ပြောပြခဲ့ဖူးသည်။

 

ဒီမိုကရေစီ အရေး ရုန်းကန်ခဲ့မှု များတွင် သူမ နှင့် သူမ၏ ညီမတွေ ဘာဖြစ်လာခဲ့သည် ဆိုသည်များကို ခံစားနိုင်ခြင်း မရှိ၍ သိလိုစိတ်လည်း မရှိတော့။

 

ထောင်ဝန်ထမ်းတဦး၏ အကူအညီ ဖြင့် စာတို‌လေး တစောင် ကောက်ရေးပြီး အခြေအနေကို မေးမြန်း စုံစမ်းခွင့် ရခဲ့သည်။ သူမအား သီးသန့် ခွဲကာ ချုပ်ထားသဖြင့် မှောင်မဲပြီး တိတ်ဆိတ်ငြိမ်သက်သော ညများအား ပရစ်တို့၏ အသံများကို အဖေါ်ပြုကာ ကြံ့ကြံ့ခံ ဖြတ်သန်းနေရချိန်လည်း ဖြစ်သည်။

 

အခွင့်ရလျှင် ရသလို ရေးနေရင်းက စာတိုလေး မှသည် စာရှည်ကြီး ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ဆုံခွင့်ရလာပြီး သူတို့ နှစ်သက်သည့် နိုင်ငံရေး ဓမ္မ ကျမ်းပြုပုဂ္ဂိုလ်များ အကြောင်း၊ ဆက်ပြီး တိုက်ပွဲ ဝင်စရာ ရှိသည့် ကမ်ပိန်းများ အကြောင်း ဆွေးနွေး ဖြစ်ခဲ့ကြသည်။

 

သူမ၏ အမည်က နီလာသိန်း ဖြစ်သည်။ နှစ်နှစ်ခန့် အကြာတွင်တော့ လက်ထပ်ခွင့် တောင်းဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ် သူတို့ နှစ်ဦးစလုံး လွတ်လာခဲ့ပြီးနောက် အချိန်ဆိုင်း မနေတော့ဘဲ လက်ထပ် ခဲ့ကြသည်။ သူ တွေ့ခဲ့ရသည့် ကျောင်းသူ ကလေး ဆိုသည်မှာ သူမပင် ဖြစ်သည်။

 

ထိုအချိန်က စစ်အစိုးရမှ "ဒီမိုကရေစီ လမ်းပြမြေပုံ" ဆိုသည်ကို ထုတ်ပြန်ကြေညာလာ၍ မျှော်လင့် ချက် ရောင်ခြည်များ ခေတ္တ ခဏ ဆိုသလို ထွက်ပေါ်လာခဲ့ချိန်လည်း ဖြစ်နေသည်။ 

 

နိုင်ငံရေး အကျဉ်းသား အချို့ ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။ ယင်းနှင့်အတူ သူတို့ နှစ်ဦး၏ ချစ်ကျွမ်း ဝင်ခဲ့မှုသည် လူသိများလာခဲ့ရသည်။ 

 

ကျော်မင်းယု ‌ခေါ် ကိုဂျင်မီသည် အချစ်ကို နိုင်ငံရေး ပရောဂျက်လို သဘောထားခဲ့သူ ဖြစ်သည်။ သို့သော် သူသည် မိသားစုအတွက် ခင်ပွန်းကောင်း၊ ဖခင်ကောင်းတယောက် ဖြစ်ရန် အမြဲလို ရည်မှန်း ခဲ့သော်လည်း သူ့ကိုယ်သူ အကျဉ်းချ ထားသလို ဖြစ်နေသည့် ခံယူချက် အသိတရားကိုတော့ ပထမ ဦးစားပေး အဖြစ်မှ ဖယ်ထုတ်ခဲ့သူ မဟုတ်ပေ။

 

ကိုဂျင်မီသည် တော်လှန်ရေး အစဉ်အလာ အခိုင်အမာ ရှိခဲ့သည့် လှပသော တောင်တန်းကြီးများရှိရာ ရှမ်းပြည်နယ် တွင် မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သည်။ ဖခင် သည် စစ်အစိုးရ လက်ထက်တွင် အရာရှိ တဦး ဖြစ်ခဲ့သော်လည်း ရန်ကုန်တွင် ကျောင်းသား ဆန္ဒပြပွဲများ ဖြစ်အောင် စည်းရုံး လှုပ်ရှားနေသည့် သူ့အား တစုံတရာ တားမြစ်ခဲ့ခြင်း မျိုး မရှိပေ။

 

နီလာသိန်းကို လက်ထပ်ခဲ့သော်လည်း သူတို့နှစ်ဦး အမြဲလို အတူ နေသွားကြရမည် မဟုတ် ဆိုသည်ကို နှစ်ဦးစလုံး ကောင်းစွာ သိနားလည် လက်ခံထားခဲ့ကြပြီး ဖြစ်သည်။ သူမတွင် ကိုယ်ဝန် ရှိလာ ခဲ့ချိန်တွင် သူမ၏ ဝမ်းဗိုက်ပေါ် လက်တင်၍ ဗိုက်ထဲရှိ ကလေးငယ်အား ထိုအရေး အတွက် ကြို၍ အလေးအနက် တောင်းပန်စကား ဆိုထားခဲ့ပြီး ဖြစ်သည်။

 

ထိုသို့ တောင်းပန်စကား ဆိုဖို့ကလည်း အခြေအနေအရ လိုအပ်လာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် သူတို့ နှစ်ဦးစလုံး အကျဉ်းထောင်ထဲ တကျော့ပြန် ရောက်ရှိသွားခဲ့ကြသည်။ သူတို့၏ "ဒုတိယ အိမ်" ဟု တင်စား ပြောဆိုလေ့ရှိသည့် အင်းစိန်ထောင်ထဲတွင် သူတို့ တကမ္ဘာခြားသွား ခဲ့ကြရသည်။

 

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ ကျောင်းသား ဆန္ဒပြ ခေါင်းဆောင်ဟောင်းများ၊ အဖြစ် ဖမ်းဆီး အကျဉ်းချ ခံခဲ့ကြရသည်။ ယမန်နှစ်က သူတို့ ကြောင့်လည်း ရွှေဝါရောင် တော်လှန်ရေးကြီး ပေါ်ပေါက် လာခဲ့ရခြင်းဖြစ်သည်။

 

လောင်စာဆီ ဈေး အား စစ်အစိုးရမှ တစိတ်တပိုင်း စိုက်ထုတ်ကျခံခဲ့မှု အား ရပ်ဆိုင်းလိုက်ရာမှ လူထု၏ ပေါက်ကွဲ ခဲ့မှု များ နှင့် အတူ သံဃာတော်များ အလုံးအရင်း နှင့် လမ်းပေါ် ထွက်လာရာမှ အစပြုလာခဲ့ခြင်းပင် ဖြစ်သည်။

 

ဒီတကြိမ်လည်း သူတို့ နှစ်ဦး စာအပြန်အလှန် ရေးခွင့် ရခဲ့ကြပြန်၍ သတင်းများ ဖလှယ်နိုင်ခဲ့သလို စာရွက်များ ပေါ်တွင် သူတို့၏ ခန္ဓာကိုယ်များ ပေါင်းဆုံခွင့် ရသလို ခံစားခဲ့ကြရသည်။

 

၂၀၁၂ တွင်တော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သူတို့ နှစ်ဦးစလုံး ပြန်လွတ်လာခဲ့ကြပြန်သည်။

 

သူတို့ နှစ်ဦးစလုံး အတွက်ကား ထောင်ထဲတွင် ရှိမနေက ပြင်ပတွင် ဒီမိုကရေစီ အရေး အတွက် တိုက်ပွဲဝင်နေကြရင်းဖြင့်သာ သံသရာလည်နေသည်။ တခါတရံတွင် အမှောင်ကမ္ဘာ ဟု ခေါ်‌သည့် တိမ်းရှောင်နေရခြင်းမျိုးလည်း ရှိတတ်ပြန်သည်။ မည်သို့သော အခြေအနေတွင် ဖြစ်စေ သူတို့တိုက်ပွဲ ဝင်နေမှု အား "မည်သို့မျှ ရပ်တန့်ပြစ်ကြလိမ့်မည် မဟုတ်"။

 

တခါတရံ သူသည် သွားနေကျ ရန်ကုန် မြို့ထဲရှိ ဘားဆိုင် တဆိုင်သို့ ရောက်လာတတ်သည့် အခါ ချောင်ကျကျ စားပွဲတလုံးတွင် ဝင်ထိုင်ကာ သီဆိုတီးမှုတ်နေသည်များကို နားထောင်ခြင်းဖြစ်စေ၊ သို့မဟုတ်လျှင် ဘောလုံးပွဲ ကြည့်နေရင်း စိတ်ကို နှစ်ကာအပန်းဖြေတတ်သူ ဖြစ်သည်။ ထိုသို့ မဟုတ် ပြန်လည်း သူ၏ ၈၈ မျိုးဆက် မိတ်ဆွေများ နှင့် ရှေ့ဆက်လုပ်ရန် ရှိသည်များကို ဆွေးနွေး အကွက်ချ လေ့ ရှိသည်။

 

၂၀၁၂ တွင် သမီး ဖြစ်သူ၏ ငါးနှစ် မြောက် မွေးနေ့ ပြုလုပ်ဖြစ်ခဲ့သည့် အချိန်တွင်တော့ သူတို့၏ ကျဉ်းမြောင်းပြီး ဟောင်းနွမ်းနေပြီ ဖြစ်သော တိုက်ခန်းကျဉ်း ကလေးသို့ သူ၏ မိတ်ဆွေ သူငယ်ချင်း များ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသား ဟောင်းများ စုဝေးလာကြပြီး ကိတ်မုန့်ရှေ့တွင် တင်ပလ္လင်ချိတ်‌ ကာ ဖြစ်သလို ထိုင်ပြီး ကျင်းပခဲ့ကြသည်။

 

ထိုနှစ်ထဲမှာပင် ကိုဂျင်မီသည် ‌ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး ဖြစ်လာခဲ့သည်။ သို့သော် မြန်မာ ပြည်၏ အနာဂတ်က ရင်လေးစရာ ကောင်းလောက်အောင် ထိရှ လွယ်သည့် အနေအထားတွင် ရှိနေ ပေသေးသည်။ ‌အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း ရွေးကောက်ပွဲများ တွင် အခြေအနေ ကောင်းသည်ထက် ကောင်းလာနေပြီ ဖြစ်သည်။ သိုသော် နိုင်ငံရေး နှင့် စီးပွားရေး တွင် ဝရုန်းသုန်းကား ဖြစ်နေသော တိုင်းပြည်ကို အုပ်ချုပ်ရဖို့ ဖြစ်လာခဲ့သည်။

 

၂၀၂၁ တွင် စစ်တပ်သည် သူမအား တိုင်းပြည်ကို ခေါင်းဆောင်နေရသည့် အဖြစ်မှ ဖယ်ရှားပြီး နောက် တကြိမ် နေရာဝင်ယူလာခဲ့ပြန်သည်။

 

ထိုအနေအထား တွင် ကိုဂျင်မီအား အရင်ကထက် ပို၍ပင် လိုအပ်လာခဲ့သည်။ နိုင်ငံ တဝှမ်းလုံး ဟိုနေ ရာတစ ဒီနေရာတစ ဖွဲ့စည်းလာသော ပြည်သူ့ကာကွယ်ရေး တပ် PDF သည် အင်အား တသိန်းခန့် ရှိလာနေချိန်လည်း ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့က သူသည် "အကြမ်းဖက် အုပ်စု" အား နောက်ကွယ်မှ ကြိုးကိုင်ပြီး ကျောင်းများ၊ ဓါတ်အားပေး စက်ရုံများ၊ အစိုးရရုံးများကို တိုက်ခိုက်ရန် စီစဉ်ညွှန်ကြားနေသူ အဖြစ် လုပ်ကြံစွပ်စွဲ လာခဲ့သည်။

 

အောက်တိုဘာလ တွင် မြောက်ဒဂုံ မြို့နယ်အတွင်း လုံခြုံသည့် အိမ်တအိမ်တွင် ရှိနေစဉ် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ဇန်နဝါရီလ တွင် သေဒဏ်ချမှတ်ခဲ့ပြီး ဇွန်လထဲတွင် အယူခံလွှာကို ပယ်ချခဲ့ကြသည်။

 

အသက် ၁၉ နှစ် အရွယ်ထဲ က နရသိန်ထောင်ကြီး နှင့် မိတ်ဆက်ခံခဲ့ရသဖြင့် သူ့တွင် ဒေါသစိတ်များ အစိုင်အခဲ နှင့် ရှိနေခဲ့သည်။ ထိုဒေါသများက သူနှင့် မဖြစ်မနေ ဆက်ဆံခဲ့ရသည့် ထောင်ဝန်ထမ်းများ အပေါ် ပုံကျလာခဲ့သည့် အပြင် အကျဉ်းထောင်သည် သူ့အတွက် အမှောင်တိုက်ကြီး ဖြစ်လာခဲ့ ရပေသည်။

 

ထို့နောက်တွင် သံဃာတော် တပါး နှင့် တခန်းတည်း အတူ ‌နေခွင့်ရလာ၍ ဝိပဿနာ ကျင့်စဥ်များကို လေ့လာဆည်းပူးခွင့် ရလာခဲ့သည်။ သူသည် ယခင်က ကျယ်ပြောလှသော ဗုဒ္ဓဘာသာကို ထိ‌တွေ့ လိုက်စားခွင့် မကြုံခဲ့ပေ။ ယခုအခါတွင် မနက် တနာရီ၊ ည ဖက် တနာရီ တခါ သူ၏ အတွင်းစိတ်တွင် ဖြစ်ပျက်နေသည်များကို တည်ငြိမ်အေးချမ်းစွာ ကြည့်ရှု နိုင်စွမ်း ရှိလာသည်။ သူ့စိတ်ထဲ ဖြစ်ပေါ်‌နေ သည်များကို ဝေဖန်‌စစ်ကြောခြင်း မဟုတ်ဘဲ အရှိကို အရှိအတိုင်း လေ့လာနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

 

အကျဉ်းထောင်စောင့်များကို ယခင်ကလို မကောင်းဆိုးဝါးများ အဖြစ် မမြင်တော့ပေ။ ပညာ မဲ့သဖြင့် အထက်က ခိုင်းသည်များကို တသွေမတိမ်း လိုက်လုပ်နေကြရရှာသည့် သနားစရာ လူသားများ အဖြစ် မြင်တတ်လာခဲ့ပြီ ဖြစ်သည်။

 

သူတို့ အပေါ် ကရုဏာ သက်ဝင်လာခဲ့သည်နှင့် အမျှ အရိုက်အနှက်လည်း မခံရတော့ဘဲ သူ့အတွက် အစားကောင်း များကိုပင် ခိုးဝှက်ယူလာပေးတတ်ကြသည်။ စာရေးဖို့ အတွက် စက္ကူနှင့် ဘောပင်ကိုပင် လာပေးခဲ့ကြပြန်သည်။ ထိုအတွက်လည်း အကျဉ်းထောင် အတွင်း ရှင်သန်နိုင်ဖို့ အထောက်အကူများ ဖြစ်လာခဲ့ရသည်။

 

သူသည် ကဗျာများ၊ ဝတ္ထုတိုများသာမက နိုင်ငံရေး နောက်ခံ အချစ်ဝတ္ထုရှည်လည်း ရေးသား လာနိုင်သည့်အထိ ဖြစ်လာသည်။ ဘာသာပြန် ဝတ္ထု အဖြစ် "Da Vinci Code" ကို ပြန်ဆိုရန် စိတ်ကူး ရလာသည့် အခါတွင်တော့ ထောင်ဝန်ထမ်းများက သူ့အတွက် အင်္ဂလိပ် အဘိဓါန် စာအုပ်ကို ယူလာ ပေးခဲ့ပြန်သည်။

 

ဗုဒ္ဓဘာသာ နိုင်ငံလည်း ဖြစ်၍ သူ့အနေနှင့် ဗုဒ္ဓ၏ ဆုံးမဩဝါဒများကို ယဉ်ပါးခဲ့ပြီးလည်း ဖြစ်သည်။ ၂၀၀၆ ခုနှစ်အတွင်း ၈၈ မျိုးဆက် အဖွဲ့ဝင် အဖြစ် နိုင်ငံအနှံ့ ခရီးထွက်ပြီး နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုသည့် လက်မှတ်များ စုဆောင်းနိုင်ရေး အတွက် လှုပ်ရှားလာခဲ့ချိန်တွင် သူတို့ အားလုံး သန့်စင်သည့် ပြီး ဓမ္မတရား လက်ကိုင်ထားကာ မြင့်မြတ်သော တာဝန်ကို ထမ်းဆောင် နေသည့် သဘောဆောင်သော အဖြူရောင် ရှပ် အင်္ကျီများကို ဝတ်ဆင်လာခဲ့ကြသည်။ သံဃာတော်များ က ရွှေဝါရောင်တော်လှန်ရေးဖြင့် အလိုအလျောက်ပင် သူတို့၏ မဟာမိတ် များ ဖြစ်လာခဲ့သည်။

 

သူ၏ ပင်ကိုယ်စရိုက်ကိုယ်နှိုက်က စကားကို နူးနူးညံ့ညံ့ ပြောတတ်ပြီး ဖေါ်ဖေါ်ရွေရွေ နှင့် အမြဲ ပြုံးနေ တတ်သူလည်း ဖြစ်သည်။ သူသည် အမြဲလို မီးပူကျ လုံချည် အကွက်၊ သစ်လွင်‌ သော အ‌ဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်လေ့ရှိသူ ဖြစ်သည်။

 

ထောင်ထဲတွင် ကုန်ဆုံးခဲ့ရသည့် အချိန်များကို ခေါင်းထဲက ထုတ်ထားသူဖြစ်သည်။ သူ့မျက်နှာ ပေါ်တွင် နာကြည်းသည့် အရိပ်အယောင်ကို စိုးစိမျှ မတွေ့ရ။ ပစ္စုပ္ပန်ကိုသာ အာရုံစိုက်ပြီး သူ လုပ်နိုင်ပေးနိုင်တာ ဘာရှိလဲ ဆိုသည်ကိုသာ စဉ်းစားတတ်သူ ဖြစ်သည်။

 

သူ၏ ယုံကြည်ချက်ကြောင့် မျက်စိတဆုံး ရှု မျှော်ကာ ကြိုးပမ်း တတ်သူ တယောက် ဖြစ်လာခဲ့ရသည်။ တကယ်တမ်း တွေးကြည့်မည် ဆိုလျှင် အချိန်အတော်များများသည် မျှော်လင့်ချက် ကင်းမဲ့နေရသည်က များပေသည်။ ဖျော့တော့တော့ အလင်း‌ ရောင် လေးသာ ရှိသော ပြုပြင်ပြောင်းလဲမှုများ နှင့် ဒီမိုကရေစီ ကိုငြိမ်းသတ်ရန် ကြိုးစားနေမှု များ နှင့် ဆက်တိုက်ဆိုသလို ကြုံလာခဲ့ရသည်။

 

သို့သော် သူသည် လူဖြစ်ကြီးပြင်းလာကတည်းက အကောင်းဖက်က ရှုမြင်တတ်သူ တဦး ဖြစ်လာ သည်။ မြန်မာပြည်သည် တနေ့ လွတ်လပ်လာရမည်ဟူသော ခိုင်မာသည့် ယုံကြည်ချက်ဖြင့် မွေးဖွား လာသည့် သမီးလေးကိုပင် sunshine နေခြည်ဟု မှည့်ခေါ်ခဲ့သူ ဖြစ်သည်။ အမှောင်ထဲမှ အလင်းသို့ တိုးထွက်စေနိုင်ရန် ဖြစ်သည်။ 

 

သူ့အား အင်တာဗျူးခဲ့သည့် အမေရိကန် တဦးအား သူ၏ ရည်မှန်းချက် အောင်မြင်ရန် သူ့အတွက် ယခု ဘဝသာ မဟုတ်၊ နောက်ဘဝ နောက်ဘဝတွေ အထိ ကြိုးပမ်းခွင့် ရှိနေသေးကြောင်း ပြောခဲ့ဖူးသည်။ ထို ဘဝ ချုပ်ငြိမ်းသွားသည် အခါ မှသာ နိဗ္ဗာန် ဆိုသည့် အစစ်အမှန် လွတ်မြောက်ရာ ကို မလွဲမသွေ ကြုံတွေ့လာလိမ့်မည်ဟု ပြောခဲ့သူ တဦး ဖြစ်သည်။

 

ဇူလိုင် ၂၇ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်း တွင် ဖေါ်ပြထားသည့် Darkness to Light: Ko Jimmy was determined to make Myanmar free ဆောင်းပါးကို ပြန်လည် တင်ပြသည်။