သမိုင်း အဆက်ဆက် တော်လှန်ရေးများ၏ ကောက်ကြောင်းများ(36)

by Hla Soewai - Sep 02 2022

အမေရိကန် အာဖရိက နွယ်ဖွားတို့၏ လူမှု အခွင့်အရေး လှုပ်ရှား ရုန်းကန်မှုကြီး (၅)

 

 

ဂန္ဓီကြီး၏ ကြိုးပမ်းမှုကြောင့် အိန္ဒိယ သည် လွတ်လပ်ရေး ရရှိသွားခဲ့သော်လည်း သူကိုယ်တိုင်မူ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဒေါက်တာ ကင်းသည်လည်း အသက်အန္တရာယ် ကို ချိမ်းခြောက်လာနေသည့် အန္တရာယ် နှင့် ရင်ဆိုင်ခဲ့ရသည်။ ဘတ်စ်ကား သပိတ်ကြီး အရှိန်ကောင်းနေစဉ်တွင် သူ့နေအိမ်အား ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ သူ နှင့် မိသားစု အဖို့ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့၍ တစုံတရာ ထိခိုက် ဒဏ်ရာရခဲ့ခြင်းမျိုးတော့ မရှိပေ။

 

လူဖြူ ကြီးစိုးရေး သမားများ အဖို့ ထိုမျှလောက်နှင့် ဒေါက်တာ ကင်း အား ဟန့်တားနိုင်ခဲ့မည်ဟု ထင်ခဲ့လျှင်တော့ အမှားကြီး မှားသွားခဲ့ပြီ ဖြစ်သည်။ “ကျုပ် တစုံတခု ဖြစ်သွားရင် ကျုပ်နေရာဝင်ယူမယ့် လူတွေ တပုံကြီး ကျန်နေသေးတယ်” ဟု သူ့အား ထောက်ခံသူများကို ပြောခဲ့သည်။

 

လူမည်းတို့၏ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေမှုများ အရှိန်ရလာစေရန် ဒူပေဒဏ်ပေ ခံကာ ရှေ့လျောက် မဆုပ်မနစ် တိုက်ပွဲ ဝင်သွားမည့် လူများ အမြောက်အမြား လိုအပ်လာသည်။ ဤသည်က လူမှုရပိုင်ခွင့် လှုပ်ရှားမှု ကြီး ၏ တော်လှန်ရေးကြီး အောင်မြင်ရန် အရင်းအမြစ်များပင် ဖြစ်သည်။ ဤသည်ကို မာမီး အယ်လီဇဘက် တေးလ် မောဘီက သက်သေပြခဲ့သည်။

 

မွန်ဂိုမာရီ ဘတ်စ်ကာ သပိတ်ကြီး မစတင်မီ လအနည်းငယ် အလိုတွင် တေးလ် မော်ဘီ၏ ဆယ့်လေးနှစ် အရွယ် သားဖြစ်သူ သည် အသတ်ခံခဲ့ရသည်၊ သူသည် မစ္စစပီ ရှိ ဆွေမျိုးများထံ အလည်အပတ် ရောက်နေခဲ့စဉ်အတွင်း လူဖြူ အမျိုးသမီးတဦးအား လေချွန်ပြခဲ့မှုကြောင့် ဖြစ်သည်။ မိခင်ဖြစ်သူသည် ဒဏ်ရာဗလပွ နှင့် သေဆုံးနေသော သားဖြစ်သူ၏ သက်မဲ့ ခန္ဓာကိုယ်အား ချီကာဂို သို့ ပြန်လည် သယ်ဆောင်လာခဲ့သည်။ အခေါင်းထဲတွင် လဲလျှောင်းနေသော သားဖြစ်သူ အား The Chicago Defender နှင့် Jet မဂ္ဂဇင်းများမှ ဓါတ်ပုံသတင်းထောက်များအား ‌ခေါ်ယူကာ ဓါတ်ပုံရိုက်ကူးစေခဲ့သည်။

 

သူမ သားအပေါ် ကျုးလွန်ခဲ့ကြသည့် အကြမ်းဖက်မှုကြီးအား တကမ္ဘာလုံးက ကိုယ်တိုင်ကိုယ်ကျ မြင်စေချင်၍ ဖြစ်သည်ဟု ဆိုသည်။ Jet မဂ္ဂဇင်း သည် ဓါတ်ပုံနှင့် တကွ “နီဂရိုး လူပျိုပေါက်လေး ဖိုသံပေး လေချွန်မှု ကြောင့် အသတ်ခံခဲ့ရ” ဟု သတင်း ခေါင်းစဉ်တပ် ဖေါ်ပြခဲ့သည်။

 

မြင်လိုက်ရသော မြင်ကွင်းကြောင့် အမေရိကန် တပြည်လုံးရှိ လူမည်းများသာမက လူဖြူများသာ ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။ သို့သော်လည်း ကျုးလွန်ခဲ့သူများကို အကျဉ်းရုံး တရားစီရင်ပြီး လူဖြူများသာ ပါဝင်သော ဂျုရီ အဖွဲ့ မှ ပြန်လွှတ်ပေးခဲ့သည်။

 

ထိုအချိန်တွင် မွန်ဂိုမာရီ ဘတ်စ်ကား သပိတ်ကြီးအား လှုံ့ဆော်သူများသည် တူညီသော အခွင့်အရေးများ ရရှိရေး အတွက် ဗဟိုတရားရုံးချုပ်အထိ တက်လာခဲ့ကြပြီ ဖြစ်သည်။ ဗဟိုတရားရုံးချုပ်မှ ဘတ်စ်ကားပေါ် နေရာခွဲခြား ထိုင်ခိုင်းခြင်းသည် ဖွဲ့စည်းပုံနှင့် မညီဟု ဆုံးဖြတ်ပေးခဲ့သည်။ ထိုကဲ့သို့ ဆုံးဖြတ်မှု အပေါ် အောင်ပွဲခံသည့် အနေဖြင့် မာတင် လူသာကင်း ဂျုနီယာ နှင့် တက်ကြွလှုပ်ရှားသူများသည် မွန်ဂိုမာရီ မြို့ရှိ ဘတ်စ်ကားများ ပေါ် လိုက်ပါ စီးနင်းခဲ့ကြသည်။ သို့သော် ရိုဆာ ပတ်ခ် နှင့် ခင်ပွန်းဖြစ်သူသည် ရိုင်းစိုင်းစွာ ပြုမူခဲ့သည် ဆိုကာ အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

 

လူမှုရပိုင်ခွင့် များ တန်းတူညီမျှ ရရှိရေး အတွက် လှုပ်ရှားတက်ကြွသူများသည် ၎င်းတို့၏ တော်လှန်ရေးအား တောင်ပိုင်း တွင် ဆင်နွှဲနေ၍ မဖြစ်တော့ဟု ဆိုကာ အခြား နေရာများတွင်လည်း ထောက်ခံမှု ရရန် လုံးပမ်းလာခဲ့ကြသည်။ တရားလွှတ်တော်ချုပ်၏ ဘရောင်း နှင့် ပညာရေး ဘုတ်အဖွဲ့ အမှု အပေါ် စီရင်ချက်အား တနိုင်ငံလုံးမှ လိုက်နာလာစေရန် လှုပ်ရှားနိုင်သည့် အခွင့်အလန်း ကို အသုံးချ လာခဲ့ကြသည်။

 

၁၉၅၇ ခုနှစ်တွင် အာကင်ဆပ်စ် ပြည်နယ်ရှိ လစ်တဲရော့ခ် မြို့တွင် လူမည်း ဆယ်ကျော်သက်အရွယ် ကိုးဦးသည် တရားလွှတ်တော်ချုပ်၏ စီရင်ချက်ကို စတင် စမ်းသပ်လာခဲ့ကြသည်။ ၎င်းတို့ အားလုံးသည် မြို့ရှိ ဂုဏ်သတင်း ကြီးလှသော အထက်တန်းကျောင်းသို့ တက်ရောက်ပညာသင်ကြားခွင့် ရရန် စာရင်းသွင်းခဲ့ကြသည်။ ကျောင်းစတင် ဖွင့်သည့် နေ့မှာပင် ဒေါသထွက်နေသော လူဖြူများ၊ အမျိုးသား အစောင့်တပ်ဖွဲ့များ နှင့် အတူ ပြည်နယ် အုပ်ချုပ်ရေးမှုး အော်ဗာ ဖားဘတ်စ် ကိုယ်တိုင် ကျောင်းရှေ့ ဂိတ်တံခါး မှ စောင့်ရန် နောင်တွင် Little Rock Nine ဟု ထင်ရှားလာမည့် လူမည်း လူငယ် ကိုးဦး အား ကျောင်းတွင်းသို့ ခြေချခွင့် မရရန် ပိတ်ဆို့ ဟန့်တားလာခဲ့သည်။

 

ထိုအတွက် သာဂူး မာရှယ် အပါအဝင် NAACP အဖွဲ့ချုပ်မှ ရှေ့နေများ ရောက်ရှိလာကြပြီး ခရိုင်တရားရုံးတော်အား ဖက်ဒရယ် ဥပဒေအား အကောင်အထည် ဖေါ်ရေးကို ပြည်နယ် အုပ်ချုပ်ရေးမှုးမှ နှောက်ယှက် ဟန့်တားနေမှုကို တားမြစ်မိန့် ထုတ်ပြန်ပေးရန် ဦးတိုက် လျှောက်ထားခဲ့ကြသည်။

 

အခြေအနေများက နှစ်ဖက် ရှေ့မတိုး နောက်မဆုပ် ဖြစ်လာနေသည်၊ ထို့အတွက် မာတင် လူသာကင်းသည် သမ္မတ အိုက်စင်ဟောင်ဝါ ကိုယ်တိုင် ဝင်ရောက် ဖြေရှင်းပေးရန် မေတ္တာရပ်ခံလာခဲ့သည်။ အိုက်စင်ဟောင်ဝါသည် အမေရိကန် အမှတ် (၁၀၁) လေကြောင်းချီ တပ်မကြီးမှ စစ်သား ၁,၂၀၀ အား စေလွှတ်ပေးခဲ့သဖြင့် အခင်း ဖြစ်ရာ အထက်တန်း ကျောင်းသည် လူဖြူ လူမည်း အတူတက်ခွင့်ရသည့် ကျောင်း ဖြစ်လာခဲ့သည်။

 

အိုက်စင်ဟောင်ဝါ စေလွှတ်ပေးလိုက်သည့် စစ်သားများသည် လူမည်း ကျောင်းသားများ ၏ လုံခြုံရေး အတွက် စာသင်နှစ် တနှစ်လုံး ကျောင်း အား စောင့်ရှောက်ပေးခဲ့ကြသည်။ သို့သော်လည်း လူမည်း ကျောင်းသူ တဦး ကမူ “ထိုသို့ လုံခြုံမှု ရှိသည်ဟု ယုံကြည်ချင် မိသော်လည်း ကျမ အဖို့ မိမိကိုယ်သာ မိမိ‌စောင့်ရှောက်ခဲ့ရသည်” ဟု ပြောဆိုခဲ့သည်။ (ပုံတွင် Little Rock Nine အထိမ်းအမှတ် ရုပ်ထုကို တွေ့နိုင်သည်)