ဒီတောင်ကို အဘ ကျော်နိုင်တော့မည် မထင်

by Hla Soewai - Aug 22 2022

သွားရင်းလာရင်း ကြားရသည့် သတင်းများက အဘ အတွက် အခြေအနေ မကောင်းတော့။

 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၏ ကြိုးစား ရှာဖွေ တည်ဆောက်ပေးခဲ့သမျှ နှင့် အဘ တ ယောက် ဟန်မပျက် နေနိုင်ခဲ့ပြီး လျှပ်စစ်ကားများ၊ ရထားများ တည်ဆောက်မည် ဘာညာနှင့် စိန်နားကပ်ရောင်နှင့် ပါးပြောင်နေခဲ့သော်လည်း တနှစ်ကျော်လာပြီး နောက်တွင်မူ နိုင်ငံတကာ ဘောဂဗေဒ ပညာရှင်များ ခန့်မှန်းသလို မြန်မာစီးပွားရေးသည် ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။

 

ဒေါ်လာဈေး များ ၃,၁၀၀ အထိ ဖြစ်လာပြီး ရွှေဈေး သိန်း အစိတ်ကျော်လာနေသော သတင်းများက အဘ ၏ အခေါင်းပျဉ်ကို သံ များ နှင့် တဖြောင်းဖြောင်း ရိုက် ပိတ်နေသည့် အသံများကို ကြားနေရပြီ ဖြစ်သည်။

 

ပြည်သူများ၏ ဘဝ က တွေးပင် မတွေးရက်လောက်အောင် ဖြစ်လာနေသည်။ ဆန်တပြည် ၃,၀၀၀၊ ကြက်ဥတကပ် ၁,၀၀၀ ကို မိုးထဲလေထဲ တန်းစီကာ ဝယ်ယူစားသုံးနေရသည့် ဘဝသို့ ရောက်နေပြီ ဖြစ်သည်။

 

အဘသည် သူ့အတွက် သားမယား စွန့်ကာ အသက်ပေးမည့် လူများ သိန်းချီ ရှိနေသည်။ လိုအပ်လျှင် ဝင်လုံးပေးမည့်လူများ၊ ရုရှား၊ တရုတ်လုပ် လက်နက်များ၊ တိုက်လေယာဉ် များ ရှိနေ၍ ပြည်သူ့ တော် လှန်ရေး အင်အားစုများကို စစ်ရေးအရ ဖြေရှင်းနိုင်လိမ့်မည်၊ ဖြုံစရာ မလိုဟု ထင်နေသည်။

 

သို့သော် အဘ အတွက် ရုရှားတို့၊ တရုတ်တို့ ဝင်မကူနိုင်၊ သိန်းချီ သော လက်နက်ကိုင်များလည်း မကယ်နိုင်သည်က အစိတ်စိတ် အမွှာမွှာ ပြိုလဲ ကျဆင်းနေသော စီးပွားရေး ပျက် ကပ်ကြီးပင် ဖြစ်သည်။

 

အဘ များသည် မိမိတို့ ထွက်ပြေးရမည့် ဘဝ ရောက်အောင် အမြန် တွန်းပို့နိုင်မည့် တခု တည်းသော အရေး ဖြစ်သည်ကို ကောင်းစွာ သိထားကြသည့်အတွက် ၎င်းတို့၏ ဂမူးရှူးထိုး လုပ်ရပ်များက သက်သေခံနေသည်။ တရုတ် နှင့် ရုရှားသည် လက်နက်များ လိုအပ်လျှင် ရောင်းပေးမည်၊ မည်သူကမျှ လည်း ငွေ ချေးငှားကြမည်မဟုတ်၊ တခုခု ဖဲ့ထုတ် ရောင်းမှသာ ဖြစ်ပေတော့မည်။

 

ဆိုဗီယက် ပြည်ထောင်စု ပြိုလဲသွားခဲ့ပြီးနောက် ရုရှား၏ အထောက်အပံ့ကို မှီခို စားလာသော ကျူးဘား အဖို့ မျက်ဖြူဆိုက်ခဲ့ရသည်။ ယခင်ကလို ထောက်ပံ့မည့်သူ မရှိတော့၍ ဗင်နီဇွဲလား မှ လောင်စာဆီများကို ကျူးဘား ဆရာဝန်များ နှင့် လဲကာ ဝယ်ယူခဲ့ရသည်။ ကျူးဘားသည် ပညာရေး၊ ကျန်းမာရေး တွင် ထိတ်ထိတ်ကြဲ အဆင့်ရှိ၍ ဆရာဝန်များကို အခကြေးငွေနှင့် အာဖရိကနိုင်ငံများသို့ လွှတ်၍ တိုင်းပြည်ဝင်ငွေ ရှာနေရသည့် နိုင်ငံမျိုးလည်း ဖြစ်သည်။

 

ထို့အရေး အတွက် ဆီဆိုင်များတွင် တုတ်ချောင်းနှင့်ထိုးကာ ရှာခြင်း၊ ဖေ့စ်ဘုတ်ကို ပိတ်တော့မည် ဟူ သော အရူးကွက်များကိုသာ တွေ့လာရသည်။ အဘ ခမျာ ဘီလီယံ ပေါင်း များစွာသော ကျပ်ငွေများ ရိုက်ထုတ်ပေးခြင်းဖြင့် တိုင်းပြည်၏ စီးပွားရေး ဦးမော့လာမည်ဟု လိမ်ညာလှည့်ဖျားလာသည်။ ထိုသို့ ကျပ်ငွေများ ဗုံးပေါလအော ရိုက်ထုတ်ခြင်းကို လူသိရှင်ကြား ကြေညာရဲအောင် ဉာဏ်ရည် နည်းပါး သူများ ဖြစ်နေပြန်သည်။ အာဏာရှင်တို့ မည်သည် တရားခံ ရှာယိုး ထုံးစံ ရှိသူ များ ဖြစ်သဖြင့် နောက်ဆုံးတွင် ၎င်းတို့၏ ပေါက်ကရ အတွေးအခေါ်များ အတွက် ဓါးစာခံ ဖြစ်သွားရသူ မှာ ဗဟိုဘဏ် ဥက္ကဌ ပင် ဖြစ်လေသည်။

 

ရုရှားမှ ဆီများ ရောက်လာတော့မည်ဟု လူထုကို မက်လုံးပေးပြန်သည်။ ရုရှားမှ ဆီ ဝယ်ယူရေး အဖွဲ့ကိုပင် လူယုံများ နှင့် ဖွဲ့စည်းပေးလာသည်။ ဆီ ဆိုသည်မှာ ငွေပေးနိုင်လျှင် ရုရှားမှ မဟုတ်၊ နေရာတကာ မှပင် ရနိုင်သည်၊ မည်သူကမျှ လည်း ဆီမ‌ရောင်းရဟု စီးပွားရေး ပိတ်ဆို့နေခြင်းမျိုး မရှိ။

 

ထိုသို့ ဆီသယ်လာသော ရုရှား သင်္ဘောများ ရောက်လာပြီးလျှင် ပြေလည်သွားပြီလော၊ ထိုသို့ တသက်လုံး လက်လီ ဝယ်သုံးနေကြ မည်လော၊ ရုရှားဖက်ကလည်း စားကောင်းသောက်ကောင်းရုံ မက်လုံးများ ပေးသွားခြင်းမျိုး ဖြစ်ပြီး ဤသည်ကို အဟုတ်ထင်ကာ ကြေညာချက် အမျိုးမျိုး ထုတ်နေရသည့် အဆင့်မျိုးသာ ဖြစ်သည်။ ရုရှားမှ မြန်မာ စစ်အာဏာသိမ်း အဖွဲ့ပေါ် ထားသည့် နိုင်ငံခြားရေး မူဝါဒကို အတိအကျ မသိရသေးသော်လည်း မင်းအောင်လှိုင် ခဏခဏ သွားနေသည့် တာတာစတန် အဆင့်မျိုးကဲ့သို့ နိုင်ငံတနိုင်ငံကို ပေါချောကောင်း ရမည်ဆိုက အရှုံးမရှိ ဟု တွက်ဆထား ပုံ ရှိသည်။

 

ထိုမျှလောက် မိမိတို့ အာဏာ တည်မြဲရေး အတွက် ပြည်ပ နိုင်ငံတနိုင်ငံကို လူသိရှင်ကြား အားကိုးပြီး ကျွန်ခံကာ မျက်နှာချို သွေး နေရသည့် အဖြစ် ကို တခါမျှ မကြားခဲ့ဘူးသည်ကတော့ အမှန်ပင်။ 

 

အဘသည် တိုင်းပြည်ရှိ လူများကို ပညာဉာဏ် ရည် နိမ့်ပါးသည်ဟု ယူဆထားပြီး ဖြစ်သည်။

 

ထို့အတွက် သူလိမ်ချင်တိုင်း လိမ်၊ ညာချင်တိုင်းညာပြီး လူထုအား ချွေးသိပ်အံ့ ဟု ကြံစည် လာခြင်းဖြစ်သည်။

 

နိုင်ငံတကာ နှင့် အာဆီယံ မှလည်း ကျွဲကို စောင်းတီးပြသည့် အဆင့်၊ ကျားမြီးကို နောက်က ဆွဲသည့် အဆင့်ထက် မပို။ ၎င်းတို့ အဖို့ က မအောင်မြင်ခဲ့သည့် သံခင်းတမန်ခင်း၊ စီးပွားရေး ဒဏ်ခတ်မှုများ နှင့်သာ ဖိအားပေးဖို့ ရည်ရွယ်နေသည်မှာ ထင်ရှားနေသည်။

 

ကုလ အထူးသံ နိုလင်း ဟေဇာ သည် နိုင်ငံတကာ မှ တောင်းဆိုနေသည်များကို မသိမှာစိုး၍ ကိုယ်တိုင် ကိုယ်ကျ သွားပြောပြီး ပြန်လာရသည် အဆင့်ထက် မပို။ နိုလင်း ဟေဇာ ရောက်လာခဲ့သည်မှာ ဘဏ်ကို ဓါးပြဝင်တိုက်ပြီး ဓါးစာခံ ဖမ်းထားသူများ အတွက် ကြားဝင်စေ့စပ် ပေးရလေ့ ရှိသည့် စေ့စပ်ရေး သမား negotiator ပုံစံမျိုး ဖြင့် သာ ဖြစ်သည်။

 

နိုင်ငံတော် အတိုင်ပင်ခံအား ပြစ်မှုအားလုံး စီရင်ချက် ချပြီးပါက သူမ၏ တုန့်ပြန်မှု အပေါ် မူတည်ပြီး အကျယ်ချုပ်ဖြင့် နေအိမ်တွင် ပြန်လည် ထားရှိရန် စဉ်းစားပေးမည်ဆိုကာ မင်းအောင်လှိုင်မှ ကြေညာ ချက် ထုတ်ပြန်လာသည်။ သူတို့အား တခုခု လိုက်လျောပါက လူ ဘယ်နှစ်ယောက် ပြန်လွှတ်ပေးမည် ဆိုသော အပြောမျိုးသာ ဖြစ်သည်။ ၎င်းတို့ မည်သို့ပင် ဝါဒ ဖြန့်ဖြန့် လာတွေ့သူများက ၎င်းတို့ လက်ထဲက ဓါးစာခံ များ ကယ်ထုတ်ရန် ဆိုသော ရည်ရွယ်ချက်မျိုးနှင့် သာ ဖြစ်သည်။

 

ထို့ကြောင့် အမေရိကန် သံအမတ်ဟောင်း စကော့ မာဆယ် မှ လက်ရှိ မင်းအောင်လှိုင် အဖွဲ့ကို ခမာနီ များ နှင့် တန်းတူဟု ပြောဆိုလိုက်ပြီး ထိုသို့ ဝင်ထွက်သွားလာနေခြင်းမျိုးသည် အလုပ်မဖြစ်တော့၊ ခန့်အပ်ခံထားရသူများသာ နာမည် ပျက်ဖို့ ရှိ၍ ပုံစံပြောင်းဖို့ စဉ်းစားသင့်ပြီဟု ထောက်ပြခဲ့သည်။

 

အဘများသာ ပါးရည်နပ်ရည် ရှိမည် ဆိုက မိမိတို့ အတွက် ထွက်ပေါက်ရအောင် ပြောနိုင် ဆိုနိုင် ခွင့်ရမည့် အခွင့်အရေးအား အမိဖမ်းဆုပ်နိုင်ကြမည် ဖြစ်သည်။

 

မင်းအောင်လှိုင်တို့ အဖွဲ့သည် ယခုအခါ တတိုင်းပြည်လုံးကို ဓါးစာခံ အဖြစ် လက်နက်ပြ ထိန်းသိမ်း ထားရသည့် အဆင့်ထက် မပိုတော့သည်ကို နားလည် သဘောပေါက် နိုင်စွမ်း မရှိဘဲ အရာရာကို ၎င်း၏ prism အလင်းယိုင် မှန်တုံးလေးဖြင့်သာ ကြည့်နေဆဲ ဖြစ်သည်။

 

၎င်းတို့ လုပ်ရပ်များကြောင့် တိုင်းပြည်ပျက်မတတ် ဖြစ်လာနေသည်ကို ဈေးထောင့် ရှိ စိတ်မနှံ့သူပင် ရိပ်စားမိနေပြီ ဖြစ်၍ ထူးထူးထွေထွေ မပြောချင်တော့။

 

လက်ရှိ အဖြစ်မှ အမြန်ဆုံး မည်သို့ မည်ပုံ ရုန်းထွက်နိုင်အောင်သာ မိမိတို့ အားလုံး ညီညွတ်စွာ တွန်းနိုင် မှ ဖြစ်တော့မည်။ ထိုသို့မဟုတ်လျှင် ကပ်ကြီး သုံးပါးနှင့် တသက်လုံး နပန်းလုံး သွားကြရတော့မည် ဖြစ်သည်။

 

မိမိတို့ အားလုံး သိထားရမည်မှာ အဆုံးသတ်တွင် အောင်ပွဲခံမည် ဆိုသည်ကို ပြည်သူတရပ်လုံးက မမှိတ်မသုံ ယုံကြည်နေကြသည့် အဖြစ်ကို နိုင်ငံတကာက တလေးတစား ရှိနေကြဆဲ ဖြစ်သည် ဆိုခြင်းပင်။

 

Everyone is admiring the people's stolid faith in the certainty of eventual victory.

 

ပြည်သူ တို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!