သူတို့အမြင် - မြန်မာ တော်လှန်ရေး တပ်ဖွဲ့များ စစ်အာဏာသိမ်း အဖွဲ့ကို ဖယ်ရှားနိုင်တော့မည်လော

by Hla Soewai - Sep 02 2022

အဆိုပါ ခေါင်းစဉ်ဖြင့် အမေရိကန် တွေးခေါ်မြော်မြင်ရေး အဖွဲ့ Council on Foreign Relations မှ အထက်တန်း သုတေသီ Joshua Kurlantzick ၏ ဂျပန်တိုင်းမ် သတင်းစာ တွင် ရေးသားထားသည်ကို ပြန်လည် တင်ပြသည်။

 

ပြီးခဲ့သည့် ၁၈ လ လုံးလုံး စစ်အာဏာသိမ်း အဖွဲ့သည် တိုင်းပြည်ကို ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်လာခဲ့ပြီး စီးပွားရေးသည်လည်း ပျက်စီးလုနီးပါး အခြေစိုက်လာခဲ့သည်။ ယင်းနှင့် အတူ လူထု ကျန်းမာရေး ကအစ ဒုက္ခသည်များ အရေး ပြဿနာပေါင်း သောင်းခြောက်ထောင် ထွက်ပေါ်လာခဲ့သည်။

 

နေရာ အနှံ့တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်နေခြင်း၊ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် ထောင်ပေါင်း များစွာ အား ဖမ်းဆီး အကျဉ်းချထားခြင်း၊ မကြာသေးမီက ဒီမိုကရေစီ တိုက်ပွဲဝင် သူ လေးဦးအား ကွပ်မျက် ခဲ့ခြင်း များကြောင့် အညှာတာကင်းမဲ့စွာ ဆက်လက် ပြုကျင့် နေဆဲ ဆိုသည်မှာ ထင်ရှားနေသည်။

 

နိုင်ငံတကာ အသိုက်အဝန်း ၏ ဝိုင်းဝန်း ရှုပ်ချခံနေရသည့် အပြင် အိမ်နီးချင်း နိုင်ငံများ၏ မေတ္တာရပ်ခံ နေသည့် ကြားမှ ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်၊ ထိုသို့ ကွပ်မျက်ခြင်းအား နှစ်ပေါင်း သုံးဆယ် ကျော် အတွင်း ပထမဆုံးအကြိမ် အသုံး ချလာခဲ့သည်ကို ကြည့်ကာ ၎င်းတို့အား ဆန့်ကျင်သူများကို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းလင်းမည်ဟု သန္နိဋ္ဌာန် ချထားသည်မှာ ထင်ရှားနေသည်။ ထို အတွက်လည်း မည်သို့မျှ အပေးအယူ ပြုလုပ်ရန် စဉ်းစားခြင်း မရှိသည့် အပြင် နိုင်ငံတကာ နှင့် အိမ်နီးချင်းများက မည်သို့ပင် ထင်ထင် ဂရုမစိုက်၊ အာဏာ ဆက်လက်ဆုပ်ကိုင် နိုင်ရေး အတွက် ဘာမှ ဂရုမစိုက်ဘဲ ဆက်၍ လုပ်လို့ရတာ မှန်သမျှ အကုန်လုပ်သွားမည် ဆိုသော ၎င်းတို့၏ စိတ် အခြေအနေကို ထင်ဟပ်ပေါ်လွင်လာခဲ့သည်။

 

မြန်မာပြည်သူများကလည်း တတိုင်းပြည်လုံး ပြာကျသွားသည့်တိုင် စစ်တပ်က တလက်မမျှ အလျော့ပေးမည် မဟုတ် ဆိုသည်ကို သိလာကြပြီ ဖြစ်၍ ဆန့်ကျင်တွန်းလှန်နေမှုများကို အရှိန်မြှင့်တင်လာခဲ့ပြီ ဖြစ်သည်။

 

ယခင်က အစွန်အဖျား ဒေသများမှ တိုက်ပွဲများသည် မြို့ကြီးများအထိ ကူးစက်လာနေပြီ ဖြစ်၍ ပဋိပက္ခသည် အချိန်မရွေး ပြင်းထန်လာမည့် အလားအလာများ တွေ့နေရသည်။

 

စစ်တပ်သည် မည်မျှ ပင် ရက်စက်ကြမ်းကြုပ်စွာ အုပ်ချုပ်နေကြသော်လည်း စိုးရိမ်ထိတ်လန့်လျှက် ရှိနေကြ သည်။ ၎င်းတို့တွင် စစ်သည်အင်အား သိန်း နှင့် ချီ၍ ရှိနေကြောင်း နှင့် ရုရှား ထံမှ လက်နက်ကြီးများ ရရှိထား သည်ဟု ကြွားဝါနေသော်လည်း အခြေအနေများက အာဏာကို လက်လွှတ်ရဖွယ် ရှိနေသည့် အလား အလာများ တွေ့နေရသည်။

 

ထိုသို့ ဖြစ်လာပါက တိုင်းပြည်၏အရေးသည် မရေမရာ မသေချာ မှုများ နှင့် ရင်ဆိုင်ရဖို့ ရှိသော်လည်း မြန်မာ ပြည်သူများ အတွက် ယခုထက် အခြေအနေ ပို၍ ကောင်းလာဖို့ ရှိနေသည်က သံသယ ဖြစ်စရာပင် မလိုပေ။

 

စစ်တပ်သည် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ အပေါ် လျော့တွက်ခဲ့ကြသည်။ ယခုအခါ ၎င်းတို့ ထင်ထားသည် ထက် ပို၍ ထိရောက်စွာ တိုက်ခိုက်နိုင်ကြောင်း ပြသနိုင်ခဲ့ရုံမျှမက စစ်တပ်ယာဉ်တန်းများ ကို အမြဲလို မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ စစ်စခန်း များ ကို သိမ်းပိုက်ခြင်းများ နှင့် အရှက်တကွဲ ဖြစ်အောင် ဖန်တီးနိုင်ခဲ့ကြသည်။

 

ထို့အပြင် စစ်အရာရှိများ နှင့် ကင်းစခန်းများကို တိုက်ခိုက်ခြင်းများ ကြောင့် အကြောက်တရားများ လွှမ်းမိုး လာပြီး စစ်တပ်၏ အဆင့်ဆင့် ကွပ်ကဲ အမိန့်ပေးမှုများကို ထိခိုက်လာခဲ့သည်။

 

စစ်တပ်ကလည်း မဲမဲမြင်ရာ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြို့ရွာများကို မီးရှို့ခြင်း အပြင် ရက်စက်ကြမ်းကြုပ်သည့် လုပ်ရပ်မျိုးစုံကို ကျူးလွန်ခြင်းဖြင့် တုန့်ပြန်လာခဲ့ကြသည်။ ထိုနည်းဗျူဟာများသည် ထိရောက်မှု မရှိသည့် အပြင် PDF တပ်ဖွဲ့များသို့ တဖွဲဖွဲ ဝင်ရောက်လာအောင် ဖန်တီးပေးသလို ဖြစ်သွားခဲ့ရသည်။

 

စစ်အာဏာရှင်များသည် ၎င်းတို့ တပ်များအား လူထု နှင့် နီးစပ်မှု မရှိအောင် လူမှု ဖူလုံရေး စနစ်များ သီးခြား ဖန်တီးပေးခဲ့ကာ ခွဲခြားထားခဲ့သော်လည်း ယခုအခါ အောက်ခြေ စစ်သည် အများအပြား ထွက်ပြေး ခိုလှုံကုန် ကြပြီ ဖြစ်သည်။ ဤသည်ကလည်း တော်လှန်ရေး အင်အားစုများ ဖက်က ဆိုရှယ် မီဒီယာ များ ပေါ်မှ ထိ ရောက်စွာ စည်းရုံး နိုင်ခဲ့ကြခြင်း သည်လည်း တကြောင်း အပါအဝင် ဖြစ်သည်။

 

မြန်မာ စစ်တပ်အဖို့ ၎င်းတို့၏ စစ်အကယ်ဒမီ ကျောင်းတော်ကြီး တွင် တက်ရောက်ရန် အရာရှိ လောင်းများ စုဆောင်း ရေး တွင် အခက်အခဲများ ဖြစ်လာနေသည်ကို ကြည့်လျှင် စိတ်ဓါတ်ရေးရာ ချွတ်ခြုံကျလာနေသည် မှာ ထင်ရှားသည်။ တိုက်ပွဲများ အတွက် ဆင့်ခေါ်နိုင်သည့် အရည်အတွက်သည် ၎င်းတို့ အလွန်အကျွံ ပြောဆို နေသည့် အရည်အတွက်ထက် အများကြီး နိမ့်ကျနေသည်ကိုလည်း လေ့လာသုံးသပ်သူများက ယုံကြည်ထား ကြသည်။

 

စိတ်ဓါတ်များ ချွတ်ခြုံကျလာနေမှု များ နှင့် စစ်အရာရှိများကို ပြည်သူ့တော်လှန်‌ရေး တပ်ဖွဲ့များ က ပို၍ တိုက် ခိုက်လာနေခြင်းများ ကြောင့် စစ်တပ်အတွင်း အက်ကြောင်းများ ထလာနေကြပြီ ဖြစ်သည်။

 

သို့သော် စစ်ဖက် ထိပ်တန်း ခေါင်းဆောင်များဖက်က တော့ မည်သို့မျှ အလျော့ပေးလာမည် မဟုတ်၊ ၎င်းတို့ အားလုံးသည် တချိန်တွင် လူသားများ အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတွက် နိုင်ငံတကာ တရားရုံးများ တွင် ရင်ဆိုင်ကြရမည့် လူများလည်း ဖြစ်သည်။ အလယ်အလတ် နှင့် အောက်ခြေ စစ်သည်များသည် ပြည်သူ့ ကာကွယ်ရေး တပ်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ နှင့် ယှဉ်လျှင် အတော် အားနည်းလာနေပြီ ဖြစ်သည်ကို တွေ့နေရသည်။

 

စစ်တပ်သည် လက်နက်အင်အား သာလွန်နေဆဲ ဖြစ်သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ ဖက်ကလည်း ယခင်တနှစ်ကထက်စာလျှင် လက်နက်အင်အား ပြည့်စုံလာနေပြီ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် မျက်နှာစာ အသီးသီး တွင် တိုးတက်မှုများ ပြုလုပ်လာနိုင်နေပြီ။ ယခင်က အဖြစ်သဘောမျိုး ဖွဲ့စည်းလာ ခဲ့သော်လည်း ယခုအခါ ပို၍ စနစ်တကျ ဖြစ်လာပြီး မြန်မာသည် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ဖြင့် သာ ခရီးဆက်ရမည်ကို လက်ခံလာပြီ ဖြစ်၍ အဓိက ခြေလှမ်းကြီး တရပ်အဖြစ် အားလုံးက ကောက်ချက်ချခဲ့ကြသည်။

 

အစိုးရ အဖွဲ့ဝင် အတော်များများသည်လည်း အမေရိကန် ပြည်ထောင်စု အပါအဝင် အခြားနိုင်ငံ အတော်များများ မှ အထက်တန်း အရာရှိကြီးများ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ဩစတေးလျှ အစိုးရသည် မြို့တော် ကင်ဘာရာ တွင် NUG ကိုယ်စားလှယ် ရုံး ဖွင့်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ စစ်အာဏာသိမ်း အဖွဲ့ နှင့် အစိုးရ ပုံစံ ဆက်ဆံနေသော်လည်း တဖြေးဖြေး ကင်းကွာလာနေပြီ ဖြစ်သည်။ ပြင်သစ် အထက်လွှတ်တော် နှင့် ချက်သမ္မတ နိုင်ငံတို့မှ NUG အား အသိအမှတ် ပြုထားခဲ့ပြီး ဖြစ်သည်။

 

လေ့လာ သုံးသပ်သူ အချို့က အကယ်၍ NUG သည် အနာဂတ် မြန်မာပြည်အတွက် ဒီမိုကရေစီ နှင့် ဖက်ဒရယ် လမ်းပြမြေပုံကို ချပြ နိုင်ခဲ့လျှင် အမေရိကန် နှင့် ဒီမိုကရေစီ နိုင်ငံကြီးများ အနေနှင့် NUG အား သံတမန်ရေး အရ ပွင့်ပွင့်လင်းလင်း အသိမှတ်ပြု သွားသင့်သည်ဟု ဝေဖန်ထောက်ပြခဲ့ကြသည်။

 

ထိုသို့ အသိအမှတ် ပြုခံရမည့် အချိန်ကား မလွဲမသွေ ဆိုက်ရောက်လာတော့မည်ဟု အနည်းဆုံးတော့ ပြော၍ ရသည်။ စစ်တပ်ဖက်က ၎င်းတို့၏ လူမဆန်စွာ ရက်စက်စွာ ပြုကျင့်နေမှုများကို အတိုင်းအဆမဲ့စွာ ကျူးလွန် နေကြပြီ ဖြစ်သဖြင့် ယင်းနှင့် အတူ တော်လှန်ရေးသည်လည်း ခိုင်မာစွာ အမြစ်တွယ်လာခဲ့သည်။ စစ်တပ်သည် တိုင်းပြည်အပေါ် ဒဏ်ခတ်လာသည့် စီးပွားရေး ပိတ်ဆို့မှုများ အပေါ် လားလားမျှ အမှုမထားသည့် အပြင် စေ့စပ်ဆွေးနွေး ဖို့လည်း စိတ်ဝင်စားခြင်း မရှိ သည့် အနေအထားမျိုးကြောင့် တော်လှန်ရေး အင်အားစုများ အနေဖြင့် စစ်အုပ်ချုပ်ရေးကို မိမိတို့ ဖာသာ မိမိတို့ အဆုံးသတ်နိုင်တော့ မည့် အလားအလာများ အစစ်အမှန် ပေါ်ထွက်လာနေပြီ ဖြစ်သည်။ 

 

နောက်ဆုံး ရရှိသော သတင်းအရ စစ်အာဏာရှင်များသည် စားကုန်များ အဆမတန် ဈေးတက်လာမှုများကို လျော့ပါးစေရန် ဒေါ်လာဈေးကို ထိန်းချုပ်နိုင်လို နိုင်ငြား ဒေါ်လာ သန်း ၂၀၀ အား ထုတ်ရောင်းရန် စီစဉ်လာပြန်သည်၊ ကုန်သွားပါက ဘာဆက်လုပ်မည် တော့ မသိရသေး။

 

ပြည်သူတို့၏ တရားသောစစ် မုချအောင်ရမည်!!!