အာဆီယံ နှင့် အမေရိကန်တို့ အချိန်ဖြုန်း၍ မရတော့

by Hla Soewai - Aug 10 2022

မင်းအောင်လှိုင်သည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ နှင့် ဆက်ဆံရေး တိုးမြှင့်သွားမည်ဟု ပြောဆိုလာပြန်သည်၊ အကြောင်းမသိသူများက ၎င်းတို့ ဆက်ဆံရေး မတိုးမြှင့်၍သာ ပေလျကံ လုပ်ခံထားရသယောင် ယူဆစရာ ဖြစ်သော အပြောမျိုး ဖြစ်သည်။

 

မင်းအောင်လှိုင်မှ ထိုသို့ သွေးရူးသွေးတန်း ပြောနေသော်လည်း စစ်အာဏာသိမ်း အဖွဲ့သည် နိုင်ငံတွင်းသို့ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့ရာတွင် ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးမှ ယနေ့ ထုတ်ဖေါ် ပြောဆိုလိုက်ပြန်သည်။

 

ထိုသို့ ပေးပို့နိုင်ရန် မြန်မာဖက်မှ လုပ်ငန်း အဖွဲ့ အဖြစ် နိုင်ငံတကာ ကြက်ခြေနီ အသင်း၊ အာဆီယံ နိုင်ငံများရှိ စီအက်စ်အို ခေါ် မြို့ပြလူ့အဖွဲ့အစည်းများ ပါဝင်ရန် အဆိုပြုထားခဲ့ပြီး ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်မှသာ လုပ်ငန်းဆောင်တာများ ထင်သာမြင်သာရှိမည် ဖြစ်ပြီး သို့မဟုတ်ပါက အကူအညီများမှာ သက်ဆိုင် သူများထံ ရောက်မရောက်ကို မည်သို့အာမခံချက် ပေးနိုင်မည်နည်းဟု မေးခွန်းထုတ်လိုက်ပြန်သည်။

 

နိုင်ငံတကာ အဖွဲ့အစည်းများ သည် အကူအညီများ ဝေငှရာတွင် ဘက်လိုက်မှုများ၊ ခွဲခြားဆက်ဆံခြင်းများ မဖြစ်အောင် ကာကွယ် စောင့် ကြပ်သွားမည် ဖြစ်၍ အရေးကြီးသည်ဟု ဆိုသည်။ စစ်အာဏာသိမ်း အဖွဲ့အပေါ် စောင်၊ ခြင်ထောင်မှ အစ အာဆီယံ အနေနှင့် အယုံအကြည် မရှိ ဖြစ်နေသည်မှာလည်း ထင်ရှားသည်။ နောက်တချက်က စီမံခန့်ခွဲနိုင်ခြင်း မရှိဟု ယူဆ၍လည်း ဖြစ်‌ပေမည်။

 

အဆိုပါ အဖွဲ့ ဖွဲ့စည်းရန် မေလ ၆ ရက်နေ့ ကတည်းက ဖွဲ့စည်းပြီး ဖြစ်သော်လည်း ယခုအချိန်အထိ မြန်မာဖက်မှ လိုအပ်နေသည်များ အပေါ် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသေးဟု သိရသည်။

 

အာဏာသိမ်းပြီးချိန်မှစ၍ လူပေါင်း ၂,၁၁၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး လူ့အသက်အား ဖက်ရွက်လောက်မှ တန်ဖိုး မထားမှုများ ကြားတွင် ထိုသို့ အကူအညီပေးရေးအား စစ်အာဏာသိမ်း အဖွဲ့မှ Public Relation ထက် ပို၍ သဘောမထားသည်မှာ လည်း အဆန်းတော့ မဟုတ်ပေ။

 

အာဆီယံ ၏ အချက် ငါးချက်တွင် စစ်အာဏာသိမ်း အဖွဲ့ အနေဖြင့် အလိုက်လျောနိုင်ဆုံး သော အချက် ဖြစ်သည့်တိုင်အောင် ယင်းကိုပင် မလိုက်လျော နိုင် ဖြစ်လာနေပေပြီ။

 

ထို့အတွက်လည်း အာဆီယံ ထူထောင်သည့် ၅၅ နှစ်မြောက်တွင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှ မြန်မာ နှင့် ပတ်သက်၍ အာဆီယံ အဖွဲ့၏ ချည်းကပ်မှုသည် အောင်မြင်ခြင်း မရှိဟု ထုတ်ဖေါ်ကြေညာလိုက်ပြီး ဂျကာတာ ရှိ အာဆီယံ ရုံးချုပ်တွင်ပင် ASEAN: Help Stop the Bloodshed in Myanmar စာတမ်းကို ပရိုဂျက်တာ နှင့် ထိုး၍ အသိပေးလာခဲ့သည်။

 

ထိုသို့ အာဏာသိမ်း အဖွဲ့သည် တင်းခံ နေနိုင်ခြင်းမှာလည်း ရုရှား ကြောင့်ပင် ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

 

အမေရိကန် အနေဖြင့် မြန်မာစစ်အာဏာသိမ်းမှုအား case study တခုအဖြစ် သဘောထား လေ့လာသင့် ပေသည်။ ရုရှားသည် မည်သည့်အခါကမျှ နိုင်ငံတကာ ကျင့်ဝတ်များအတိုင်း လုပ်ကိုင်ရန် စိတ်ကူးထဲတွင် မရှိ၊ ယခုအခါ မြန်မာအရေးအား နိုင်ငံတကာ က လေဖြင့်သာ ကူညီနေသည်ကို ကြည့်၍ အချို့ နိုင်ငံများရှိ အာဏာအချောင်ရ လိုသောစစ်တပ် အကြီးအကဲများကို မင်းအောင်လှိုင်လို လုပ်ရဲလားဟု နမူနာပြ၍ မိမိတို့ မှ အပြည့်အဝ ထောက် ခံသွားမည်ဟူသော မက်လုံးမျိုးဖြင့် မြှောက်ပင့် ပေးလာပါက လစ်ဘရယ် ဒီမိုကရေစီသည် ပြိုလဲသွားတော့မည် ဖြစ်သည်။

 

ဥပမာဆိုရလျှင် အစဉ်အလာရှိခဲ့ပြီးဖြစ်သည့် ဖီလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ နီပေါ လို နိုင်ငံများ ပါသွားနိုင် ခြေရှိသည်။ လက်ရှိတွင် ထိုင်းကိုပင် အမေရိကန် တို့ မနည်းဆွဲနေရသည့် အဖြစ်သို့ရောက်နေသည်။

 

ဤနည်းဖြင့် ရုရှားသည် အကုန်အကျ မများဘဲ ကမ္ဘာတဝှမ်း ဩဇာလွှမ်းလာနိုင်သည်။

 

လက်ရှိတွင် မြန်မာအား ဆီးရီးယားကဲ့သို့ ရုရှားတို့ ဝင်လာမည် စိုး၍ အမေရိကန်တို့ ဖာသိဖာသာနေနေကြသည်။ ၎င်းတို့သာလက်နက်များထောက်ပံ့ပေးမည် ဆိုက ရက်ပိုင်းအတွင်းပင် တော်လှန်ရေးတပ်ဖွဲ့များ အောင်ပွဲခံကာ ပြည်တွင်းစစ်ကြီး ဖြစ်လာပေမည်။ မင်းအောင်လှိုင်သည်လည်း ရုရှားအား အကူအညီ တောင်းဖို့က ကျိန်းသေ သည်။ ထိုသို့ ဖြစ်လာလျှင် အမေရိကန်တို့ ပတ်သက်လာရဖို့ ရှိနေသည်။ ယင်းနှင့် အတူ ဖုတ်ဖက်ခါထသွား၍ မရတော့ပဲ နောက်ပိုင်း ပြန်လည် ထူထောင်ရေးကအစ အမေရိကန်တို့ တာဝန်ရှိလာပေတော့မည်။ ထိုအရေးကို အမေရိကန် တို့ အထူး စိုးရိမ်မကင်း ဖြစ်နေပုံရသည်။

 

အမေရိကန်သည် စစ်လက်နက်များ မထောက်ပံ့သည့်တိုင် ၎င်းတို့ ထိန်းချုပ်ထားသောဒေါ်လာတစ်ဘီလီယံကိုပင် ထုတ်ပေးလိုပုံမရ၊ ထုတ်ပေးမည်ဆိုက အင်အား ချိန်ခွင်လျှာ သိသိသာသာ ပြောင်းလဲသွားမည်ကို အမေရိကန်တို့ သိထားပြီး ဖြစ်သည်။ ထို့အတွက် အထူး သတိထားပြီး လက်ရှောင်နေခြင်းမျိုး ဟု ယူဆရသည်။ မြန်မာ အရေး နှင့် ပတ်သက်ပြီး ရုရှား၊ တရုတ်တို့နှင့် ပြဿနာ အဖြစ်ခံလိုပုံ မရ။

 

မင်းအောင်လှိုင်သည် ထိုအကြောင်းကိုသိ၍ အောက်ကျို့ခံကာ ရုရှားနှင့် မဟာမိတ် ဟုပို၍ ပို၍ ထင်မြင်လာစေရန် အတင်းဝင်လုံး နေခြင်းဖြစ်သည်။ ပြည်တွင်း တွင်လည်း ၎င်းတို့အား ထောက်ခံနေသူများက အကြောင်းရှိလျှင် ရုရှား က ကြည့်မနေဟု အာမခံချက် ပေးလို၍ လည်း ဖြစ်သည်။ တရုတ်အား ထိုသို့ အကူအညီ ပေးမည် မပေးမည်ကို တပ်အပ်သေချာ ပြော၍ မရမှန်း စစ်ဗိုလ်ချုပ်များ သိပြီး ဖြစ်သည်။ ရုရှားဆိုလျှင် ပို၍ စိတ်ချရသည်။

 

သို့သော် ရုရှားသည် တကယ်တမ်းတွင် ထိထိရောက်‌ရောက် အကူအညီ ပေးမည် မပေးမည် ကို အတိအကျ ခန့်မှန်း၍ မရ။ ဆီးရီယား အား ဝင်ရောက် ခဲ့ခြင်းမှာလည်း အကြောင်းမဲ့တော့ မဟုတ်၊ ဆီးရီးယား၏ မြေထဲပင်လယ် ကမ်းခြေ ဖြစ်သော တာတပ်စ်တွင် ရှိနေသည့် ရေတပ် စခန်းငယ် လေးအား ထိန်းသိမ်းထားလို၍ ဖြစ်သည်။ ထို့အပြင် အရှေ့အလယ်ပိုင်းသည် ဆိုဗီယက် ခေတ်ကတည်းက ရုရှားတို့ ဩဇာဖြန့်ကျက်ထားရာ ဒေသကြီးလည်း ဖြစ်သည်။

 

တရုတ် သည် ၎င်းတို့ အကျိုးစီးပွားမထိခိုက်လျှင် ရုရှားဘာလုပ်လုပ် ထောက်ခံရမည်သာဖြစ်သည်။ မင်းအောင်လှိုင်၏ နောက်လိုက်များကလည်း ဘာပဲဖြစ်ဖြစ် ရုရှားက ကြည့်မနေဟူသော သဘောမျိုးဖြင့် ရေလိုက်ငါးလိုက် လုပ်နေကြသည်။ ထို့အတွက် အာဆီယံ မှ ထုတ်ပယ်ခံရလျှင်ပင် မင်းအောင်လှိုင်သည် မည်သို့မျှ မနေ၊ ၎င်းတို့ ဘဝက တာလီဘန်များနှင့် နင်လားငါလား ဖြစ်လာနေပေပြီ။

 

မင်းအောင်လှိုင်မှာ ယခုထိ ကရင်မလင် နန်းတော်ကြီးထဲသို့ ဝင်ခွင့်မရသေးသော်လည်း ရုရှားကိုသာ အမိ ရုရှားကိုသာ အဖဟု ကိုးကွယ်နေရခြင်း ဖြစ်သည်။ တရုတ်ကို သူတော်ကောင်းယောင် ဆောင်လွန်းသည်၊ စိတ်မချရဟု ယူဆထားဟန်ရှိသည်။ ရိုဟင်ဂျာ များ ပြန်ပို့ရေး အား တရုတ်တို့ ဝင်ရှုပ်လွန်းသည်ဟု လည်း ထင်နေသည်။

 

ပူတင်သည် မြန်မာရှိ အာဏာသိမ်း ခေါင်းဆောင် ပေါက်စ တယောက် အတွက် ငွေအား လူအား အဆုံးရှုံးခံ၍ စိုက်ထုတ် ကာကွယ်ပေးမည့် သူလော ဟူသော မေးခွန်းက မမေးပဲ နေလို့မရ။

 

လက်ရှိတွင် အမေရိကန်၏ မပြတ်သားသော မူဝါဒကြောင့် ဒီမိုက‌ရေစီ ကျင့်သုံးနေသောမြန်မာသည် ရုရှား လက်အောက်ခံအဖြစ် ရောက်သွားခဲ့ရပြီ ဖြစ်သည်။ ယခုအခါ နှစ်နိုင်ငံသည် Forever friends ဟုပင် ကြွေးကြော်လာနေပြီဖြစ်သည်။ ရှေ့လျှောက်လည်း နောက်ထပ်နိုင်ငံများ တိုးပွားဖို့သာ ရှိတော့သည်။ အာဆီယံ နိုင်ငံများသည် မိမိတို့ အန္တရာယ်ကို သတိမူသင့်ပေသည်။'

 

မည်သို့ပင် ဖြစ်စေ အမေရိကန် တို့ အနေဖြင့် ရုရှားအား မင်းအောင်လှိုင်တို့ အားကိုး၍ မရ ဆိုသည်ကို ပေါ်လွင်အောင် မျဉ်းနီတကြောင်းဆွဲ၍ သတိပေးသင့်နေပြီဖြစ်သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!