နိုလင်း ဟေဇာအား တာဝန်မှ ပြန်လည် ရုပ်သိမ်းပေးရန် မြို့ပြ အဖွဲ့အစည်းပေါင်း ၈၆၄ ဖွဲ့ တောင်းဆို

by Hla Soewai - Aug 24 2022

မြန်မာ နိုင်ငံ အတွက် အထူး သံတမန် အဖြစ် ခန့်အပ်ထားသော မစ္စက် နိုလင်း ဟေဇာအား စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့မှု အပေါ် ရှုတ်ချကြောင်းနှင့် သူမအား တာဝန်မှ ပြန်လည် ရုပ်သိမ်းပေးရန် မြန်မာအရေး လှုပ်ရှားနေသည့် မြို့ပြ လူ့အဖွဲ့အစည်းပေါင်း ၈၆၄ ဖွဲ့မှ တညီတညွတ်တည်း လက်မှတ် ရေးထိုးပြီး ကုလ သမဂ္ဂ အထွေထွေ ညီလာခံကို တောင်းဆိုလိုက်ပြီ ဖြစ်သည်။

 

သူမ၏ ဩဂုတ် ၁၆-၁၇ ရက် ခရီးစဉ်သည် မြန်မာပြည်နှင့် ပတ်သက်ပြီး ကုလ မှ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးလာသော ချဥ်းကပ်မှုမှာ မည်သို့မျှ ထိရောက်မှု မရှိကြောင်း ပြဆိုလိုက်ပြီ ဖြစ်သည်ဟု ပါရှိသည်။ အဓိပ္ပါယ်ရှိသော ရလဒ်များ ထွက်ပေါ်လာရမည့် အစား ကုလ ၏ လုပ်ရပ်သည် စစ်အာဏာသိမ်း အဖွဲ့အား ဥပဒေကြောင်းအရ တည်ရှိနေသည်ဟု အသိအမှတ်ပြုသလိုသာ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

 

နိုလင်း ဟေဇာ၏ စောင့်ကြည့် ဦးမည် ဆိုသော ချဥ်းကပ်မှု နှင့် ထိုကဲ့သို့သော ခရီးစဉ်များသည် စစ်အာဏာသိမ်း အဖွဲ့အား ရဲဆေးတင်ပေးလိုက်သလို ဖြစ်ခဲ့ရပြီး ဆက်လက်၍ သတ်ဖြတ်မှုများ ကျူးလွန်ရန် တွန်းအားများ ဖြစ်သွားခဲ့သည်။ ထို့အပြင် မြန်မာ ပြည်သူများ၏ စည်းလုံးညီညွတ်စွာ တစုတဝေးတည်း ရုန်းကန်တိုက်ပွဲဝင်နေမှု ကိုလည်း ထိခိုက်သွား‌စေခဲ့သည်။

 

ထို့အတွက် လာမည့် စက်တင်ဘာလ တွင် ကျင်းပရန် ရှိနေသည့် ကုလအထွေထွေ ညီလာခံကြီးမှ သူမ၏ တာဝန် ဝတ္တရားများကို ပြန်လည် ရုပ်သိမ်းရန် နှင့် မြန်မာ ပြည်သူများ၏ ဆန္ဒ ကို ထင်ဟပ်စေသည့်၊ စစ်တပ် အုပ်ချုပ်မှု မှ ကင်းလွတ်သည့်၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ စနစ်ပေါ်ပေါက်လာစေရန် တိကျခိုင်မာသော အရေးယူ ဆောင်ရွက်မှုများ ဖေါ်ဆောင်ပေးရေး တောင်းဆိုကြောင်းလည်း ပါရှိသည်။

 

တနိုင်ငံလုံး အပေါ် အကြောက်တရား ဖြင့် အုပ်ချုပ်ရန် စီမံ လုပ်ကိုင်နေသည့် စစ်အာဏာသိမ်း အဖွဲ့ နှင့် အာဏာ ခွဲဝေကျင့်သုံးရန် သူမ၏ အဆိုပြုချက်ကို အားလုံးက ငြင်းပယ်ထားပြီး ဖြစ်သည်။ လက်ရှိ ကုလ အထူး သံတ မန်၏ လုပ်ပိုင်ခွင့်အာဏာသည် ၂၀၁၇ ခုနှစ် အထွေထွေ ညီလာခံမှ ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရန် ချမှတ်ခဲ့ သည့်အတွက် လက်ရှိ အကျပ်အတည်း၏ အတိုင်းအတာ နှင့် ရှုပ်ထွေး နက်နဲမှုများကို ထင်ဟပ်စေခြင်း မရှိ သည့် အပြင် သူမကိုယ်တိုင်ကလည်း အသိအမှတ်ပြု သဘောပေါက်နိုင်စွမ်း မရှိ၍ ထိရောက်မှု မရှိဟု သုံးသပ် သည်။

 

မိမိတို့ မျှော်လင့်ထား၍ ကြိုတင် သတိပေးထားခဲ့သည့်တိုင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြုံးပြုံးရွှင်ရွှင် လက်ဆွဲ နှုတ်ဆက်နေသည့် ဓါတ်ပုံများသာ ထွက်ပေါ်လာခဲ့၍ ကုလ၏ ဂုဏ်သိက္ခာသည် ထိခိုက် ပျက်ဆီးသွားခဲ့ သည့်အပြင် အားလုံး ပါဝင် ဆွေးနွေးနိုင်မည့် လုပ်ငန်းစဉ် ဖြစ်ပေါ်ရေးကို ကတိပေးခဲ့သော်လည်း သူမ၏ ကြေ ညာချက်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ အား တလုံးတပါဒမျှ ရည်ညွှန်းခြင်း မရှိခဲ့။ ခရီးစဉ်အား စီစဉ်ခဲ့မှု သည်လည်း ဒီမိုကရေစီ အရေး တိုက်ပွဲဝင်သူ လေးဦးအား ကွပ်မျက်ခဲ့ခြင်း၊ နှစ်ရက်အလိုမှာပင် ဒေါ်အောင်ဆန်း စုကြည်အား နောက်ထပ် ၆ နှစ် ထောင်ဒဏ် အပြစ်ပေးခဲ့ခြင်းများနှင့် တိုက်ဆိုင်နေပြန်၍ ကုလသည် စစ်ခေါင်း ဆောင်များ၏ ကျူးလွန်နေသော ပြစ်မှုများအား အပြစ်ပေးမည် မဟုတ်၊ ဆက်လက်ကျူးလွန်၍ ရနေသည့် သဘော ဆောင်နေကြောင်း ပါရှိသည်။

 

မအောင်မြင်ခဲ့သော အာဏာသိမ်းမှုအပေါ် ခံပြင်းစိတ်နှင့် ကြောက်မက်ဖွယ်ရာ နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်လာခြင်း ကြောင့် ဖြစ်ပေါ်လာရသည် ဆိုသည့် ပြဿနာ၏ အဓိက အရင်းအမြစ်ကို ကုလ အထူး သံတမန်သည် နားလည် ခံယူနိုင်စွမ်း မရှိ၊ ထိုအကြောင်း တလုံးတပါဒမျှလည်း သူမ၏ ကြေညာချက်တွင် ဖေါ်ပြခဲ့ခြင်း မရှိပြန်ပေ။ ကုလ လူ့အခွင့်အရေး ကော်မရှင် နှင့် မြန်မာ လူ့အခွင့်အရေး ဆိုင်ရာ သံတမန်တို့ သည်ပင် ၎င်းတို့၏ ထုတ်ပြန် အစီရင်ခံချက်များ တွင် အမျိုးသား ညီညွတ်ရေး အစိုးရအား အမြဲလို ရည်ညွှန်း ဖေါ်ပြလေ့ ရှိသည်ဟု ထောက်ပြခဲ့သည်။

 

NUG နှင့် ERO များ ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဖိုရမ် အကြောင်းကိုလည်း ရည်ရွယ် ချက်ရှိရှိဖြင့် ချန်လှပ်ထားခဲ့၍ ကျင့်ဝတ်နှင့် မညီညွတ်သည့်အပြင် အာဏာသိမ်းအဖွဲ့၏ အကြိုက် ဖြစ်သွားစေခဲ့ သည်။ ထို့အပြင် ဘက်လိုက်မှု ကင်းစင်ရမည် ဆိုသည့် မူကိုပါ ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟုလည်း ပါရှိ သည်။ စစ်အာဏာသိမ်း အဖွဲ့သည် ဒုက္ခသည်များ အတွက် ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းစဉ်အား လက်နက် အဖြစ် အသုံးချလျှက် ရှိသဖြင့် ဂျီနီဗာ ကွန်ဗင်းရှင်းအား ဖောက်ဖျက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းသာ ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည့် မြန်မာ ဥပဒေများအရရော၊ နိုင်ငံတကာ အဓိပ္ပါယ် ဖွင့်ဆိုချက်များ အရပါ အကြမ်း ဖက်အဖွဲ့အစည်း သက်သက် ဖြစ်လာနေသည်။ ကုလ အနေဖြင့် ၎င်းတို့ ပြဋ္ဌာန်းထားသော ပဋိညာဉ် စာချုပ်ပါ အခွင့်အာဏာများအရ မြန်မာ ပြည်သူများ အား ကာကွယ်စောင့်ရှောင်ပေးရန် လိုအပ်သည်။ လက်ရှိ မြန်မာ ပြဿနာအား ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေး အတွက် NUG အား တရားဝင် အစိုးရ အဖြစ် ဆက်ဆံ ပြီး အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၊ မြို့ပြ အဖွဲ့အစည်း များ အားလုံးနှင့် တိုက်ရိုက် ထိတွေ့ကာ အလျှင်အမြန် ဖြေရှင်းရန် လိုအပ်သည်။

 

ကုလ အထူးသံတမန် ၏ ခရီးစဉ် အတွင်း မြန်မာပြည်သူများက “ကုလ မှ အရေးယူလာရန် လူမည်မျှ ထပ်၍ သေဆုံးပေးရန် လိုအပ်သနည်း” ဟု ထုတ်ဖေါ် ဆန္ဒပြခဲ့ပြီးလည်း ဖြစ်သည်။

 

ထို့အတွက် မြန်မာ စစ်တပ်၏ ကျူးလွန်နေသော ရာဇဝတ်မှုများ အတွက် တရားဥပဒေ အတိုင်း တာဝန်ခံနိုင်မှု ရှိလာရန် ထပ်မံတောင်းဆိုကြောင်း ပါရှိသည်။ ၎င်းတို့အား ရာဇဝတ်သားများ အဖြစ်သာ ဆက်ဆံသွား ရမည် ဖြစ်ပြီး အသိအမှတ်ပြုရာ ရောက်သည့် ထိတွေ့ဆက်ဆံမှုများ မပြုလုပ်ရန်လည်း ပါရှိသည်။

 

ကုလ အထွေထွေ ညီလာခံ မှ လက်ရှိ အထူး သံတမန် ၏ လုပ်ပိုင်ခွင့်အာဏာအား ပြန်လည် ရုပ်သိမ်းပြီး မြန်မာ ပြည်သူများ အကျိုးကို ရှေ့ရှုကာ အထွေထွေ အတွင်းရေးမှူးချုပ် အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင် ဦးရွက် ပြုသွားရန်၊ ကုလ လုံခြုံရေး ကောင်စီသည်လည်း မြန်မာပြည် အခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံးသို့ လွှဲပြောင်း ပေးရန် တို့ကို ကျွနုပ်တို့ အားလုံး မှ တောင်းဆိုသည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!