Mad Dog of the South East Asia ဟု အခေါ်ခံရတော့မည်လော

by Hla Soewai - Aug 30 2022

ယခုအခါ နိုင်ငံရေး အရ ပင် မဟုတ်တော့ဘဲ စီးပွားရေး အရ အထွေထွေ အကျပ်အတည်းကြီး ဆိုက်ရောက်လာနေပြီ ဖြစ်သည်ကို ဆေးမြီးတို များ ဖြင့် ကုစားရင်းက မင်းအောင်လှိုင် နှင့် အဖွဲ့သည် အစိုးရ ပုံစံမျိုး ဖြင့် ရပ်တည်သွား၍ မရတော့ဘဲ လက်နက်အားကိုးဖြင့် တိုင်းပြည်ကို ဗိုလ်ကျ အုပ်ချုပ် သွားနိုင်ရန် ကြံစည်နေရသည့် အဆင့်ရောက်လာနေပြီ ဖြစ်သည်။ တဖက်တွင်လည်း ၎င်းတို့၏ စီမံ ခန့်ခွဲမှု အလွဲလွဲ အချော်ချော်များကို ဆန့်ကျင်ခွင့် မပြုတော့၊ အတင်းကာရော ဖိနှိပ်သွားနိုင်လျှင် ရပြီဟု တွက်ဆထားသည်။

 

ထိုသို့ စိုးရိမ် ကြောက်လန့်လာမှုများ နှင့် အတူ ၎င်းတို့အား အနည်းငယ်မျှ အန္တရာယ် ပေးလာနိုင်မည့် အရေးကိုပင် မခံနိုင်ကြတော့ဘဲ နှိမ်နှင်းနေကြခြင်းလည်း ဖြစ်သည်။

 

ပြည်ပမှ ဝင်ရောက်စွက်ဖက်မှု မရှိသရွေ့ ၎င်းတို့ ကြိုက်သလို လုပ်ပြီး ဒီအတိုင်းပင် နေသွား၍ ရသည် ဟု ယုံကြည်နေသည်။ ထိုသို့ ဖြစ်မလာအောင်လည်း ဆိုင်ရာပိုင်ရာ ကို ပသ ထားနေရသည်။ အမြဲလို အခစား ဝင်နေရသည်။

 

သို့သော် မင်းအောင်လှိုင်သည် ၎င်း၏ စွမ်းဆောင်ရည်ကို နိုင်ငံတကာ က အသိအမှတ်ပြုလာအောင် မြန်မာနိုင်ငံ တည်ငြိမ်နေပြီ ဖြစ်ကြောင်း ပြောမှ ဖြစ်ပေမည်။

 

အာဏာသိမ်းပြီး နောက် တနိုင်ငံလုံး ကန့်ကွက်ဆန္ဒပြနေသူ များ အား အိမ်ထဲ ပြန်သွင်း နိုင်လိုက်ချိန် မှာပင် CNN မှ အကြီးတန်း ဝါရင့် သတင်းထောက်အား ချက်ချင်းလို ဖိတ်ခေါ်ကာ နိုင်ငံတည်ငြိမ်နေပြီ ဖြစ်ကြောင်း ဝါဒဖြန့် လိမ်ညာနိုင်ရန် ကြိုးပမ်းခဲ့သော်ငြားလည်း အရှက်တကွဲ ဖြစ်သွားခဲ့ခြင်းသာ အဖတ်တင်သွားခဲ့ရသည်။ ထို့နောက်တွင်တော့ ထိုကဲ့သို့ ထပ်မံကြိုးစားခြင်း မရှိတော့ပဲ သင်ခန်းစာ ရသွားခဲ့ဟန် ရှိသည်။

 

မကြာသေးမီက ကုလ အထူး သံတမန်ကိုပင် သူ၏နိုင်ငံ တည်ငြိမ် အေးချမ်းနေပြီ ဖြစ်ပါလျှက် အဘယ်ကြောင့် များ ကုလသမဂ္ဂမှ စိုးရိမ်ပူပန်နေရသနည်းဟု မေးခွန်းထုတ်ဝံ့သူလည်း ဖြစ်သည်။

 

မကြာသေးမီက ရခိုင်ပြည်နယ် အတွင်း မွေးဖွားလာသော ဆင်ဖြူတော် ဆိုသည်ကို ၎င်း၏ ကံဇာတာ တက်နိုင်ရေး အတွက် တောင်ကုတ်မှ နေပြည်တော်သို့ သယ်ယူရန် ကြံဆောင်‌နေလေသည်။ ထိုသို့သယ်ယူမည့်အရေးကို ဟန့်တားရန် ရခိုင်တပ်တော်မှ အထပ်ထပ် ပိတ်ဆို့ထားပြီး ဖြစ်သည်ဟု သိရသည်။ အကယ်၍ ဖေါက်ထွက်နိုင်ခဲ့လျှင်ပင် ဆင်တကောင် အတွက် အသက်ပေါင်း များစွာ ပေးဆပ်ကြရပေဦးမည်။ ၎င်းတို့ အကျိုးရှိရာ ရှိကြောင်းများ အတွက် ပြည်သူများ၏ ဆန္ဒကို အတင်း အဓမ္မ ဆန့်ကျင်ကာ ပြုလုပ်နေသူများ အတွက် မိဘသားမယားကို စွန့်လွှတ်ကာ အသေခံမည့်သူများ ပေါမှ ပေါ ဖြစ်နေသည်ကို ကြည့်ကာ ပုံမှန်စိတ်မှ ရှိကြပါရဲ့လားဟုပင် သံသယ ဖြစ်စရာ ကောင်းနေ ရသည်။

 

ယခုလည်း မြောက်ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်း နှင့် အရှေတောင်ပိုင်းတို့တွင် နေ့စဉ်လို ‌တိုက်‌ လေယာဉ်များ စစ်ရဟတ်ယာဉ်များ ဖြင့် ဒေါ်လာ သိန်း သန်းချီ၍ သုံးကာ တိုင်းရင်းသား များအား PDF များကို ထောက်ခံသည်ဟု ဆိုကာ ပစ်ခတ် သတ်ဖြတ် ခြင်း၊ ရွာများကို မီးတင်ရှို့ခြင်းများ ကျူးလွန်နေ ဆဲပင် ဖြစ်သည်။

 

၎င်းတို့လက်ချက်ဖြင့် တဖက်နိုင်ငံတွင် လူ တသန်း ခန့် ဒုက္ခဆင်းရဲကြီးစွာ ဖြင့် နေထိုင်နေကြရသည်မှာ ငါးနှစ်ထဲ သို့ ဝင်ရောက်လာနေပြီ ဖြစ်သည်။

 

တခါက အမေရိကန် သမ္မတ ရော်နယ် ရီဂင်က လစ်ဗျား အာဏာရှင် ကဒါဖီ အား Mad Dog of the Middle East ဟု ခေါ်ဝေါ်ခဲ့ဖူးသည်။ မင်းအောင်လှိုင်အားလည်း ဘယ်အချိန် ထိုသို့ အခေါ်ခံရမည် မသိ၊ ခေါ်ခံရပြီ ဆိုလျှင် ထိုနာမည်သည် သမိုင်းတွင် ကျန်ရစ်ခဲ့ပေတော့မည်။

 

ပြည်သူတရပ်လုံးက လမ်းပေါ် ထွက်ခွင့်မရလည်း စမတ်ဖုန်းများ ဖြင့် ဆိုရှယ်မီဒီယာများ ပေါ်မှ အုံနှင့် ကျင်း နှင့် ကန့်ကွက်လာနေမှုများ၊ click to donate ဆိုကာ တော်လှန်ရေးကြီး အတွက် လှူဒါန်းနေမှု များကို မည်သို့မျှ ဟန့်တား နိုင်စွမ်း မရှိ ဖြစ်လာနေသည်။ အကြံကုန် ဂဋုန် ဆားချက် ဆိုသလို ရန်ကုန်တိုင်း အတွင်း ရှိ မြို့နယ် အချို့တွင် ဓါတ်တိုင်များ၌ ချည်နှောင်ထားသော အင်တာနက် ဖိုက်ဘာ နှင့် ဝိုင်ဖိုင် ဘောက် များကို စည်ပင် နှင့် လျှပ်စစ် ဝန်ထမ်းများ ပေါင်းပြီး အတင်းကာရော လိုက်လံ ဖြုတ်ချနေသည်ဟု ခေတ်သစ် မီဒီယာ သတင်းတွင် ဖေါ်ပြလာသည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် ပြည်သူများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေကြသော အမှုများ အတွက် တချိန်မဟုတ် တချိန် ပေးဆပ်ရတော့ မည် ဆိုသည်ကား ကျိန်းသေလှပေသည်။ ထို့အတွက်လည်း ၎င်းတို့ အားလုံးသည် living on borrowed time အချိန်ကို ရသလောက် ချေးငှားကာ ရပ်တည် နေကြရသူ များ သာ ဖြစ်သည်။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!

 

Cartoon Credit - Creation on Twitter