မြင်းစီးနေကြသော လှေထိုးသားများ၏ ရုရှား အိမ်မက်

by Hla Soewai - Aug 31 2022

လူသား တို့သည် လွန်ခဲ့သည် နှစ်ထောင်ပေါင်းများစွာ ကတည်းက ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့သော သွေး နှင့် ကိုယ် သား နှင့် ကိုယ် နှင့် တည်ဆောက်ထားသည့် ခန္ဓာကိုယ် သည် ယခုတိုင် ပြောင်းလဲခြင်း မရှိသေး၊ သို့သော် ထိုခန္ဓာကိုယ် ပေါ်တွင် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ဆိုသည့် လွန်စွာ ပါးလွှာသော အရေကို ခြုံကာ အဆင့်ဆင့် ပြောင်းလဲ ရပ်တည်လာခြင်း ဖြစ်သည်။

 

လူတို့၏ ခန္ဓာကိုယ်ထဲတွင် နဂိုရှိနေပြီးသော အရိုင်းအစိုင်း စိတ်ခံသည် ကမ္ဘာမြေလွှာအောက်တွင် ကိန်းအောင်း သိုလှောင်ထားရသည့် မြေငလျင်ကျောကြီးလိုပင် ရှိနေဆဲ ဖြစ်သည်။ လူသားတဦးအား အစာငတ်ခံ ထားမည်၊ ထမင်း ခြောက်နပ် လောက် စားခွင့် မပြုဘဲ ထားမည်၊ ၎င်းတို့ ခြုံထားသော ယဉ်ကျေးမှု ဝတ်ရုံလွှာကြီးကို ထိုးဖောက်ကာ ဥပမာ လူလိမ်တယောက်ဟု ပြော ဆိုခံရမည်ဆိုလျှင် ထိုသို့သော အရိုင်းအစိုင်း စိတ်သည် ချက်ချင်း လက်ငင်းဆိုသလို ထွက်ပေါ်မလာသည့်တိုင် ရှင်းလင်းပြတ်သားစွာ မြင်သာထင်သာ ဖြစ်လာမည်ဟု အမေရိကန် စာရေးဆရာကြီး ဂျက်လန်ဒန်က သူ၏ The Somnambulist အိပ်ပျော်လျှက် က လမ်းလျှောက် နေသူများ အက်ဆေး တွင် အကြောင်းအကျိုး ပြ ရေးသားခဲ့ဖူးသည်။

 

လက်ရှိတွင် မြန်မာ စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ ရပ်တည်နိုင်ရေး အတွက် ဘာကိုမျှ ဂရုမစိုက်နိုင်တော့၊ နိုင်ငံတကာက မည်သို့ မည်ပုံ တုန့်ပြန်လာမည့် အရေးကိုလည်း ထည့်ပြီး စဉ်းစားနိုင်ခြင်း မရှိတော့အောင် တိုက်ပွဲဝင်နေကြရသည့် အနေအထားကို ရောက်နေသည်ဟု လန်ဒန်ရှိ ဘားမား ကမ်ပိန်း ဒါရိုက်တာ မိုက် ဖားမား က မှတ်ချက်ချခဲ့သည်။

 

မကြာမီက ဗြိတိသျှ သံအမတ်ဟောင်း မစ္စက် ဗစ်ကီ ဗိုမင်းအား ဖမ်းဆီးခဲ့မှု၊ ရှောင်တန်နယ် အား ဖမ်းဆီးထားမှု၊ ဂျပန် သတင်းထောက် ကူဘိုတာ တို့အား ဖမ်းဆီးထားမှု များ နှင့် စပ်လျှင်းပြီး ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

 

ဗိုမင်းသည် သူမ လုပ်ကိုင်နေသော The Center for Responsible Business (CRB) မှ ထုတ်ပြန်သည့် အစီရင် ခံစာများ တွင် နိုင်ငံတွင်း ဖြစ်ပေါ်နေသော လူ့အခွင့်အရေး အခြေအနေများကို တလုံးတပါဒမျှ ထုတ်ပြန်ခြင်း မရှိခဲ့၊ စစ်အာဏာသိမ်း အဖွဲ့ကို မည်သို့မျှ အန္တရာယ်ပေးခဲ့သူ မဟုတ်သော်လည်း ဖမ်းဆီးခံခဲ့ရသည်။

 

ရှောင်တန်းနယ် ဖမ်းဆီးခံထားရသည့် အကြောင်းရင်းကို မင်းအောင်လှိုင် သည် သူနှင့် မကြာခင်က တွေ့ဆုံ ခဲ့သည့် နိုလင်း ဟေဇာအား “အကယ်၍ ဩစတေးလျှ အစိုးရကသာ အပြုသဘော ဆောင်သည့် ခြေလှမ်းများ ပြသခဲ့မည် ဆိုလျှင် မိမိတို့ဖက်က ထိုသို့ ပြင်းပြင်းထန်ထန် အရေးယူစရာ အကြောင်းမရှိ” ဟု စကားကျွံ သွားခဲ့ပြန်သည်။

 

မိမိအယူအဆအရ ဆိုလျှင် နိုင်ငံခြား ဆက်ဆံရေး တွင် လွန်စွာ အတွေ့အကြုံရှိသော ဝဏ္ဏမောင်လွင်လို လူမျိုး က ထိုသို့ ပြုမူနေခြင်းကို သဘောကျမည် မဟုတ်သည်ကား ကြိန်းသေသည်။ သို့သော် မင်းအောင်လှိုင်၏ ပုဇွန်ဆိတ် ဦးနှောက်ကို မူ မည်သို့မျှ မလွန်ဆန်ရဲ၍သာ ငြိမ်ကုပ်နေရခြင်း ဖြစ်ပေမည်။ ထိုသို့ လုပ်ထားမှသာ ရှေ့လျှောက် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုမျိုး မလုပ်ရဲလောက်ဟူသော အတွေးမျိုးသာ မင်းအောင်လှိုင်တွင် ရှိနေပေသည်။

 

ယခုလည်း မည်သည့် အကြောင်းပြချက်မျှ မရှိဘဲ ဂျပန် သတင်းထောက် မစ္စတာ ကူဘိုတာ အား ရုံးတင် စစ်ဆေးရန် ကို ရွှေ့ဆိုင်းလိုက်ပြန်သည်။

 

ယခုအခါ နိုင်ငံ အနှံ့ တိုက်ပွဲများ ပြင်းထန်လာနေချိန်တွင် နိုင်ငံ အနှံ မီးရှို့ ဖျက်ဆီးပြစ်နေခြင်း၊ လက်လွတ်စပယ် ဖမ်းဆီး သတ်ဖြတ်နေခြင်း များကို တိုး၍ ပြုလုပ်လာဖို့ ရှိနေ သည့် အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် နိုင်ငံတကာ အစိုးရများက ပြောဆို ကန့်ကွက်လာကြသည်အထိ ဖြစ်အောင် တွန်းတွန်း တိုက်တိုက် လုပ်ဆောင်ကြရမည် ဖြစ်သည်။ လက်ရှိ လူ့အခွင့်အရေး အဖွဲ့များအား အစိုးရ အတော်များများက ပြဿနာကို ပုံကြီးချဲ့နေသည့် Pressure Groups များ ဟု ယူဆထားကြသည်ကများ၍ ၎င်းတို့ ထုတ်ပြန်နေသော အစီရင်ခံစာများအား ကိုးကားပြီး အရေးတယူ ပြောဆိုခြင်းမျိုး လျော့နည်းလာနေသည်။

 

ထို့အတွက် ကမ္ဘာ့ကုန်းမြေကြီး တနေရာရှိ လူ့အစည်းအရုံးဝင်များသည် မိမိတို့ကဲ့သို့ပင် ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေသူများ၊ မိမိတို့ကဲ့သို့ပင် အသက်ရှူသွင်းနေသူများ၊ မိမိတို့ကဲ့သို့ပင် မိသားစု စားဝတ်နေ‌ရေး အတွင် ရုန်းကန်နေကြရသူ များ ဖြစ်ပါလျှက် လက်နက်အားကိုးဖြင့် မည်မျှ အတိုင်းအတာ အထိ အနိုင်ကျင့် နှိပ်စက်ခံနေရသည့် အဖြစ်ကို “အကြမ်းဖက်မှုများ ကျူးလွန်နေသည်” ဆိုသည့် ယေဘုယျ ပြောဆိုနေသည်ထက် မည်သူမျှ တိတိပပ သိခွင့်မရ ဖြစ်နေဆဲပင်။

 

အာဏာသိမ်း အဖွဲ့သည် ပြည်သူများ၏ လက်နက်ကိုင် ပုန်ကန် ဆန့်ကျင်နေမှုများကို အမြန် နှိမ်နှင်းမှ ဖြစ်မည်ဟု ယူဆထားကြပြီး ဖြစ်သည်။ အချိန်ကြာလာသည်နှင့် အမျှ ယခင်ကထက် ပို၍ အင်အားကောင်းလာမည့်၊ စစ်စွမ်းရည် ပြည့်ဝလာမည့်၊ ပို၍လည်း လူထုထောက်ခံမှု ရလာမည့် ပြည့်သူ ကာကွယ်‌ရေး တပ်ဖွဲ့များနှင့် ရင်ဆိုင်ရတော့မည်ကို တွက်ဆထားကြပြီး ဖြစ်သည်။

 

နောက်တကြောင်းက “မြင်းပေါ်တက်စီးနေသည့် လှေထိုးသားများ” မည်သို့မျှ မတတ်နိုင်ဘဲ ဖြစ်လာနေသည်က တဖြေး‌ဖြေး နှင့် ယိမ်းယိုင်လာနေသော မြန်မာ့ စီးပွားရေး ပင် ဖြစ်သည်။

 

လက်ရှိ မြန်မာငွေကြေး အဆမတန် ကျဆင်းလာနေမှုကို သက်သာလို သက်သာငြား ငွေတန်ဖိုး ထပ်ချပြီး တောင့်ခံထား၍ ရမလားဟု ကြံစည်လာနေခြင်း နှင့် ရုရှား မှ လောင်စာဆီများကို ဆီပေး၊ ဆန်ပေး၊ မြေပေးကာ အလဲအလှယ် လုပ်ရန် ကြံစည်လာသည်။

 

နိုင်ငံခြားငွေများ ဓါတ်ငွေ့ ရောင်းချမှုမှ ဒေါ်လာ သန်း ရာပေါင်း များစွာ ဝင်နေသော်လည်း အတော်များများကို ပြည်ပကြွေးမြီ ပြန်ဆပ်နေရသည်။ မဆပ်နိုင်ပါက သီရိလင်္ကာလို ဒေဝါလီ ခံမည်ဟု ကြေညာရဖို့သာ ရှိသည်။ ဒေဝါလီ ခံ၍လည်း တင်နေသော ကြွေးမြီများက အငွေ့ပျံ ပျောက်ကွယ်သွားမည် မဟုတ်၊ ထို့အတွက် ဝင်ငွေ နှင့် ထွက်‌ငွေ မမျှ ဖြစ်လာနေသည်။

 

မြန်မာသည် ရေနံစိမ်းများကို ချက်လုပ်နိုင်သည့် ရေနံချက် စက်ရုံများကလည်း မရှိ မဟုတ် ရှိပေသည်၊ သို့သော် ရှိသည့် စက်ရုံများကလည်း မော်တော်ဆိုင်ကယ် ဆီလောက်သာ ထုတ်လုပ်နိုင်စွမ်း ရှိနေသည်။ အနီးအနားရှိ စင်္ကာပူနှင့် ဂျပန် မှ အသင့်ချက် လုပ်ပြီးသား လောင်စာဆီများကို သွင်းနိုင်ပါလျှက်နှင့် လွန်စွာ ဝေးလံလှသော ရုရှားမှ ဈေးကြီးပေး တင်သွင်းဖို့ ဆင်ဖမ်း ကျားဖမ်း မည့် ကော်မတီပင် ဖွဲ့လာပြီ ဆိုကတည်းက လက်ငင်း ငွေမချေနိုင်တော့သည့် အဖြစ်က ထင်ရှားနေသည်။

 

ရုရှားတွင် ရေနံချက် စက်ရုံပေါင်း ၄၄ ခု ရှိနေသော်လည်း ၁၅ ရာနှုန်းခန့်သည် ရုရှား-ယူကရိန်း စစ်ပွဲနှင့်အတူ သယ်ယူပို့ဆောင်ရေး ပြဿနာများကြောင့် လည်ပတ်နိုင်စွမ်း မရှိဖြစ်နေ၍ ဖေါက်သည် ဖြစ်သော ဥရောပ နိုင်ငံများပင် ဒီဇယ် ပြတ်လတ်မှု ကြုံလာရနိုင်သည့် အနေအထား တွင် ရှိနေသည်ဟု ကမ္ဘာတဝှမ်း ဖြန့်ချီနေသည့် Oil & Gas Journal တွင် ရေးသားထားသည်။

 

ရေနံဈေး တဒေါ်လာ ကျသွားတိုင်း ဝင်ငွေ ဒေါ်လာ ၂ ဘီလီယံ အထိ ဆုံးရှုံးနိုင်သည့် ရုရှား သည် အရေးပေါ် အနေအထား မျိုးသာ တခါတရံ ကူညီပေးနိုင်မည့် အဆင့်တွင် ရှိပြီး ရမည့် ငွေ နှင့် မကာမိအောင် ဝေးလံသော ခရီးကို အချိန်ကုန်ခံ အမြဲလို ပို့ပေးနိုင်မည် မဟုတ်ပေ။ ဥပမာ တလကြာမှ ဒေါ်လာ တသန်း ရမည့် အရေးထက် ဆယ်ရက်နှင့် တသန်းရမည့် နေရာကိုသာ ဦးစားပေးမည်မှာ ကျိန်းသေနေပေသည်။

 

ထို့အတွက် ရုရှား ဆီ ဆိုသည်မှာ “လာနေပြီ လာနေပြီ” ဟု ပြော၍ ရသည့် ဆေးမြီးတို အဆင့်သာ ရှိပြီး ကြာရှည် ခံမည့် ကုထုံး sustainable တော့ မည်သို့မျှ ဖြစ်မလာနိုင်ပေ။ တရိပ်ရိပ် တက်လာနေသော ရွှေဈေး၊ ဒေါ်လာဈေးကိုလည်း ဒီရွေ့ဒီမျှ နှင့် ရောင်းဟု သတ်မှတ်ပေးယုံဖြင့် ထိန်းနိုင်မည်ဟု ထင်နေကြပြန်သည်။

 

လက်ရှိ အနေအထားများအရ တိုင်းပြည်သည် နောက် သုံးလ အတွင်း ဘယ်သောင်ဘယ်ကမ်း ဆိုက်မည် ဆိုသည်ကို မိမိကိုယ်မိမိ လှည့်ဖျားနေသူများမှ အပ မည်သူမျှ တပ်အပ်သေချာ ပြောနိုင်စွမ်း ရှိတော့မည် မဟုတ်သည်ကား သေချာနေပေသည်။

 

ပြည်သူတို့၏ တရားသော ခုခံစစ် မုချအောင်ရမည်!!!