အမှိုက်ပုံးထဲ ရောက်တော့မည့် တူညီဆန္ဒ ငါးချက်

by Hla Soewai - Aug 02 2022

မြန်မာ ပြည်သူများ အတွက် ရှေ့တန်းမှ ရပ်တည်ကာ တိုက်ပွဲဝင်နေသည့် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုက်ဖူဒင် အဗ္ဗဒူလာသည် အာဆီယံ ၏ မြန်မာ အရေး ဖြေရှင်းမည့် ဂါထာမန္တာန် ဖြစ်သည့် တူညီဆန္ဒ ငါးချက် ဆိုသည်ကို အမှိုက်ခြင်းထဲ ပစ်ထည့်ရန် အချိန်တန်ပြီဟု ထုတ်ဖေါ် ပြောဆိုလိုက်ကြောင်း RFA သတင်းတွင် ဖေါ်ပြထားသည်။

 

လာမည့် နိုဝင်ဘာလ တွင် အင်ဒိုနီရှား မှ ဥက္ကဌ ရာထူး လွှဲပြောင်း ယူ မည့် အချိန်တွင် "ဆုံးဖြတ်ချက် ကြီးကြီးမားမား" ထွက်ပေါ်လာရေး လမ်းခင်း ပေးလာခြင်း ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် အစည်းအဝေး တက်ခွင့်ရနိုး ရနိုး နှင့် အထုတ်အပိုး ပြင်ကာ ထိုင်စောင့်နေသည်မှ လွဲ၍ အဆိုပါ ငါးချက်အား ယခုထိ တချက်တလေမျှ လိုက်နာခြင်းမရှိသည့် အပြင် မကြာသေးမီက ‌မိမိတို့ အနာဂတ် မိမိတို့ ပိုင်ဆိုင်နိုင်ရေး အတွက် တိုက်ပွဲဝင်နေသူ လေးဦးအား ကြိုးပေးကွပ်မျက်လိုက်ခြင်းသည် အာဆီယံ အား လူသိရှင်ကြား ပျက်ရယ်ပြု လှောင်ပြောင်လိုက်သလို ဖြစ်သွားခဲ့ရပေသည်။

 

၎င်းတို့ဖက်က ဖေးဖေးမမ လုပ်ပေးခဲ့သော ဟွန်ဆန် လည်း ဒေါသတကြီး ဖြစ်လာပြီး အာဆီယံ ၏ ရှုတ်ချကြောင်း ကြေညာချက်ကို ထုတ်ပြန်လာခဲ့သည်။ မင်းအောင်လှိုင်သည် အစည်းအဝေး တက်ရဖို့‌ နေနေသာသာ ၎င်းတောင်းဆိုထားသည့် ဟွန်ဆန် သားသမီးများ မင်္ဂလာပွဲသို့ပင် တက်ခွင့်ရတော့မည် မဟုတ်ပေ။

 

အာဆီယံ အနေဖြင့် ယခုတိုင်း ဆက်သွား၍ မဖြစ်တော့ပဲ end game ကို ဖန်တီးနိုင်မည့် လုပ်ငန်းဘောင် တခု မဖြစ်မနေ ချမှတ်ရတော့မည်ဟု ဆိုသည်။

 

မချမှတ်၍လည်း မဖြစ်တော့၊ ကမ္ဘာ ပေါ်ရှိ အထင်ကရ သတင်းဌာနကြီးများ အားလုံးက မင်းအောင်လှိုင် နှင့် အဖွဲ့အား murderous regime ဟု စတင် ခေါ်ဝေါ် သုံးနှုံးလာကြပြီ ဖြစ်သည်။

 

နောက်ထပ် သတင်းတရပ်အရ တောင်ဒဂုံတွင် ဆန္ဒပြပွဲအား မှတ်တမ်း ဗီဒီယို ရိုက်ကူးခဲ့သည့် ဂျပန် သတင်းရုပ်ရှင် ထုတ်လုပ်သူ တိုရူ ကူဘိုတာ အား ဖမ်းဆီးသွားသဖြင့် ဂျပန် သံရုံး တာဝန်ရှိသူများက ချက်ခြင်း ပြန်လွှတ်ပေးရန် အပူတပြင်း တောင်းဆိုနေကြသည်။ ၎င်းတို့လက်ထဲတွင် မိနစ် နာရီ နှင့် အမျှ အသက်အန္တရာယ် ကျရောက်နိုင်သည်ကို သိနေကြသောကြောင့်လည်း ဖြစ်သည်။

 

 မင်းအောင်လှိုင်သည် ယခုအခါ ရှင်သန် ရပ်တည်သွားနိုင်ရေး အတွက် နေ့စဉ်နှင့် အမျှ ရုန်းကန်နေရသူ ဖြစ်၍ သူ့အိမ်ရှေ့ တွင် အာဆီယံ မှ လော်စပီကာ နှင့် နေည မပြတ် အော်ဟစ် ‌တောင်းဆိုနေစေကာမူ တုတ်တုတ်မျှပင် လှုပ်မည်သူ မဟုတ် ဆိုသည်ကို အာဆီယံ က လက်သင့်ခံဖို့ ဝန်လေး‌ နေခြင်းပင် ဖြစ်သည်။

 

ထိုအချက်ကို လက်ခံလိုက်သည် နှင့် နိုင်ငံတကာ နှင့် အာဆီယံ အဖို့ သံတမန်ရေး လမ်းကြောင်း ပိတ်သွားသည် နှင့် အတူတူပင် ဖြစ်မည်၊ သူတို့ အတွက် လှုပ်ချီ လှဲ့ချီ ကစားနိုင်မည့် maneuver လည်း တစက်မှ ရှိတော့မည် မဟုတ်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ သည် အာဏာသိမ်း အဖွဲ့၏ အကြောကို ကောင်းစွာ သိထားပြီး ဖြစ်‌သော်လည်း အလွန် မဖြစ်အောင် ရေလိုက်ငါးလိုက် ပြောဆိုခဲ့ရသည်။ ကြိုးပေး ကွပ်မျက် မှု ကျူးလွန်လာပြီး နောက်ပိုင်းတွင်တော့ လက်နက်များ ထောက်ပံ့ပေးရန် ပွင့်ပွင့်လင်းလင်း တောင်းဆိုလာခဲ့ပြီ ဖြစ်သည်။ 

 

စစ်တပ်သည် တိုင်းပြည်အား ဘိုဘွားပိုင် အဖြစ် သဘောထားနေသူ များ ဖြစ်၍ လက်ဆင့်ကမ်း အုပ်ချုပ်သွားနိုင်ရေး အတွက် ၎င်းတို့ စိတ်ကြိုက် ဖန်တီးကာ ဗိုလ်နေဝင်း မှ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ မှ ဗိုလ်သိန်းစိန် သို့ လွှဲပြောင်းပေးသွားခဲ့သည်ချည်းသာ ဖြစ်သည်။ သို့သော် ဒီမိုကရေစီ အရေ ခြုံထားပြီး ဖြစ်၍ တကြောင်း၊ သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့သော ‌ရွေးကောက်ပွဲ ဖြစ်နေသည်က တကြောင်း ၂၀၁၅ တွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား နောက်ဆုံးတွင် လွှဲပြောင်းပေးခဲ့ရသည်။

 

ထိုအချိန် တွင် မည်သို့များ ဇာတ်လမ်းထွင်လာဦးမည်နည်း ဆိုကာ ရွေးကောက်ပွဲ အပြီးကာလများတွင် လူထုသည် အသက်ကိုပင် ပြင်းပြင်း မရှုရဲပဲ စောင့်ကြည့်နေကြရသည်၊ နိုင်ငံ၏ သမ္မတကိုပင် မည်သူကို ရွေးချယ်ဖို့ ရှိသည့် အရေးကိုပင် ထိတ်တန်း လျို့ဝှက် အဖြစ် ထားခဲ့ရသည်။

 

သို့သော် ၂၀၂၀ ရွေးကောက်ပွဲ တွင် ၎င်းတို့ အာဏာ ပြန်ရမှ ဖြစ်မည်ဆိုသည့် မူကို ချမှတ်လာသည်၊ လူထု အတွင်း အစိုးရ အပေါ် မကျေနပ်မှုများ တိုးပွားလာရန် အမျိုးဘာသာ သာသနာ ဟု ဆိုကာ မဘသ များအား လက်ကိုင်တုတ်အဖြစ် အသုံးချလာကြသည်၊ ယခင် ဗိုလ်ချုပ်ဟောင်းကြီးများထဲမှ အေးအေးလူလူ ထမင်းဆိုင် ဖွင့် နေသူပါမကျန် ဆွဲထုတ်ပြီး ပါတီထောင်ကာ ၂၆% မရ ရအောင် စီစဉ်လာကြသည်။

 

ငြိမ်းချမ်းရေး အတွက် နိုင်ငံတော် အတိုင်ပင်ခံ မှ ၂၁ ရာစု ပင်လုံ ညီလာခံကြီး ဟု ခမ်းခမ်းနားနား အမည်တပ်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံ ကို မဖြစ်ဖြစ်အောင် ခေါ်ယူပြီး နှစ်ကြိမ်တိုင် ကျင်းပပေးခဲ့သည်၊ တကယ်တမ်း ငြိမ်းချမ်းရေး ရလိုပါက အားလုံး ပါဝင်မည့် အပစ်အခတ် ရပ်စဲရေး အား တထိုင်တည်း နှင့် ရအောင် ဆွေးနွေးနိုင်မည့် အခွင့်အရေးကိုလည်း နည်းမျိုးစုံ ဖြင့် ဖျက်ဆီးပစ်ခဲ့ကြသည်။

 

ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် အကောင်အထည် ‌ဖေါ် နိုင်ခဲ့သည်ဟု မည်သို့မျှ အဖြစ်ခံလို့ မရ၊ ၂၀၂၀ ရွေးကောက်ပွဲ တွင် ၂၆% ရဖို့ အရေး ထိခိုက်လာနိုင်သည် မဟုတ်လော။

 

နောက်ဆုံး ၎င်းတို့အကြံ မအောင်မြင်ခဲ့၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖြင့် အမျိုးမျိုး ကန့်သတ်ခံထားရသည် ကြားမှ ပြည်သူ့ အစိုးရသည် တိုင်းပြည်ကို တိုးတက်အောင် လုပ်ပြနိုင်ခဲ့သည်။

 

ထိုအခါတွင်တော့ နိုင်ငံတော် အဖက်ဖက်မှ ယို့ယွင်းလာ၍ ဟု အကြောင်းပြ၍ မရတော့ပဲ နောက်ဆုံးတွင် မင်းအောင်လှိုင်သည် မဲမသမာမှု လုပ်သည် ဆိုသော မည်သူမျှ လက်မခံနိုင်သည့် အကြောင်းပြချက်ဖြင့် နိုင်ငံတော် သစ္စာဖေါက်မှု ကြီး ကျုးလွန်ခဲ့ရသည့် အဖြစ်သို့ ရောက်သွားခဲ့ရပေတော့သည်။

 

ဒို့တာဝန် အရေးသုံးပါး ဆိုသည်ကလည်း

အချုပ်အခြာ အာဏာတည်မြဲရေး (၎င်းတို့ အာဏာ)

တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး

(တိုင်းရင်းသားများ ထားရာနေ ကြိုက်တာလုပ်နေသည် ကို ခေါင်းငုံ့ခံနေကြရေး)

ပြည်ထောင်စု မပြိုကွဲရေး (၂၀၀၈ ဖွဲ့စည်းပုံ အတိုင်း ရှိနေစေရေး) တို့ပင် ဖြစ်သည်။

 

ယခုလည်း အားလုံးမျှော််လင့်ထားသည့် အတိုင်း မင်းအောင်လှိုင်သည် ကာလုံကို ခေါ်ကာ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်လိုက်ပြီ ဖြစ်သည်၊ အာဏာသိမ်းစဉ်ကတည်းက ဖွဲ့စည်းပုံကို ဖေါက်ဖျက်ကာ ဒုသမ္မတ မှ ၎င်းအား အာဏာလွှဲပေးသည် ဆိုကာ မလိမ့်တပတ် လုပ်ခဲ့ခြင်း ဖြစ်သည်၊ ဖွဲ့စည်းပုံ ထဲတွင် ထိုသို့ ဒုသမ္မတ မှ အာဏာ လွှဲပေးရမည် ဆိုသည့်က တလုံးတပါဒမျှပင် မပါခဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှလည်း ၎င်းတို့ အတွက် ဘုရားဟော ကျမ်းဂန်များအလား ကိုးကွယ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံကို ဗြောင်ကျကျ ‌ဖေါက်ဖျက်ပြီး နိုင်ငံတော် ပုန်ကန်မှု ကြီး ကျုးလွန်ရဲကြလိမ့်မည် မထင်၍ ဖြစ်နိုင်ချေ အား ၅၀% မျှပင် တွက်ထားခဲ့ခြင်းလည်း ဖြစ်ပုံရသည်။ 

 

ယခုအခါ နိုင်ငံတော်ကို ပုန်ကန်ခဲ့သူများက လက်နက်အားကိုး ဖြင့် အောင်မြင်သွား၍သာ တက်၍ အုပ်ချုပ်နေပြီး တသွေမတိမ်း လိုက်နာခဲ့သူများက အကျဉ်းကျ ခံနေရသည့် အဖြစ်သည် လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားလွန်းနေရပေသည်။

 

ဓါတ်ပုံ - RFA

 

ပြည်သူတို့၏ ဖက်ဆစ် တော်လှန်ရေး မုချ အောင်ရမည် !!!