မြန်မာ တော်လှန်ရေးအား ကူညီရန် အချက် (၉) ချက်ကို အမေရိကန် သံအမတ်ဟောင်း ချပြ

by Hla Soewai - Aug 26 2022

မြန်မာပြည်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ၂၀၁၆-၂၀၂၀ အတွင်း တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာ အပါအဝင် အရှေ့တောင်အာရှ ရေးရာ ကျွမ်းကျင်သူ စကော့ မာဆီယယ် က ပြည်သူများ အပေါ် ရက်စက် ကြမ်းကြုပ်စွာ ပြုမူနေသော စစ်အာဏာသိမ်း အဖွဲ့ သည် နိုင်ငံအရေး တွင် အပေးအယူ လုပ်ရမည့် အဖွဲ့ မဟုတ်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု စာမျက်နှာတွင် ယခုလို ရေးသားထားသည်။

 

မြန်မာ စစ်အာဏာသိမ်း အဖွဲ့ နှင့် ဆက်ဆံနေသော နိုင်ငံတကာ အသိုက်အဝန်း အတွင်း သုံးဖွဲ့ ကွဲလာခဲ့သည်ကို တွေ့ရသည်။

 

ပထမ တဖွဲ့ တွင် ၎င်းတို့အား အရှက်ကင်းမဲ့စွာ ထောက်ခံနေသည့် ရုရှား၊ တရုတ် နှင့် အိန္ဒိယ တို့ ပါဝင်သည်။ ရုရှား နှင့် တရုတ် သည် ၎င်းတို့၏ အကျိုးစီးပွား ကိုသာ ဦးစားပေးမည် ဆိုသော ကျဉ်းမြောင်းသော အမြင်ဖြင့် လက်နက်များ ထောက်ပံ့ပေးလျှက် ရှိနေသည်။

 

ဒုတိယ တဖွဲ့တွင် ရသမျှ နှင့် စပ်ဟပ် ဖာချုပ်၍ ထွက်ပေါ်လာသည့် ဘုံရပ်တည်ချက် ငါးရပ် ဆိုကာ ကွဲပြားနေ သော အဖွဲ့ကြီးအား အတင်း စုစည်းထားသည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများပင် ဖြစ်သည်။ ထို့အတွက်လည်း ပွဲဦးထွက် မှာပင် ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။

 

တတိယ အဖွဲ့ သည်ကား အနောက်အုပ်စု ဟု ဆိုရမည်။ ၎င်းတို့သည် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ် ထားခဲ့ပြီး ဖြစ်သည်။ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးမည်ဟု ကမ်းလှမ်းခဲ့ပြီး အာဏာ သိမ်းမှုကို စကား အရာနှင့် အပြင်းထန် ဆုံး ဆန့်ကျင် ကန့်ကွက် ပြောဆိုခဲ့ကြသည်။ သို့သော် လက်နက်ကိုင် ခုခံ တော်လှန်နေကြမှုကို ဝေဖန် ခဲ့ကြပြီး ပြတ်သားစွာ ဆောင်ရွက်ရမည့် အရေးကိုတော့ ရှောင်ရှားခဲ့ကြသည်။ အနောက်အုပ်စုသည် မည်သို့မျှ ထိရောက်မှု မရှိဘဲ သတိကြီးစွာ ဖြင့် ချဥ်းကပ်နေသည့် အာဆီယံ ၏ အစီ အမံများကိုသာ မျက်နှာသာ ပေးလာ ခဲ့ကြသည်။

 

ဤသည်က မြန်မာ စစ်တပ်သည် ၎င်းတို့ ပြည်သူများ အပေါ် အတားအဆီး အဟန့်အတား မရှိ စစ်ပွဲများ ဆင်နွှဲ နေစဉ်တွင် ထွက်ပေါ်လာသော နိုင်ငံတကာ အခင်းအကျင်းပင် ဖြစ်သည်။ မြန်မာ ပြည်သူများ သည်လည်း မိမိတို့ အပေါ် အဘယ်ကြောင့် နိုင်ငံတကာ က လက်ရှိ အနေအထားထက် ပို၍ အကူအညီများ မပေးကြရသနည်းဟု စိတ်ပျက်လက်ပျက် ညည်းတွားလာခဲ့ကြသည်။

 

လက်ရှိ တွင် လွန်စွာမှ ထိတ်လန့် ကြောက်ရွံ့ ဖွယ် ကောင်းသည့် အခြေအနေများ နှင့် မြန်မာ ပြည်သူများ ရင်ဆိုင် နေကြရချိန် ဖြစ်သည်။ စစ်တပ်၏ ရက်စက်ကြမ်းကြုပ်စွာ ပြုမူနေမှုများ၊ အာဏာကိုသာ ငမ်းငမ်းတက် ဖြစ်နေ သော်ငြားလည်း စီးပွားရေး ပိုင်းတွင် တလွဲ စီမံခန့်ခွဲနေမှုများ ကြောင့် လူထောင်ပေါင်း များစွာ သေဆုံး၊ အကျဉ်း ချ ခံထားရပြီး နိုင်ငံ အနှံ့အပြားမှာလည်း ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ နိုင်ငံတဝှမ်း အကြီးအကျယ် မတည်မငြိမ် ဖြစ်လာနေမှုများ၊ စီးပွားရေးသည် ချောက်ထဲကျလုနီးပါး ဖြစ်လာနေမှုများ၊ လူများသည် ထိတ်လန့်ဖွယ် ကောင်း လှသော အကျပ်အတည်းကြီးနှင့် ရင်ဆိုင်နေရသည် များကို ထည့်ပြောစရာပင် မလိုတော့ပေ။

 

ထိုအရေးသည် မည်သည့်အချိန်တွင် အဆုံးသတ်သွားမည် ဆိုသည့် လမ်းစလည်း မမြင်ရသေးပေ။

 

တိုင်းပြည်၏ အနာဂတ်သည် နိုင်ငံတွင်း ရှေ့လျှောက် ဘာတွေ ဆက်ဖြစ်လာမည် ဆိုသည်များက အဆုံးအဖြတ် ပေးလာတော့မည် ဖြစ်သည်။ နိုင်ငံတကာ၏ တုန့်ပြန်မှုသည် အခရာ ကျလာပြီး ၎င်းတို့အား တရားဝင် အစိုးရ အဖြစ် အသိအမှတ် ပြုလာရန် မျှော်လင့်ချက်ဖြင့် လိမ်ညာလှည့်ဖျားကာ လာမည့်နှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ ကာလသည်လည်း အရေးပါလာနိုင်သော အနေအထားတွင် ရှိလာနေသည်။

 

ထိုအခြေအနေ မရောက်မီ စစ်တပ်သည် မြန်မာပြည်သူများအား ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသည်အထိ ဖြစ်လာ အောင် မဲမဲမြင်ရာ အကြမ်းဖက် မှုများ နှင့် အတူ ဆက်လက် ကြံဆောင်လာဖို့သာ ရှိသည်။ နိုင်ငံရေးအရ အတိုက် အခံ လုပ်မည့်လူများ အပေါ်လည်း သတ်ဖြတ်သည် အထိ မလုပ်ခဲ့သည့်တိုင် ဖိနှိပ် အကြမ်းဖက် လာနိုင်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရနှင့် အမျိုးမျိုး အဖုံဖုံ ထွက်ပေါ်လာသော တော်လှန်ရေး အင်အားစုများဖက် ကလည်း ၎င်းတို့ ကို နိုင်ငံတကာ က အကူအညီများ ယခုထက် ပို၍ ပေးလာနိုင်မည်ဟု မျှော်လင့်ချက်များ နှင့် အတူ စစ်တပ်အား မဖြစ်မနေ ထွက်ပေါက် ရှာလာသည်အထိ အင်အား ချည့်နဲ့သွားအောင် ဆက်လက် တိုက်ပွဲ ဝင်သွား ကြမည်သာ ဖြစ်သည်။

 

လက်ရှိ အနေအထားကို ညီမျှခြင်း ချကြည့်မည် ဆိုလျှင် နိုင်ငံတကာ အသိုက်အဝန်းက ကြိုးပမ်းပေးနေမှုများ၏ အသားတင် ရလဒ်သည် ဘဲစားဘဲချေ ရှိသေးသည်ဟု ဆိုရမည်။ တရုတ်၊ အိန္ဒိယ နှင့် ရုရှား တို့ဖက်မှ စစ်အာဏာ သိမ်း အဖွဲ့ အား လက်နက်များ အပါအဝင် ထောက်ခံမှု ပေးနေခြင်းများကို အနောက်နိုင်ငံများ၏ စကားအရာ နှင့် တော်လှန်ရေး အင်အားစုများ ဖက်က ရပ်တည်ပေးနေခြင်းများ၊ ကိုယ်ကျင့်တရား ခံယူချက်များကြောင့် စစ်တပ် အား ဒေါသတကြီး တုန့်ပြန်လာမှုများ၊ မြန်မာပြည်သူများ အပေါ် ကျန်သည့် ကမ္ဘာနိုင်ငံများက လူသိရှင်ကြား ထောက်ခံပေးနေမှုများ နှင့် ညီမျှနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

 

ထိုသို့ ညီမျှ နေသည့် လမ်းကြောင်း အတိုင်းသာ ဆက်သွားနေမည် ဆိုလျှင် စစ်အာဏာသိမ်း အဖွဲ့သည် နောက် နှစ်လုပ်မည့် ရွေးကောက်ပွဲ မှတဆင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိသွားနိုင်ချေ များသည်ဟု မဆိုလို သော်လည်း ဖြစ်လာနိုင်သည့် အလားအလာ များ ရှိနေသည်။ ထိုအခါတွင်တော့ ရက်စက်ကြမ်းကြုပ်မှုများ ဆက်လက် ကျူးလွန်ကြပေတော့မည်။

 

မည်သို့ပင် ဖြစ်စေ မြန်မာပြည်သူများ အဖို့က ဆက်၍ ဒုက္ခသုက္ခများ ခံစားကြရဖို့သာ ရှိနေသည်။ ယင်း နှင့်အတူ ယူကရိန်းအား ကျူးကျော်ရန် ပူတင် စေလွှတ်လိုက်သော တပ်များကဲ့သို့ပင် သရဲမရဲ စီးပြီး လူမဆန်စွာ ပြုကျင့် မှုများ တွင် တူညီနေသော စစ်ကောင်စီ တပ်များ နှင့် ရင်ဆိုင်နေရသည်ချင်း အတူတူ အနောက်နိုင်ငံများသည် ယူကရိန်း အား ကူညီရန် လိုလိုလားလား ရှိနေသလောက် မိမိတို့ အပေါ် အဘယ်အတွက်ကြောင့် အကူအညီများ မပေးနိုင် ဖြစ်နေကြရသနည်း ဆိုသည့် မေးခွန်းကို မေးလာကြမည်သာ ဖြစ်သည်။

 

နိုင်ငံ အနှံ့ ပုန်ကန်နေမှုအား ကူညီရန် လိုအပ်ပြီ

*************************

 

အမေရိကန်သည် စစ်ကောင်စီ၏ လုပ်ရပ်များ အပေါ် ရွံရှာ စက်ဆုပ်နေကြသော အာဆီယံ အဖွဲ့ဝင် နိုင်ငံ အချို့ နှင့် လက်တွဲပြီး တော်လှန်ရေးကြီး အောင်မြင်ရေး ဆိုသည့် ရည်မှန်းချက် အထမြောက်ရန် ကူညီပေးမှုများ ပို၍ ပြုလုပ်ဖို့ အချိန်ကျရောက်နေပြီ ဖြစ်သည်။

 

ထိုသို့ကူညီရန် အတွက် နိုင်ငံ အတွင်း ဖြစ်ပျက်နေမှုများကို ရှင်းလင်း ပြတ်သားစွာ နားလည်ထားဖို့လည်း လိုအပ် သည်။ လက်ရှိ ဖြစ်စဉ်သည် ပြိုင်ဖက် နိုင်ငံရေး အုပ်စုကြီး နှစ်စု ယှဉ်ပြိုင်နေကြခြင်း မဟုတ်၊ ခမာနီ တို့ ၏ နောက်ပိုင်း အရှေ့တောင်အာရှ တွင် မကြုံခဲ့ဘူးသည့် ရက်စက်ကြမ်းကြုပ်မှုများ ဖြင့် တိုင်းရင်းသား လူနည်း စုများ ကိုသာမက မြန်မာ ပြည်သူများ အပေါ် သတ်ဖြတ်နေကြသော တပြည်လုံး၏ အမုန်းတီးခံ အကျင့်ပျက် သွေးဆာနေကြသည့် စစ်တပ်အား တနိုင်ငံလုံးက ပုန်ကန်တွန်းလှန်နေကြသည် ဆိုသည်ကို သိထားမှ ဖြစ်ပေ မည်။

 

ထိုအချက်ကို နားမလည် ခဲ့၍သာ အာဆီယံ ၏ အချက် ငါးချက်သည် ကျဆုံးသွားခြင်း ဖြစ်သည်။ အာဆီယံ အထူးသံတမန်သည် မင်းအောင်လှိုင်အား အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်လာအောင် နားချ၍ ရမည့် အနေအထားလည်း မရှိတော့၊ မြန်မာပြည်သူများ လက်ခံနိုင်မည့် နိုင်ငံရေး ဖြေရှင်းချက်မျိုး ထွက်ပေါ်လာဖို့ ဆိုသည်ကလည်း တွေးဖို့ပင် မဖြစ်နိုင်တော့၊ စစ်တပ်ဖက်က အကျပ်အတည်းများ ရင်ဆိုင်လာရပြီး မဖြစ်နိုင် ဟုထင်ထားသည့် လိုက်လျောမှုများ ပေးလာမှသာ ဖြစ်ဖို့ ရှိနေသည်။

 

ဇူလိုင် ၂၅ ရက်နေ့ တွင် ၎င်းတို့အား ဆန့်ကျင်နေသူ လေးဦးအား ကြိုးပေးကွပ်မျက်လိုက်ခြင်း ကြောင့် အာဆီယံ ၏ အချက် ငါးချက် အား ဖုတ်ကြည်းမီးသင်္ဂြိုလ် ပြစ်ရတော့မည်ဟု စစ်တပ်မှ ရှင်းလင်းစွာ အသိပေးအကြောင်း ကြားလိုက်ခြင်း ပင် ဖြစ်သည်။

 

လက်ရှိ အကျပ်အတည်းမှ မြန်မာပြည်သူများ ၏ တခုတည်းသော ထွက်ရပ်လမ်းသည် အာဏာရယူထားသော စစ်တပ်အား အတင်းအကျပ်ဖယ်ရှားပြစ်မှသာ ဖြစ်ပေတော့မည်။ သို့မဟုတ်ကလည်း မျက်နှာမပျက်စေသော နည်းလမ်းမျိုး နှင့် ၎င်းတို့ဖာသာ ထွက်ပေါက်ရှာလာသည့်အထိ ရောက်လာအောင် ဖန်တီးနိုင်မှ ဖြစ်ပေမည်။

 

၂၀၂၃ တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အတုအယောင် ရွေးကောက်ပွဲ သည် “စည်းကမ်းတကျ ဒီမိုကရေစီ” ဆိုသည့် ခေါင်းစဉ်အောက်တွင် တပါတီ စနစ်နှင့် အုပ်ချုပ်သွားရန် ဖြစ်သည်။

 

ပို၍ ပြတ်သားသော ပေါ်လစီများ နှင့် တော်လှန်ရေးအား ကူညီရန်

**************************

 

(၁) မလေးရှားမှ အကြံပြုထားသလို အာဆီယံ၏ အချက် ငါးချက် အား ဖျက်သိမ်းရန်

(၂) NUG အပါအဝင် စစ်ကောင်စီ အား ဆန့်ကျင် တွန်းလှန်နေသည့် အဖွဲ့အစည်းများ၊ စီဒီအမ် ခေါင်းဆောင်များ နှင့် လူသိရှင်ကြားရော၊ အလွတ်သဘောပါ ဆက်ဆံသွားရန်၊

(၃) တော်လှန်ရေး အား ထောက်ခံနေကြသော အရပ်ဖက် အဖွဲ့အစည်းများ အား အကူအညီကို နှစ်ဆတိုး၍ ပေးအပ်သွားရန်

(၄) NUG နှင့် ၎င်းတို့၏ မဟာမိတ် အဖွဲ့များ အား ရံပုံငွေ ပေးနိုင်မည့် နည်းလမ်းများကို ဖန်တီး တည်ဆောက် သွားရန်၊ ထိုအထဲတွင် စစ်တပ်ဖက်မှ ခိုလှုံလာသူများအား ငွေကြေးထောက်ပံ့နိုင်ရန် အတွက်လည်း ရည်ရွယ် ထားရမည် ဖြစ်သည်။

(၅) အမေရိကန်တွင် ရောက်ရှိနေသော တော်လှန်ရေး အတွက် လှုပ်ရှားနေသူများ အပေါ် အခွင့်အလမ်းများ၊ ပညာသင်ကြားမှု များ ဖန်တီးပေးရမည်၊ ထို့အပြင် နိုင်ငံတွင်းတွင် ရှိနေသော ကျောင်းသားများ၊ ထိုင်း၊ အိန္ဒိယ နှင့် အခြား နေရာများတွင် ရောက်ရှိနေကြသူများ အတွက် အွန်လိုင်းမှ ၎င်း၊ NUG နှင့် EAO တို့ ဖွင့်လှစ်ထားသော ကျောင်းများမှတဆင့် ပညာသင်ကြားနိုင်ရန် ရံပုံငွေများ ပံ့ပိုးပေးရမည်။

(၆) စစ်အာဏာသိမ်းမှု အား ဆန့်ကျင်သော နိုင်ငံများ နှင့် ညှိနှိုင်းပြီး ၎င်းတို့ အတွက် ငွေရရာ ရကြောင်း လမ်း များကို ပိတ်ဆို့ ပြစ်ရမည်။

(၇) စစ်ကောင်စီမှတဆင့် သွားမည့် ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများကို ရပ်တန့်၍ ကုလအတွင်းရေးမှူးချုပ် ကိုယ်တိုင် ဦးဆောင်ပြီး ထိုင်း နှင့် အိန္ဒိယ တို့မှတဆင့် ပံ့ပိုးနိုင်မည့် စင်္ကြန်လမ်းများ တည်ဆောက်ပေးရမည်။

(၈) ဂမ်ဘီယာ မှ တရားစွဲဆိုမှု များအပြင် စစ်အာဏာသိမ်း ခေါင်းဆောင်များအား နိုင်ငံတကာ ဥပဒေများနှင့် အရေးယူနိုင်ရန် ယခုထက်ပို၍ နှစ်ဆတိုး ကြိုးပမ်းသွားရမည်။

(၉) ယခင် ဗြိတိန် သံအမတ်ဟောင်း ဒဲရက် တွန်ကင် အကြံပြုသလို လက်ရှိ NUG ကိုယ်စားလှယ်ရုံးများ လက်ခံ ဖွင့်လှစ်ပေးထားသည့် နိုင်ငံ အချင်းချင်း ပူးပေါင်း တိုင်ပင် လုပ်ဆောင်သွားရမည်။

 

ထိုကဲ့သို့ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ အကောင်အထည် ဖေါ်ရာတွင် လုံလောက်မှု မရှိသေးလျှင်တောင်မှ နိုင်ငံတကာ အနေဖြင့် စစ်တပ်ကို အာဏာ ရယူနေခြင်းမှ တွန်းထုတ်ပြစ်ရန် အရေးတကြီး ကူညီနေခြင်း ဖြစ်သည်ဟု ခံယူထားရမည် ဖြစ်သည်။ မြန်မာသည် ၎င်းတို့ လက်အောက် ကျရောက်ခဲ့သည့် ၁၈ လ အတွင်း ပျက်စီး ယိုယွင်းသွားမှုများ အား ပြန်လည် တည်ဆောက်ရန် ဧရာမ လုပ်ငန်းစဉ်ကြီးများ၊ ကျူးလွန်ခဲ့မှုများ အတွက် တာဝန်ခံမှု ဖြစ်ပေါ်လာရန် နှင့် ရိုဟင်ဂျာများ အပါအဝင် တိုင်းရင်းသား လူမျိုးစုများ နှင့် ယုံကြည်မှု တည်ဆောက်ရေး အစရှိသည် ပြဿနာများ နှင့် ရင်ဆိုင်ကြရဦးမည် ဖြစ်သည်။

 

တော်လှန်ရေးအား ပံ့ပိုးပေးခြင်း နှင့် ပြန်လည် တည်ဆောက်‌ရေး လုပ်ငန်းစဉ်များ အလုပ်ဖြစ်လိမ့်မည်ဟု သေချာပေါက် အာမ မခံ နိုင်သော်လည်း အောင်မြင်ရေး လမ်းစများ ထွက်ပေါ်လာရန် အတွက် တော့ အလုပ် ဖြစ်ပေသည်။

 

မြန်မာ စစ်တပ်သည် အာဏာတွင် ဆက်ရှိနေသမျှ ကာလပတ်လုံး မြန်မာ အတွက် မျှော်လင့်ချက် မရှိဟူ၍သာ အလွယ်တကူ မှတ်ယူထား၍ ရပေသည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!