သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(31)

by Hla Soewai - Aug 23 2022

အကြွင်းမဲ့ အာဏာရှင် စနစ် နှင့် တန်ပြန်တော်လှန်ရေး (၅)

 

ဟစ်တလာ လူငယ် အဖွဲ့ကဲ့သို့ပင် ဆိုဗီယက်တွင်လည်း လူငယ် ရှေ့ဆောင် အသင်း နှင့် ကွန်ဆိုမို ကဲ့သို့ အသင်းများ ရှိနေသည်။ ထိုအဖွဲ့အစည်းများမှ တဆင့် လူငယ်များသည် ဒေသန္တရ ခရီးထွက် စခန်းချခွင့်၊ အားကစား နှင့် ယဉ်ကျေးမှု ပွဲတော်များ တွင် ပါဝင်ဆင်နွှဲခွင့် ရရှိလာခဲ့ကြသည်။ ယင်းနှင့်အတူ ဝါဒရေးရာ သဘောတရားများလည်း ရိုက်သွင်းခံခဲ့ရသည်။ အဓိက ရိုက်သွင်းခဲ့သည်များက အကြွင်းမဲ့ အာဏာရှင် စနစ်၏ ပြင်ပတွင် ၎င်းတို့ ဘဝ ရှင်သန်နိုင်မည့် အခွင့်အလန်းများ မရှိဟူ၍ ဖြစ်သည်။ ထို့ပြင် ထိုလူငယ်များအားလည်း မိဘဆွေမျိုး များ၊ မိတ်ဆွေများ အား စောင့်ကြည့်ကြခြင်းဖြင့် အစိုးရအား အကာအကွယ် ပေးသွားရန် ဆိုသည်တို့လည်း ပါဝင်လာခဲ့သည်။

 

အထူးခြားဆုံး ဖြစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့သည်က အသက် ဆယ်နှစ်နှစ် အရွယ် ဆိုဗီယက် နိုင်ငံသား ပါလစ်ဗ် မိုရိုဇော့ ၏ အကြောင်းပင် ဖြစ်သည်။ ထိုကလေးငယ်သည် ဖခင်ဖြစ်သူအား ကောက်ပဲသီးနှံများကို သိုလှောင်ကာ အမြတ်ကြီးစားနေသည့် ကူလတ် ခေါ် မြေရှင်ကြီး ဖြစ်သည်ဟု ချဲ့ကား ပြောဆိုကာ လူသိရှင်ကြား ရှုတ်ချလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ (တကယ်တမ်း တွင် ၎င်း၏ ဖခင်သည် လယ်သမားများ အတွက် စာရွက်စာတမ်းများကို အတုပြုလုပ်ပေးနေသူသာ ဖြစ်သည်)။

 

ထိုသို့ ဖခင်အား ထုတ်ဖေါ်ရှုတ်ချခဲ့မှု အတွက် မိုရိုဇော့ ကလေး အား ဆွေမျိုးသားချင်းများထဲမှ တဦးဦး သို့မဟုတ် အိမ်နီးနားခြင်းများထဲမှ တဦးဦးက လက်တုန့်ပြန် သတ်ဖြတ် ခံခဲ့ရသဖြင့် အသက် ဆုံးရှုံးသွားခဲ့ရသည်၊ သို့သော်လည်း စတာလင် အစိုးရ အပေါ် သူ၏ သစ္စာစောင့်သိမှု အတွက် အာဇာနည် တဦး အဖြစ် ချီးမြှင့်မြှောက်စားခဲ့သဖြင့် မိုရိုဇော့ ကလေးသည် သန်းပေါင်းများစွာသော ဆိုဗီယက် နိုင်ငံသားများ အကြား သူရဲကောင်း ဖြစ်လာခဲ့ရသည်။ (ပုံတွင် တွေ့ရစဉ်)

 

၁၉၃၀ နှစ်များ အလွန်တွင် နာဇီ နှင့် ဆိုဗီယက် အစိုးရများသည် မိသားစုများ အား ကလေးများ တိုး၍ ရယူရန် လိုအပ်သည်များကို ကူညီပံ့ပိုးပေးလာခဲ့ကြသည်။ ကလေး လေးယောက် နှင့် အထက် မွေးဖွားခဲ့သော ဂျာမန် အိမ်ထောင်ရှင်မ တဦးအား နာဇီ အစိုးရမှ ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပြီး ဩဂုတ် လတိုင်း ကျရောက်သည့် ဟစ်တလာ မိခင်၏ မွေးနေ့ပွဲအားလည်း အမြဲလို ခမ်းခမ်းနားနား ကျင်းပခဲ့ကြသည်။

 

ကလေး မွေးဖွားနှုန်း မြှင့်တင်နိုင်ရန် အစီအစဉ်များ ချမှတ်ကာ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြသည်။ ပဋိသန္ဓေ တားဆေးများ၊ အခြား အကာအကွယ် ပစ္စည်းများ လည်း ဂျာမဏီတွင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ ကလေးဖျက်ချရန် ကြိုးပမ်းသည့် ဂျာမန် အမျိုးသမီးများအားလည်း ဒဏ်ငွေများ အဆမတန် ပေးဆောင်စေခဲ့သည်။ ထို့အပြင် နာဇီ အစိုးရသည် ခန္ဓာကိုယ်ပိုင်း၊ ဦးနှောက်ပိုင်းတွင် မသန်မစွမ်း ကလေးများ မွေးဖွားခဲ့သည့် အစဉ်အလာ ရှိသူ၊ မျိုးရိုး ရှိသူများအား သားကြောဖြတ်ပေးသည့် အစီအမံများ ချမှတ်ကျင့်သုံးလာခဲ့သည်။ ၁၉၃၇ ခုနှစ် အရောက်တွင် ထိုသို့ သားကြော ဖြတ်ခံရသည့် ဂျာမန် အမျိုးသမီးပေါင်း ၂ သိန်း ခန့် ရှိလာခဲ့သည်။

 

ဆိုဗီယက်သည် နာဇီတို့ကဲ့သို့ အတင်းအကျပ် သားကြောဖြတ်သည့် လုပ်ရပ်များ ကျင့်သုံးခဲ့ခြင်း မရှိသော်လည်း ကလေး ၆ ယောက် ထက် ပိုမွေးသည့် မိခင်များအား ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။ ဆိုဗီယက်ကဲ့သို့ ဗဟို ချုပ်ကိုင်သည့် စီးပွားရေး စနစ် ကျင့်သုံးသော နိုင်ငံတွင် ပဋိသန္ဓေ တားဆေးများ၊ အကာအကွယ် ပစ္စည်းများ ဈေးကွက်တွင် ရရှိနေမှုကို အလွယ်တကူ ကန့်သတ်နိုင်စွမ်း ရှိနေ၍လည်း ဖြစ်သည်။

 

ဘော်ရှီဗစ် တော်လှန်ရေး အစောပိုင်း နှစ်များ အတွင်း ဆိုဗီယက် အမျိုးသား၊ အမျိုးသမီး အိမ်ထောင်သည်များသည် အချိန်မရွေး ကွာရှင်းနိုင်ခွင့် ရရှိခဲ့သည့်အပြင် ကိုယ်ဝန် ဖျက်ချခြင်းကိုလည်း သဘောရှိ လုပ်ဆောင်ခွင့် ရှိနေသည်။ သို့သော် နောက်ပိုင်း စုပေါင်းဘုံ လယ်ယာမြေ၊ စက်မှုလုပ်ငန်း များ တည်ထောင်လာသည့် အခါ အလုပ်သမား များ လိုအပ်လာ၍ ၁၉၃၆ တွင် စတာလင်သည် ဖွဲ့စည်းပုံ ဥပဒေအား ပြင်ဆင်၍ လင်မယား ကွာရှင်းခွင့် ကို ခက်ခဲအောင် ဖန်တီးလာခဲ့သည်။ ကလေးဖျက်ချခွင့် အားလည်း မိခင်၏ ကျန်းမာရေး အန္တရာယ် ရှိနိုင်သည်ဟု ယူဆမှသာ ခွင့်ပြုမည်ဟု အမိန့်ထုတ်ပြန်လာခဲ့သည်။ ကလေး မွေးဖွားခြင်းသည် “လူမှုရေးအရ လွန်စွာ အရေးပါသော တာဝန်ကြီး ဖြစ်သည်” ဟု စတာလင်က ဆင်ခြေ ပေးလာခဲ့သည်။

 

ဆိုဗီယက် နှင့် နာဇီတို့သည် ၎င်းတို့၏ အကြွင်းမဲ့ အာဏာရှင် စနစ်၏ စည်းမျဉ်းများကို လိုက်နာရန် လျို့ဝှက် ပုလိပ် အဖွဲ့များကို ဖွဲ့စည်းလာခဲ့ကြသည်။ ထိုအဖွဲ့များသည် နာဇီ ဂျာမဏီတွင် ဂက်စတာပို ဖြစ်လာပြီး ဆိုဗီယက် ယူနီယံတွင် NKVD ဟူ၍ ပေါ်ပေါက်လာခဲ့သည်။ ၁၉၃၀ ကျော် နှစ်များ အလယ်ပိုင်း လောက်တွင် စတာလင် သည် ထိုအဖွဲ့ကို အသုံးချ၍ တခါက သူ့အား အကူအညီပေးကာ ရန်သူများအား ဖယ်ရှားပေးခဲ့သူများ ဖက် လှည့်လာပြန်ပြီး အခြား လူများအားလည်း ကူလတ် ခေါင်းပုံဖြတ် မြေရှင်များ အဖြစ် စွပ်စွဲ ပြောဆို အပုတ်ချလာခဲ့သည်။ ထိုသို့ လျို့ဝှက် စစ်ပုလိပ် အဖွဲ့ကို အသုံးချကာ ၎င်းအပေါ် သစ္စာရှိစွာ အမှုတော်ထမ်းခဲ့သူများ အပေါ် အရေးယူ အပြစ်ပေးလာခဲ့ခြင်းသည် အာဏာရှင် တဦး၏ လုပ်နည်းလုပ်ဟန်များပင် ဖြစ်သည်။

 

ထိုအကြောင်းနှင့် စပ်လျှင်း၍ သမိုင်း ပညာရှင်တဦး ဖြစ်သူ စတီဖင် ကော့ကင်မှ “အာဏာရှင်သည် ၎င်း၏ လက်ဝယ်တွင် အကြွင်းမဲ့ အာဏာများ ပိုင်ဆိုင်လာသည့် အခါ လက်မလွှတ်နိုင် ဖြစ်လာသည်နှင့် အမျှ ၎င်းအား စိန်ခေါ်လာနိုင်သူများ အား မဖြစ်မနေ ရှာဖွေ ဖေါ်ထုတ် ရှင်းလင်းလာစမြဲပင် ဖြစ်သည်” ဟု ရေးသားခဲ့သည်။

 

၁၉၃၇ ခုနှစ်တွင် စတာလင်သည် လူမှုရေး အရ အန္တရာယ် ပေးလာနိုင်သူများအား ရှာဖွေ ဖေါ်ထုတ်ပြီး ပြစ်မှု အမျိုးမျိုး ဖြင့် ခွဲခြား သတ်မှတ်ကာ အစုအလိုက် အပြုံလိုက် ပစ်သတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ရန် NKVD အား အမိန့်ပေးလာခဲ့သည်။ ထိုအထဲတွင် မြေရှင်များ နှင့် ဇာဘုရင် ခေတ် အစိုးရ အရာရှိဟောင်းများလည်း ပါဝင်ခဲ့သည်။

 

အလားတူပင် ဂျာမန် ဂက်စတာပိုသည်လည်း အကြောက်တရား လွှမ်းမိုးရေး ကမ်ပိန်းကို ဆင်နွှဲလာခဲ့သည်။ ထိုသို့ စီမံနိုင်ရန် ၁၉၃၃ တွင် ပထမဆုံး သုံ့ပန်းစခန်းကို တည်ဆောက်လာခဲ့ပြီး ဖူးဟား နှင့် တတိယ ဂျာမန် နိုင်ငံတော်အား ဝါဒရေးရာ အရသော်၎င်း၊ စာရိတ္တပိုင်းနှင့် လူမျိုးရေး အရ အန္တရာယ် ပေးလာနိုင်သူများဟု ယူဆသူများ အပေါ် ပစ်မှတ်ထားလာခဲ့သည်။

 

ထိုကဲ့သို့ စစ်ပုလိပ်များ ကြီးစိုးလာသည့် နှစ်နိုင်ငံ စလုံးတွင် အကြောက်တရား နှင့် အတူ ပေါ်ပေါက်လာသော မိမိကိုယ်မိမိ ချုပ်တည်းလာရမှုများကြောင့် အကြွင်းမဲ့ အာဏာရှင် စနစ် ကျင့်သုံးနေသည့် အုပ်ချုပ်သူများ၊ ဗိုလ်ကျ အနိုင်ကျင့်တတ်သည့် ခေါင်းဆောင်များ၊ ၎င်းတို့ ပေးသည့် မစားရ ဝခမန်း ကတိများ အား ချီးမြှောက် ဂုဏ်တင်သည့်  ဘုန်းတော်ဘွဲ့ အခမ်းအနားများ ပေါ်ပေါက်လာခဲ့ပေတော့သည်။

 

နာဇီ တို့ ဦးဆောင်သည့် လူထု အခမ်းအနားများ တွင် ရဲရဲတောက် မိန့်ခွန်းများ တက်ပြောသူများ၊ ဇာတ်ဆန်ဆန် သရုပ်ဆောင်မှုများ၊ အရူးအမူး လက်ခုပ်ဩဘာသံများ နှင့် ပြည့်နှက်နေစမြဲ ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ ဆိုဗီယက် ယူနီယံ တွင် နိုင်ငံရေး စာတမ်းများ ပါသည့် ဆိုင်းဘုတ်များ၊ အလံများ၊ မက်စ်၊ လီနင်၊ စတာလင်တို့၏ ရုပ်ပုံကားချပ်များအား ကိုင်ဆောင်ပြီး တော်လှန်ရေး နှင့် ကွန်မြူနစ် ခေါင်းဆောင်များအား ချီးကြူး ဂုဏ်ပြုသည့် ကြွေးကျော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြသည်။

 

သမိုင်း ပညာရှင် ဟာနန် အာရင် သည် “အကြွင်းမဲ့ အာဏာရှင် စနစ် ဖွဲ့စည်းပုံသည် ဝါဒဖြန့်ချီ လိမ်လည်မှုများအား စိတ်ကူးယဉ် ဇာတ်လမ်း တခု ပုံစံ ရစ်ဖွဲ့ လိမ်ယှက်ကာ အလုပ်ဖြစ်သည့် အမှန်တရား တခုအသွင် ဘာသာပြန် ပြောင်းလဲ၍ရရန် ရည်ရွယ် တည်ဆောက်ထားခြင်း” သာ ဖြစ်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်။ “အချက်အလက် ဆိုသည်များသည်လည်း အာဏာကို လက်ဝယ် ဆုပ်ကိုင်ထားနိုင်သူ၏ ထွင်လုံးများ၊ လုပ်ကြံဖန်တီးပြောဆိုမှုများ အပေါ်သာ လုံးဝ အမှီပြုနေသည်” ဟု ဆိုသည်။ ထို့အတွက် အမြဲလို ပြောင်းလဲတတ်သည် သဘော ဆောင်လာသည်။ အမှန်တရား ဆိုသည်ကလည်း အကြွင်းမဲ့အာဏာရှင် ရှုကြည့်လေ့ရှိသည့် အလင်းယိုင် ဖန်တုံး မှသာ ဖြတ်၍ ထွက်ပေါ်လာခြင်းမျိုးသာ ဖြစ်သည်။

 

ခေါင်းဆောင် ဖြစ်သူ အား ကိုးကွယ် ဆည်းကပ်မှု ကြောင့် အမှန်တရား နှင့် ကျိုးကြောင်း ဆီလျှော်စွာ စဉ်းစားတတ်မှု ကို စွန့်လွှတ်ခဲ့ကြသဖြင့် လည်း အကြွင်းမဲ့ အာဏာရှင်စနစ်သည် အဆုံးတွင် မရှုနိုင် မကယ်နိုင် ဘဝ ဆိုက်ရောက်ခဲ့ရခြင်းပင် ဖြစ်သည်။ တန်ပြန်တော်လှန်ရေး ရည်မှန်းချက်များ အား အဆုံးစွန်အထိ ဦးတည်ထားသည့် တဖက်စွန်းရောက် စနစ်လည်း ဖြစ်သည်။

 

နှစ်ဆယ် နှင့် နှစ်ဆယ့်တရာစု နှစ်များ တွင် လူတဦးချင်းစီ၏ အခွင့်အရေး များ နှင့် အရာရာ ကို ထိန်းချုပ်လာကြသည့် အာဏာရှင်များ၊ ထိုကဲ့သို့ နီးပါး ကျင့်သုံးလာသော အာဏာရှင်များ အလျိုလျို ပေါ်ပေါက်လာနေသည်ကို တွေ့မြင်နေကြရပြီ ဖြစ်သည်။ လူမှုရေး၊ စီးပွားရေး အကျိုးကျေးဇူးများအား မိမိတို့ လက်တကမ်း အကွာအထိ ရောက်အောင် ဆောင်ကျဉ်းပေးလာနိုင်ခဲ့သည့် လစ်ဘရယ် ဒီမိုကရေစီ သည်လည်း ယခုအခါ အရင်လို မစွမ်းဆောင် နိုင်တော့။

 

လက်ရှိတွင် လူများ တနိုင်ငံမှ တနိုင်ငံသို့ ရွှေ့ပြောင်း နေထိုင်ကြရခြင်း၊ သဘာဝ ပတ်ဝန်းကျင်အတွက် စိုးရိမ်မကင်း ဖြစ်လာရခြင်း၊ ကမ္ဘာတဝှမ်း ဘဏ္ဍာရေး အကျပ်အတည်းများ ဆိုက်ရောက်လာခြင်း၊ အကြမ်းဖက် သမားများ၏ ခြိမ်းချောက်မှုများ နှင့် ရင်ဆိုင်လာရခြင်း တို့ကြောင့် လူများ အဖို့ ရင်တထိတ်ထိတ် နှင့် စိုးရိမ်ကြောင့်ကြစွာ နေထိုင်လာကြရသဖြင့် ထိုအခြေအနေများမှ ကင်းလွတ်ပြီး တည်တည်ငြိမ်ငြိမ် နေထိုင်သွားနိုင်မည့် အလားအလာ များကို လိုလား လာခဲ့ကြသည်။

 

စိုးရိမ်ကြောက်လန့်ခြင်းသည် မည်သို့မျှ ထိန်းချုပ်၍ မရသော သဘာဝ တရားကြီးလည်း ဖြစ်သည်။ သို့သော် လူတို့တွင် ထိုကဲ့သို့ သဘာဝ အလျောက် ဖြစ်ပေါ်လာသော အကြောက်တရား နှင့် မျှော်လင့်ချက်များကို အသုံးချ အမြတ်ထုတ် လာနိုင်သည်များကိုလည်း သတိပြုမိဖို့ လိုအပ်ပေသည်။

 

ကျွနုပ်တို့ ဖြတ်သန်းလာခဲ့ရသည့် သမိုင်းစဉ်တလျှောက်တွင် အကြွင်းမဲ့ အာဏာရှင် တဦး၏ ပေးလာသော ကတိများအား ဝေဖန်ဆန်းစစ်မှု မရှိပဲ မျက်စိမှိတ် ယုံကြည်လက်ခံ ခဲ့ခြင်းသည် နောက်ဆုံးတွင် တန်ဖိုးကြီးစွာ ပေးဆပ်ခဲ့ရသည်ကို ထင်ရှားစွာ ပြဆိုခဲ့ပြီးလည်း ဖြစ်ပေသည်။