အချက် ငါးချက် မဖြစ်မနေ ပြန်သုံးသပ်ရဖို့ ဖြစ်လာ -- ဟွန်ဆန်/ မြန်မာ စစ်ဗိုလ်ချုပ် များ နှင့် ဆက်ဆံစရာ အကြောင်းမရှိ - စင်္ကာပူ

by Hla Soewai - Aug 05 2022

ဗုဒ္ဓဟူးနေ့က စတင် ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် စစ်ကောင်စီသည် နောက်ထပ် အကျဉ်းသားများ အား ဆက်လက် ကွပ်မျက်နေမည် ဆိုလျှင် ငြိမ်းချမ်းရေး အစီအမံများအား မဖြစ်မနေ ပြန်လည် သုံးသပ်ရတော့မည် ဖြစ်သည်ဟု ဥက္ကဌ ဖြစ်သူ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က အဖွင့် မိန့်ခွန်း တွင် ထည့်သွင်း ပြောကြားခဲ့သည်။

အချက် ငါးချက် ကိုသာမက အာဆီယံ ၏ အခန်းကဏ္ဍကိုပါ ပြန်လည် သုံးသပ်ရဖို့ ဖြစ်လာမည်ဟု ဆိုသည်။ လူသားချင်း စာနာထောက်ထားရေး ကဏ္ဍတွင်သာ တိုးတက်မှု အချို့ ရှိခဲ့သော်လည်း ကျန်သည့် အပိုင်းများတွင် လူတိုင်း ထားရှိသော ဆန္ဒများ အကောင်အထည် ဖေါ်သည့် အဆင့်အထိ တိုးတက်မလာသေးကြောင်းလည်း ဟွန်ဆန်က ဝန်ခံပြောဆိုသွားခဲ့သည်။

လက်ရှိ အနေအထားသည် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား ကွပ်မျက်ခဲ့ခြင်းကြောင့် ယခင် အချက် ငါးချက်ကို သဘောမတူခင်ကထက် ပို၍ ပင် ဆိုးဝါး လာနေပြီ ဖြစ်သဖြင့် မိမိတို့ အနေဖြင့် လွန်စွာ စိတ် ပျက်မိပြီး စိတ်အနှောက်အယှက် ဖြစ်နေရသည်ဟု ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ကမူ “မြန်မာ စစ်ဗိုလ်ချုပ်များအား ဖိအားများ စဉ်ဆက်မပြတ် တိုးမြှင့် ပေးသွားနိုင်မည့် နည်းလမ်းများကို ရှာကြံ စဉ်းစားနေကြောင်း” ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ငြိမ်းချမ်းရေး အစီအစဉ်များကို အကောင်အထည် ဖေါ်မှု တိုးတက် လာခြင်း မရှိက မြန်မာ စစ်ဗိုလ်ချုပ်များ နှင့် ဆက်ဆံသွား၍ မည်သို့မျှ အကျိုးရှိလာစရာ မမြင်ဟု အာဆီယံ အစည်းအဝေး ဆွေးနွေးမှုများ အပေါ် အခြေခံပြီး ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ ၎င်းတို့ မကြာမီက ကွပ်မျက်ခဲ့မှုသည် မိမိတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် အထူးသံတမန်၏ ကြိုးပမ်းနေမှုများကို မလေး မစား ပြုမူလိုက်ခြင်း ဖြစ်သည်ဟု ပါရှိခဲ့သည်။ ယင်းသည် အာဆီယံ မှ ပိုနေမြဲ ကျားနေမြဲ ဆက်သွားမည့် သဘောကို ကန့်ကွက်လိုက်ခြင်းပင် ဖြစ်သည်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုက်ဖူဒင်သည် အချက် ငါးချက် ကို အကောင်အထည် ဖေါ်ရေးအတွက် ခိုင်မာ အောင် လုပ်ငန်းဘောင် တခု ချမှတ်ရမည် ဖြစ်ကြောင်း အဆိုပြုလာခဲ့သည်။ လေ့လာသူများကမူ သဘောထား ကွဲလွဲမှု များ ရှိနေဆဲ အနေအထားဖြင့် ပြီးဆုံးသွားခဲ့သည်ဟု သုံးသပ်နေကြသည်။ ရှေ့လျှောက် ဆွေးနွေးမှုများ အများအပြား လုပ်စရာ ရှိနေသည်ဟု အိမ်ရှင် ကမ္ဘောဒီယား၏ ပြောခွင့်ရသူက ထုတ်ဖေါ်ပြောဆိုခဲ့သည်။

လက်ရှိတွင် အာဆီယံသည် စစ်အာဏာသိမ်း အဖွဲ့ ၏အလိုလားဆုံး ဖြစ်နေသည့် နိုင်ငံတကာ အသိအမှတ် ပြုမှုအား ပိတ်ပင်ထားနိုင်ခဲ့သည်က လွဲ၍ အခြား ထိရောက်သည့် ဖြေရှင်းချက်မျိုးကို စကားအရာနှင့် မထုတ်ပြန် နိုင်သော အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။

သောကြာနေ့တွင် ပြုလုပ်ရန် ရှိနေသည့် အရှေ့အာရှ ဖိုရမ် သို့ အမေရိကန်၊ ရုရှား နှင့် တရုတ်တို့ တက်ရောက် မည် ဖြစ်သည်။

ထိုအစည်းအဝေး သို့ အသွား နေပြည်တော် သို့ ဝင်ရောက်လာသော ရုရှား နိုင်ငံခြားရေး ဝန်ကြီးက လာဗရပ်ဇ် ကမူ တိုင်းပြည် တည်ငြိမ်အောင် စစ်ကောင်စီ၏ ကြိုးပမ်းနေမှုများကို ထောက်ခံသည်ဟု ဆိုသည်။ ဆိုလိုသည် ကတော့ ၎င်း၏ တိုင်းပြည်တည်ငြိမ်ရေး ဆိုသည်က အတိုက်အခံဟူသမျှ ကင်းစင်ပြီး လူထုကလည်း တုတ် တုတ်မျှ မလှုပ်ရဲဘဲ သူတို့လုပ်ချင်တာ လုပ်ခွင့်ရခြင်း မျိုးပင် ဖြစ်သည်။ ထို့အပြင် နောက်နှစ်တွင် ပြုလုပ်ရန် ရှိနေသည့် ရွေးကောက်ပွဲ ကို ထောက်ခံ ကြောင်းနှင့် အောင်မြင်ဖို့ ဆုတောင်းကြောင်းပါ ထည့်ပြောသွားခဲ့သည်။

ရုရှားသည် ကမ္ဘာအလယ်တွင် ၎င်း၏ အယောင်‌ဆောင် ဒီမိုကရေစီ ဝတ်ရုံကြီး ထပ်မံ စွန်းထင်းသွားမည့် အရေး ကိုတော့ သတိမူမိဟန် မတူပေ။

ရုရှားသည် အရှေ့တောင်အာရှ တွင် ဩဇာဖြန့်ကျက်နိုင်ရန် အခြေအနေ မပေး၍ လက်နက်ရောင်းချဖို့က လွဲ၍ စိတ်ဝင်စားမှု ကင်းမဲ့နေကာ ခပ်ရှောင်ရှောင် အနေအထား ရှိသော်လည်း မြန်မာ စစ်ဗိုလ်ချုပ်များက အတင်း ခေါင်းထိုး ဝင်လာနေ၍ အချောင် သဘောမျိုး လက်ခံနေခြင်း ဖြစ်သည်။ ထိုအနေအထား မှ တဆင့် ရုရှား ရေတပ် စခန်းအား ခေါင်းစဉ်တမျိုး တပ်ကာ ဖွင့်ဖို့အထိ အဆင့်တက်လာမည့် အနေအထားကို အနောက်အုပ်စု အနေဖြင့် ထည့်သွင်းစဉ်းစားသင့်ပေသည်။

ထိုအရေးကို အမေရိကန် အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင်မှ အပြောလျော့ပြီး အလုပ်ပိုလုပ်ကြရန်၊ ကွန်ဂရက် ကလည်း စစ်တပ်အား ပို၍ ဖိအားပေးရန် အခွင့်အရေးများ အပ်နှင်းထားပြီး ဖြစ်၍ အသုံးချကြရန် ပြောကြားသွားသည်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ရောက်ရှိလာမှု နှင့် ပတ်သက်၍ ပြောကြားရာတွင် မသူတော် အချင်းချင်း သတင်းလွေ့ကြသည်ထက် မပိုကြောင်း၊ သို့သော် လွတ်လပ်သော ကမ္ဘာကြီး အနေဖြင့် အာဏာ သိမ်းထားမှု ကို အဆုံးမသတ်နိုင်က ထိုသို့သော အဖြစ်မျိုး ဒီထက် ပို၍ တွေ့လာနိုင်စရာ ရှိသည်ဟု သတိပေး ခဲ့သည်။

မြန်မာသည် ယခုအခါ ရုရှား နှင့် အိန္ဒိယ ပူးတွဲ ထုတ်လုပ်သော အသံထက် မြန်သည့် သင်္ဘောဖျက် BrahMos ကရုစ် ဒုံးကျည်အား ဝယ်ယူရန် စဉ်းစားနေပြီး ဝယ်ရန် ငွေကြေးကို အိန္ဒိယ အစိုးရမှ ထုတ်ချေးဖို့ ရှိနေသည်ဟု ရုရှားပိုင် တပ်စ် သတင်းဌာန အား ကိုးကားပြီး ယူကရိန်း ရှိ Defense Express တွင် ဖေါ်ပြထားသည်။ သို့သော် မြန်မာ စစ်ခေါင်းဆောင်များက ထိုသို့သာ အိမ်မက် မက်နေသော်လည်း ၎င်းတို့တွင် ရှိနေသည့် တိုက်လေယာဉ် တစီးတလေမျှ အဆိုပါ ဒုံးကျည်အား တပ်ဆင် နိုင်ခြင်း မရှိ ဆိုသည်ကို မေ့လျောနေကြပုံ ရှိသည်ဟု သုံးသပ် ထားသည်။ အထူး တလည် စီမံ ထားသည့် SU-30 တိုက်လေယာဉ်မျိုး ရှိထားမှသာ ဖြစ်မည်ဟုလည်း ဆိုသည်။ စစ်သင်္ဘော များ တွင် တပ်ဆင်လိုပါက BrahMos အတွက် ‌ဒေါင်လိုက် တည့်တည့် ပစ်နိုင်မည့် လောင်ချာ အမျိုးအစား ရှိထားရဦးမည်လည်း ဖြစ်သည်။

စစ်ကောင်စီ အဖို့ နောက်ထပ် တုန်လှုပ်ချောက်ချားသွားရသည်မှာ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ ၏ တိုင်ဝမ် ခရီးစဉ် ပင် ဖြစ်သည်။ မည်သို့သော အကြောင်းနှင့် ဖြစ်စေ အမေရိကန် အနေဖြင့် တရုတ် နှင့် ထိတ်တိုက် တွေ့ရဲသည့် အနေအထား မရှိ ဟု ၎င်းတို့၏ ယူဆနေမှုကို အဆိုပါ ခရီးစဉ်က ချေဖျက် လိုက်ခြင်း ကြောင့် ဖြစ်သည်။ အာဆီယံ အစည်းအဝေးပင် တက်ခွင့်မရ လူရာသွင်းခြင်း မခံရရှာသည့် ဝဏ္ဍမောင်လွင်က ထိုခရီးစဉ်ကို ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ အနေအထား များက ပြောင်းလဲလာနေသော်လည်း မင်းအောင်လှိုင်၏ မိုက်လုံးကြီးမှုကို ထပ်မံ မြှောက်ပင့်ပေးလိုက်သည်က တောင်ကုတ်မြို့နယ် သစ်လုပ်ငန်းရှိ မွေးမြူထားသော ဇာနန်လှ ဆင်မကြီးမှ ဆင်ဖြူတော် မွေးဖွားလာသည် ဆိုခြင်းပင်။

၎င်းတို့ဖာသာ သတ်မှတ်ထားသော ပြည်တန်ပတ္တမြား၊ ကော်ဇောနီ ဖြင့် ရူးနှမ်းနှမ်း ဖြစ်နေသော မင်းအောင်လှိုင် အဖို့ ယခု ဆင်ဖြူတော် ဆိုသည်ဖြင့် ရူးသည်ထက် ရူးလာဖို့သာ ရှိနေသည်ဟု မြန်မာနောင်းတွင် ရေးသားထား သည်။

ထိုသို့သာ ရူးနှမ်းနေသော်လည်း အောက်ခြေတွင် မည်သို့မျှ မရှူနိုင် မကယ်နိုင် ဖြစ်လာနေပြီး အရပ်သားများကို လက်နက်တပ်ဆင်ပေးလာရသည့် အထိ ဖြစ်လာနေသည်။ ၎င်းတို့ အဖို့က တိုင်းပြည်အား ဘုရားကု ကုဖို့ထက် အခြားနည်းလမ်းများ မည်သို့မျှ စဉ်းစားနိုင်စွမ်း မရှိ ဖြစ်နေသည်ကို အထင်အရှား တွေ့မြင်လာနေရသည်။

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!