အာဏာသိမ်း အဖွဲ့ ဂျပန်ကို ညှစ်ပြီ

by Hla Soewai - Aug 06 2022

ဂျပန် နိုင်ငံသား မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးသူ အသက် ၂၆ နှစ် အရွယ်ရှိ မစ္စတာ တိုရူ ကူဘိုတာ အား ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ၊ ဗီဇာ စည်းကမ်း ဖေါက်ဖျက်မှုများ နှင့် ရုံးတင် တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။

 

တောင်ဒဂုံ မြို့နယ်အတွင်း ဆန္ဒပြမှု အား မှတ်တမ်း ဓါတ်ပုံရိုက်ကူးနေစဉ် ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်သည်။

 

စက်တင်ဘာ ၂၇ ရက်တွင် ပြုလုပ်မည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး၏ နိုင်ငံတော် ဈာပနအတွက် ဖိတ်ကြားမည့် စာရင်းတွင် ထည့်သွင်းခဲ့ခြင်း မရှိ၍ ယခုလို သေးသိမ်စွာ ပြုမူလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် သတင်းသမား အား ပြန်လွှတ်ရန် ဂျပန် အထက်တန်း အရာရှိကြီး တဦးဦး ရောက်လာပါကလည်း တကမ္ဘာလုံးက murderous regime ဟု ခေါ်ဝေါ် သမုတ်ခံနေရပြီ ဖြစ်သော ၎င်းတို့အတွက် မည်သို့များ အရှုံး ပေါ်စရာ ရှိပေဦး မည်နည်း။

 

ဧရာဝတီ သတင်း အဆိုအရ နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတ ကြီး တို့ နှစ်ဦးစလုံး သည် ကိုဂျင်မီ နှင့် ကိုဖြိုးဇေ ယျာသော်တို့ အား ကြိုးပေး ကွပ်မျက်ခဲ့မှု အပေါ် တရားခွင် တွင် ကြားသိသွားပြီး လွန်စွာ စိတ်မကောင်း ဖြစ်သွား ခဲ့ကြသည်ဟု ဆိုသည်။ “သူတို့ ဘာကြောင့် လုပ်ရတာလဲ၊ ဥပဒေအရ ရော ဒီလို ကြိုးပေးလို့ရလား၊ လုပ်လို့ မရဘူး လေ” ဟု ဒေါ်အောင်ဆန်းစုကြည်မှ မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။

 

မနာလို ဝန်တိုမှု မှတဆင့် ဖြစ်ပေါ်လာသော အာဃာတ အညှိုးတရား သည် အသိဉာဏ် ကိုပင် ကင်းမဲ့သွားစေ သည်မှာ အားလုံး အတွက် သင်ခန်းစာ ယူစရာဟု ထင်မြင်မိသည်။

 

ယခုအခါ နိုင်ငံတကာ တရားမျှတမှု နှင့် တာဝန်ခံရေး ကော်မရှင် Commission for International Justice and Accountability (CIJA) မှ ၂၀၁၈ ခုနှစ်မှ လျှို့ဝှက်စွာ စုဆောင်းရရှိထားသော ရိုဟင်ဂျာ များ အပေါ် ကျူးလွန်ခဲ့မှု သက်သေခံ အထောက်အထား စာရွက်စာတမ်း ၂၅,၀၀၀ ခန့်အား ရိုက်တာ သတင်းဌာန သို့ ကြည့်ခွင့် ပေးခဲ့ သည်ဟု သတင်းများက ဆိုသည်။ CIJA သည် ယခင် ဘော့စနီးယား၊ ရဝမ်ဒါ၊ ကမ္ဘောဒီယား တို့ တွင် အတွေ့ အကြုံများစွာ ရှိထားသော စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးသူများ၊ နိုင်ငံတကာ ရှေ့နေများ နှင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ပြီး မြန်မာပြည်မှ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို အိုင်စီစီတွင် တရားစွဲဆိုနိုင်ရေး အတွက် အချက် အလက်များ အား လျှို့ဝှက်စွာ စုဆောင်းနေခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ အချက်အလက်များသည် သူ ပြော သည်၊ ငါပြောသည် ပါးစပ်စကားများ မဟုတ်၊ တရားရုံးက Admissible လက်ခံနိုင်သော ခိုင်မာသည့် သက်သေ အထောက်အထားများ ဖြစ်သည်ဟု ဆိုသည်။

 

ယခုအခါ စစ်အာဏာသိမ်း အဖွဲ့သည် ရုရှား သံရုံးအား နေပြည်တော်သို့ ရွှေ့ပြောင်းရန် ရုရှားကို တောင်းဆိုလာ နေပြီလည်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ လုံခြုံရေး အတွက် အကာအကွယ် ရလို ရငြား ကြံစည် လိုက်ခြင်း ဖြစ်သည်။ အမေရိကန် စစ်သင်္ဘောများ မြန်မာရေပိုင်နက်တွင် တွေ့ရ၍ မြို့တော်ကို ဒေါ်လာ ဘီလီယံ အကုန် အကျ ခံကာ အသစ်တည်ပြီး ပြောင်းရွှေ့ခဲ့သူများ ဖြစ်နေသော ကြောင့် ဘာမဆို ဖြစ်နိုင်ချေ ရှိနေသည်။

 

ရုရှား မှ နောက်ဆုံးပေါ် လက်နက်များ ဝယ်ယူကာ လူအထင်ကြီးအောင် လုပ်နေသော်လည်း တကယ်တမ်းတွင် အဆိုပါ လက်နက်များသည် အမေရိကန်တို့ လျှပ်တပြက် ကျူးကျော်လာပါက နာရီပိုင်း အတွင်း အစအန မကျန် အောင် ချေမှုန်းခြင်း ခံရမည် ဆိုသည်ကို မသိဘဲ နေမည် မဟုတ်။ ဆက်ဒမ် ဟူစိန် နှင့် ကဒါဖီ တို့ပင် ၎င်းတို့၏ နောက်ဆုံးပေါ် တိုက်လေယာဉ်များကို မြေပြင်တွင် မထားရဲတော့ဘဲ ကောင်းကင်ယံတွင် အကြောင်းမဲ့ ပျံသန်း နေရသည့် အဖြစ်များက ရှိနေပြီးလည်း ဖြစ်သည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်သည် အမေရိကန်-အာဆီယံ အစည်းအဝေး၊ အရှေ့အာရှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး နှင့် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်များ တက်ရောက်ရန် ရောက်ရှိနေပြီး အိမ်ရှင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် နှင့် မြန်မာ အရေး အပေါ် အာဆီယံ ၏ ရပ်တည်ချက်အား ပြန် လည် သုံးသပ်ရန် တွန်းတွန်းတိုက်တိုက် ပြောဆိုသွားမည်ဟု မျှော်လင့်နေကြသည်။ ကမ္ဘောဒီးယား ရီမ်း ရေတပ် စခန်းအား တရုတ်တို့ကို အသုံးပြုခွင့် လျှို့ဝှက် ပေးထားမှု အတွက် ဆူးတချောင်း စိုက်ဝင်သလို ဖြစ်နေမှု အပေါ် ပြေရာပြေကြောင်း အဖြစ် ကမ္ဘောဒီယားမှ လိုက်လျောလာနိုင်ဖွယ် ရှိသည်ဟုလည်း အမေရိကန် မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး စင်တာ မှ သုံးသပ်ထားသည်။ တရုတ်နှင့် ဘူမိမဟာဗျူဟာ အားပြိုင်မှု အရှိန် မြင့်လာချိန်တွင် ကမ္ဘောဒီးယား နှင့် မဖြစ်မနေ ဆက်ဆံဖို့ လိုလာပြီဟု အမေရိကန် တို့ ယူဆထားပုံ ရှိသည်။

 

ဗုဒ္ဓဟူးနေ့ ည တွင် ဩစတေးလျှ မြို့တော် ကင်ဘာရာ ရှိ မြန်မာသံရုံး နှင့် နှစ်ကီလိုမီတာသာ ဝေးသော အဆောက်အအုံတခု တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ်ရုံးကို တရားဝင် အခမ်းအနားဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုရုံး၏ အကြီးအကဲ အဖြစ် ဒေါက်တာ ထွန်းအောင်ရွှေ က တာဝန်ယူ ဆောင်ရွက် မည် ဖြစ်ပြီး အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ဩစတေးလျှ အာဏာရပါတီ အပြင် အတိုက်အခံ ပါတီများမှ အမတ်များလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ (ပုံတွင်ရှု)

 

မိမိတို့ နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် NUG အစိုးရနှင့် ရှေ့လျောက် ဆက်ဆံသွားဖို့ ရှိသော်လည်း စစ်အာဏာ သိမ်း အဖွဲ့ နှင့် မရှိမဖြစ် လိုအပ်မှသာ အကန့်အသတ်နှင့် ဆက်ဆံသွားမည် ဟု ဩစတေးလျှ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

ဩစတေးလျှ ၏ အသိအမှတ်ပြု ဆက်ဆံလာမှု ကို အနောက်နိုင်ငံများကလည်း နမူနာ အဖြစ် ကျင့်သုံးလာဖွယ် ရှိသည်ဟု မျှော်လင့်ရပေသည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ဆက်လက် သက်ဆိုးရှည် ရပ်တည်သွားနိုင်ရေးသည်သာ ပထမ ဦးစားပေး ထားကာ စီးပွားရေးအား စီမံခန့်ခွဲနေသောကြောင့် အလွဲလွဲ အချော်ချော် ဖြစ်နေသဖြင့် ပြည်ပ ကုမ္ပဏီများလည်း အထုတ် အပိုး ပြင်နေကြလေသည်။ ပြည်တွင်း လုံခြုံရေး အနေအထားများ ပျက်ပြားလာနေသည်။ ထို့ကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများသည်လည်း အရေးအကြောင်း ရှိ၍ ပြန်လာကြသော ပြည်ပ‌နေ မြန်မာများမှ အပ အခြား ဝင်ငွေ ရရာ ရကြောင်း မရှိ ဖြစ်လာနေသည်။

 

တော်လှန်ရေးသည် အပြီးတိုင် အောင်မြင်ခြင်း မရှိသေးသော်ငြားလည်း ပြည်သူတို့၏ မဆုပ်မနစ် ခုခံ တွန်းလှန် နေမှုများ၊ ဖယ်ကျဉ်ထားမှုများ ကြောင့် စစ်အာဏာသိမ်း လုပ်ရပ်သည် အောင်မြင်ခြင်း မရှိသည့် အပြင် မီးခဲ ကိုင်ထားရသလို ဘေးကျပ်နံကျပ် ဖြစ်လာနေသည်မှာ အထင်အရှားပင် ဖြစ်သည်။

 

ထိုအရှိန်အဟုန်ကို ညီညွတ်စွာ ဆက်လက် ထိန်းသိမ်းထားနိုင်မည် ဆိုလျှင် ကိုယ့်အလေးချိန် ကိုယ်မခံနိုင်ဘဲ ပြိုလဲလာတော့မည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!