ကျားရဲ ရာ ကြမ္မာ မယိုးသာ

by Hla Soewai - Aug 03 2022

မင်းအောင်လှိုင်သည် အာဆီယံ၏ သဘောတူညီချက် ငါးရပ်ထဲမှ အချို့ကို တိုင်းပြည် အခြေအနေကောင်းလာပြီ ဖြစ်၍ အကောင်အထည် ဖေါ်သွားမည်ဟု ကတိပေးလာခဲ့ပြီ ဖြစ်သည်။

 

၎င်း၏ မဆင်မခြင် ကျူးလွန်ခဲ့သည့် ကြိုးပေး သတ်ဖြတ်ခဲ့မှု အတွက် တကမ္ဘာလုံးက အုတ်အော်သောင်းနင်း ဝိုင်းဝန်း ရှုတ်ချလာပြီး လူသတ် အဖွဲ့ အဖြစ် ခေါ်ဝေါ် သုံးနှုံးလာသောကြောင့် အရှက်ကင်းမဲ့စွာ အောက်ကျို့ လိမ်ညာ လာရသည် အထိ ဖြစ်ခဲ့ရသည်။ ၎င်းတို့ ခေါင်းဆောင်ကြီးသည် ကလေး တယောက်၏ အတွေးသာသာ မျှသာ ရှိသည့် အဖြစ်ကြောင့် leader of lies ဖြစ်လာနေသည်ကို ၎င်းနှင့် အတူတူ အနူနူ စစ်ဗိုလ်ချုပ်များ မှ လွဲ၍ အရပ်သား ဗျူရိုကရက် အရာရှိကြီးများက ထိတ်လန့်တကြား သိရှိလာကြသည်။

 

ယခုပတ်အတွင်း ဖနွမ်းပင် တွင် ပြုလုပ်မည့် အာဆီယံ - အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် အခြေအနေများမှာ တခုခု အပြောင်းအလဲ ရှိလာနိုင်သည်ဟု တွက်ဆမိပြီး အရှက်မဲ့စွာ အချိန်မီ လေသံ ပြောင်းလာခြင်းပင် ဖြစ်သည်။ ထိုအဖြစ်ကို အားလုံးက မသိဘဲ နေကြမည် မဟုတ်၊ သို့သော် အာဆီယံသည် တခါသေဖူး ပျဉ်ဖိုးနားလည် သွားပြီ ဖြစ်သောကြောင့် အာဆီယံ မည်သို့မည်ပုံ လှုပ်ရှားလာမည်ကို အားလုံးက စောင့်ကြည့်နေကြပြီ ဖြစ်သည်။ တခုတည်းသော အခက်အခဲမှာ တရုတ်၏ လက်ဝေခံ အဖြစ် ရပ်တည်နေသော ကမ္ဘောဒီးယား ၏ ကန့်ကွက်မှုများအား ကျော်လွှားနိုင်ခြင်း ရှိမရှိ ဆိုသည်ကို စောင့် ကြည့်ရမည် ဖြစ်သည်။

 

တရုတ်၊ ရုရှား နိုင်ငံခြားရေး ဝန်ကြီးများပါ ပါလာမည့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲက လည်း ရှိနေပြန်သည်။ လက်ရှိတွင် အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ၏ တိုင်ဝမ် ခရီးစဉ်နှင့် ပတ်သက်၍ တရုတ် နှင့် အမေရိကန် အကြား တင်းမာမှုသည် အရှိန်အမြင့်ဆုံး ရောက်ရှိလာနေပြီ ဖြစ်၍ မြန်မာအရေး အပေါ် ထူးခြား သည့် သဘောတူညီချက်မျိုး ထွက်ပေါ်လာစရာ မရှိ ဖြစ်နေပြန်သည်။ အစည်းအဝေးခန်းထဲက ထထွက်သွား ကြသည့် အခြေအနေကို မရောက်လျှင်ပင် ကံကောင်းသည်ဟု ဆိုရပေမည်။

 

စဉ်းစားဉာဏ် နည်းသူပီပီ သူတယောက်တည်း၏ သဘောအရ မူ ထိုသို့ လုပ်ရန် စိတ်ပင် ကူးမည့် သူ မဟုတ်၊ သို့သော် အောက်ခြေ ပိုင်းတွင် ရပ်တည်၍ မရအောင် တုန်လှုပ်ချောက်ချားလာနေပြီ ဖြစ်၍ ချွေးသိပ်ပေးရခြင်း မျိုးသာ ဖြစ်သည်။

 

ထို့အပြင် နတ်ရူး မှော်ရူးများ၏ မြှောက်ပင့်ပေးမှု များကြောင့် သူ့အား ယတြာ ကောင်းပါက သမာဒေဝ နတ် ကောင်းနတ်မြတ်များမှ ကြည့်ရှု စောင်မ လာမည်ဟု ယုံကြည်နေပုံလည်း ရသည်။

 

အခြေအနေများ ကောင်းလာ၍ ဒီနှစ် အတွင်း အကောင်အထည် ဖေါ်ပါမည်၊ သို့ပေသည့် အချက် အားလုံးကို တော့ မဟုတ်ဟု ဆိုပြန်သည်။ အခြေအနေကောင်းလာပြီဟု ဆိုသော်လည်း ၎င်းတို့ အာဏာသိမ်းအပြီး ရန်ကုန်မြို့တွင် အကြိမ်ပေါင်း နှစ်ထောင်ခန့် တိုက်ခိုက်ခံရကြောင်း အပြော နှင့် အရေးပေါ် အခြေအနေကို နောက်ထပ် သက်တမ်း ၆ လ ထပ်တိုးလိုက်ပြီ ဆိုသည့် ကြေညာချက်များက ရှေ့နောက်မညီ ထွက်လာပြန်သည်။

 

လက်ရှိ အနေအထားကိုပင် အခြေအနေများ ကောင်းလာပြီး စီးပွားရေး ဦးမော့အောင် ၆ လ အတွင်း လုပ်မည် ဆိုသော အပြောအား တရိပ်ရိပ် တက်လာနေပြီ ဖြစ်သော ရွှေဈေး၊ ဒေါ်လာဈေး၊ ဆန်ဈေး၊ ဆီဈေးများကြောင့် အသက်တချောင်းအား မည်သို့မည်ပုံ ရှာကြံ မွေးရတော့မည်ကို စဉ်းစားမရ ဖြစ်လာသော အောက်ခြေ လူထု အပေါ် လှောင်ပြောင်လိုက်သလို ဖြစ်သွားခဲ့ရသည်။

 

၎င်း၏ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုပြီး အာဏာသိမ်းခဲ့မှု ကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကို တော်လှန်ရေး အင်အားစုများ ထံ အပြစ်ဖို့ ရန် ကြံလာနေပြီ ဖြစ်သည်။ 

 

ဇူလိုင် ၃၁ ရက် လူထု သစ္စာ အဓိဋ္ဌာန် ပြုပွဲ ပြုလုပ်လာမည့် အရေးကို စစ်ခေါင်းဆောင်များ လွန်စွာ ထိတ်လန့် တုန်လှုပ်ခဲ့ရသည်။ လူထုကြီး လမ်းပေါ်ထွက်လာပါက ယခင်လို အလွယ်တကူ ပစ်ခတ် နှိမ်နှင်း၍ မဖြစ်တော့၊ ထိုသို့ လုပ်လာသည်နှင့် ကုလ မှ R2P ဖြင့် အချိန်မရွေး ဝင်လာနိုင်သည်ဟု တွေး၍ ထိတ်လန့်လာနေသည်။ ထိတ်လန့်အောင်လည်း လုံခြုံရေး ကောင်စီမှ ကြိုးပေး ကွပ်မျက်ခဲ့မှု အပေါ် တညီတညွတ်တည်း ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက် ထွက်လာခဲ့သည်မှာ လော‌လောလတ်တလတ် ကြီးပင် ရှိသေးသည်။

 

၎င်းတို့ စိုးရိမ်ကြောင့်ကြမှု ရှိနေသည်မှာလည်း သဘာဝ ကျသည်။ အမေရိကန် ဦးဆောင်သော နေတိုး မဟာမိတ် များသည် လိုအပ်ပါက ဝင်ရောက်နိုင်ရန် contingency plan ဆိုသည့် အရေးပေါ် စီမံချက်များ ရေးဆွဲ မထားဘဲ နေမည် မဟုတ် ဆိုသည်ကို သိထားကြ၍ ဖြစ်သည်။

 

အမေရိကန်မှ ပြီးခဲ့သည့် အပတ်ထဲတွင် စစ်အာဏာသိမ်း အဖွဲ့အား ၎င်းတို့၏ ရက်စက်ကြမ်းကြုပ်မှု များအ တွက် မဖြစ်မနေ တာဝန်ခံရအောင် ဒေသတွင်း ရှိ မဟာမိတ်များ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြွေးကြော်လာခဲ့သည်။ ထိုမျှမကသေး စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ ထပ်မံပြုလုပ်သွားရေး နှင့် “အခြား မည်သည့်နည်းလမ်းများ” ကို မဆို သုံးစွဲသွားဖို့ ဖြစ်လာနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ နက် ပရိုက်စ် က ပြောထားပြီးလည်း ဖြစ်သည်။

 

ဘန်ကောက်ပို့စ် သတင်းစာ မှ မြန်မာ စစ်အာဏာသိမ်း အဖွဲ့သည် အကျပ်အတည်း ကြီး နှစ်ခု နှင့် ရင်ဆိုင်လာ နေရပြီဟု မီးမောင်းထိုးပြလာခဲ့သည်။

 

ပထမ အကျပ်အတည်းကြီးမှာ တခါက ပြည်ပရင်းနှီးမြှုပ်နှံသူများ မျက်စိကျစရာ ကောင်းလောက်သည့် နိုင်ငံ အဖြစ်မှ သီရိလင်္ကာကဲ့သို့ စီးပွားရေး အကျပ်အတည်းကြီး ဆီသို့ ဇောက်ထိုးမိုးမျှော် ထိုးကျလာနေခြင်း ဖြစ်ပြီး ဒုတိယ အကျပ်အတည်းကြီးမှာ ၎င်းတို့၏ နိုင်ငံသားများ အပေါ် ရက်စက်ကြမ်းကြုပ်စွာ အကြမ်းဖက်မှုများ ကြောင့် လူ့အဖွဲ့အစည်းတခုလုံး ဘေးအန္တရာယ်များ နှင့် ပြည့်နှက်လာနေသည့် အကျပ်အတည်းကြီးပင် ဖြစ်သည် ဟု ဆိုသည်။

 

မိမိအယူအဆရမူ ပထမ အကျပ်အတည်းကြီးသည် ဒုတိယ အကျပ်အတည်းထက် ပို၍ ၎င်းတို့ အတွက် ကြောက်မက်ဖွယ် ကောင်းလာနေရသည်။ ၎င်းတို့၏ စွမ်းဆောင်ရည်များ ဖြင့်လည်း ဖြေရှင်းနိုင်စွမ်း မရှိ ဖြစ်နေသည်။ ကျားရဲများ ရှိရာ အရပ်သို့ ယတြာ အားကိုးဖြင့် သွားနေသကဲ့သို့ ရှိပေလိမ့်မည်။

 

ဘာမဆို လုပ်ရဲသူ ဘာဆက်လုပ်မည် လဲ ဆိုသည်ကို စောင့်ကြည့်ဖို့သာ ရှိပေတော့သည်။ ထိုသို့သော လူမျိုး များက အရေးကြုံလာလျှင် သူရဲ‌ဘော ကြောင်ပြီး အရှက်နည်းသူများ ဖြစ်တတ်ကြ၍လည်း မထင်မှတ်သည်များ ဖြစ်လာနိုင်ပေသည်။

 

ပြည်သူတို့၏ တရားသော စစ်ပွဲ မုချ အောင်ရမည်!!!