ခါချ လို့တောင် မရ အတင်း တွယ်ကပ်နေ

by Hla Soewai - Sep 04 2022

နိုင်ငံတွင်း အခြေအနေများ လွန်စွာ ဆိုးဝါးလာနေပြီး သေနတ်ပြကာ ဆင်ဖမ်းမည် ကျားဖမ်းမည် ဆိုကာ အလိမ်အညာ များ ဖြင့် အုပ်ချုပ်နေရပြီ ဖြစ်သော အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားသို့ လာမည့် အပတ်ထဲ သွား၍ စီးပွားရေး ကိစ္စများ ဆွေးနွေးမည်ဟု သိရသည်။

 

ဗလာဒီဗော့စတော့ တွင် ပြုလုပ်မည့် အရှေ့ဖျား ဒေသ စီးပွားရေး ဖိုရမ်သို့ ဘာ ဂွင်များ ရနိုင်မလဲ ဆိုကာ တက်မည်ဟုလည်း သိရသည်။

 

ပူတင် အဖို့ကလည်း တောက်တဲ့ ကပ်သလို အတင်းတွယ်ကပ်နေသည့် မင်းအောင်လှိုင်ကို ကြည့်၍ ပစ်ရမှာလည်း အဆီနှင့် တဝင်းဝင်း၊ စားရမှာလည်း သဲ နှင့် တရှပ်ရှပ် ဆိုသလို ဖြစ်နေမည်မှာ ကြိမ်းသေသည်။ ယူကရိန်း နှင့် ဖြစ်သော စစ်သည် ရေရှည် ဖြစ်လာတော့မည် ဖြစ်၍ ရုရှား အဖို့ စစ်စရိတ်များ ထောင်းလာတော့မည် ဖြစ်သည်။

 

မင်းအောင်လှိုင် တောင်းဆိုသလို လောင်စာဆီ နှင့် ဆန်၊ ပဲနှမ်း၊ မြေများ အလဲအလှယ် လုပ်ဖို့ ဆိုသည်က ရုရှား အတွက် စိတ်ဝင်စားစရာ မရှိ ဖြစ်နေသည်။

ငွေချေးငှားဖို့ ဆိုသည်ကလည်း မြန်မာသည် ယခုအခါ informal economy ဖြင့် သက်ဝင် လှုပ်ရှားနေရသော နိုင်ငံ ဖြစ်လာနေ၍ မရေရာလှပေ။

 

မင်းအောင်လှိုင်ကတော့ ပူတင်နှင့် မတွေ့ရမချင်း လာနေမည်သာ ဖြစ်သည်။

 

ဖြစ်ပျက်နေသည်များကို ကြည့်က မင်းအောင်လှိုင်သည် ပြည်ပ အားကိုး ပုဆိန်ရိုး ဆိုသည့် ၎င်းတို့ တခါက ဟစ်ကြွေးခဲ့သည့် ဆောင်ပုဒ် အတိုင်း ဖြစ်လာနေပြီ ဟု မဆိုက အခြား အဘယ်သို့များ ပြောနိုင်ပေဦးမည်နည်း။

 

ဖြစ်လာရသည်များသည် ဘယ်သူမပြု မိမိမှု ဆိုသည်က အများဆုံး ပါဝင်နေသည်၊ ဗြိတိသျှ သံအမတ်ကြီး ဟောင်း နှင့် သူမ၏ ခင်ပွန်း ဖြစ်သူတို့အား ဘာမဟုတ်သည့် ပုဒ်မ ဖြင့် ထောင် တနှစ် ချမှတ်လိုက်ခြင်းကြောင့် လတ်တလော အကျိုးယုတ်သွားသည်က စစ်ကောင်စီ ပင် ဖြစ်သည်။

 

ဂုဏ်သိက္ခာ ကျဆင်းသည်က ၎င်းတို့အတွက် အဆန်း မဟုတ်သော်လည်း အဆိုပါ လုပ်ရပ်ကြောင့် ရုရှား၊ တရုတ်မှလွဲ၍ မည်သည့် ပြည်ပရင်းနှီးမြုပ်နှံမှုများ လာ‌ရဲကြတော့ မဟုတ်ပေ။ မည်သူ ပညာရှင်မျှ လုံခြုံစိတ်ချစွာ လုပ်ကိုင်ရဲကြတော့မည် မဟုတ်။ ၎င်းတို့ သားသမီးများ အတွက် ထိုသို့ ဖြစ်အောင် ဖန်တီးနေသည်လား ဆိုသည်ကား မေးခွန်းထုတ်စရာ ဖြစ်လာရသည်။

 

နိုင်ငံတော် အတိုင်ပင်ခံ ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ သည် မည်သူ့ကိုမျှ မျက်နှာအောက်ချစရာ မလိုပဲ နိုင်ငံအားလုံး နှင့် တန်းတူရည်တူ ဆက်ဆံနိုင်ခဲ့သည်။ တရုတ် သမ္မတ ရှီကျင့်ပင် သည် ပင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည် မဟုတ်ပါလော။

 

အာဏာသိမ်းပြီး လူပေါင်း ၂,၂၀၀ ကျော်အား တရားဝင် သတ်ဖြတ်ခဲ့သူများ ဟု စာရင်း ဝင်သွားပြီ ဖြစ်သော စစ်ကောင်စီ ခေါင်းဆောင်ဆိုသူအားလည်း လာမည့် နိုဝင်ဘာလ အာဆီယံ ထိပ်သီး အစည်းအဝေး သို့ပင် တက်ရောက်ရန် ဖိတ်ကြားခံရမည် မဟုတ်သည်ကား ကြိမ်းသေနေပြီ ဖြစ်သည်။

 

ဘန်ကောက်ပို့စ် သတင်းစာ အဆိုအရ စစ်ခေါင်းဆောင်များ အနေဖြင့် အာဆီယံ ၏ အချက် ငါးချက်ကို လှည့်စားလာသည်မှာ ကြာမြင့်နေပြီ ဖြစ်၍ မိမိတို့သည် ရူးသွတ်နေသူများ မဟုတ်ကြောင်း အာဆီယံ အနေဖြင့် ပြသရတော့မည် ဖြစ်၍ မည်သို့ ကိုင်တွယ်ရမည်ကို နိုဝင်ဘာလ တွင် မဖြစ်မ‌ နေ စဉ်းစားကြရတော့မည် ဖြစ်သည်ဟု ဆိုသည်။

 

ထိုသို့စဉ်းစားရာတွင် ထိပ်ဆုံးမှ ပါလာသည်က အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ထိတွေ့ ဆက်ဆံသွားရေးပင် ဖြစ်သည်။ လက်ရှိတွင် စစ်ကောင်စီ သည် တိုင်းပြည်အား အစိုးရ တရပ်အသွင် အုပ်ချုပ်နိုင်စွမ်း မရှိတော့သည်မှာလည်း တဖြေးဖြေး ထင်ရှားလာနေပြီ ဖြစ်သည်။

 

သို့သော် ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်လာပါက ညစ်တွန်း တွန်းပြီး ပို၍ လက်ရဲ ဇက်ရဲ လုပ်လာနိုင်စရာ ရှိသည်ကိုလည်း တဖက်က စိုးရိမ်‌စရာ ဖြစ်လာနေသည်။

 

စစ်တပ် အတွင်း အကွဲအပြဲများ ဖြစ်လာက ပြင်းထန်သည့် ပြည်တွင်းစစ်ကြီး အဖြစ် တမဟုတ်ချင်း ကူးပြောင်းသွား နိုင်သည့် အရေးကိုလည်း စိုးရိမ်လျက် ရှိနေသည်။ ထိုသို့ ဖြစ်လာက စစ်ပွဲ ရှည်ကြာလာသည် နှင့် အမျှ ၁၉၉၀ ကျော် နှစ်များ အလွန် အာဖဂန်နစ္စတန် ကဲ့သို့ အနောက်အုပ်စု၏ အကျိုးစီးပွားကို တိုက်ခိုက်မည့် အကြမ်းဖက်သမား များ လေ့ကျင့်ပျိုးထောင်ရာ နယ်မြေ အဖြစ် ကူးပြောင်းလာနိုင်သည် အထိပါ တွေးဆနေဟန် ရှိသည်ဟု သတင်းစာက ရေးသားထားသည်။

 

ထိုအခါ အမေရိကန် နှင့် အနောက်အုပ်စုလည်း မဖြစ်မနေ ပါဝင် ပတ်သက်လာရဖို့ ရှိနေသဖြင့် လက်ရှိ အဆင့်နိမ့် ပြည်တွင်းစစ် ပုံစံမျိုးကို လိုလားနေဟန် ရှိ၍ မြန်မာအား ထိထိရောက်ရောက် အကူအညီပေးရန် လက်တွန့်နေကြခြင်းလည်း ဖြစ်သည်။

 

သို့သော် မြန်မာ ပြည်သူများက ၎င်းတို့ ကူညီသည် ဖြစ်စေ၊ မကူညီသည် ဖြစ်စေ အဆုံးစွန် ထိ တိုက်ပွဲဝင်သွားရန် သံန္နိဋ္ဌာန် ချထားပြီး ဖြစ်နေသည်ကို လည်း သိထားကြသည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် မှ နိုင်ငံတော် အတိုင်ပင်ခံ အပေါ် ရွေးကောက်ပွဲ မသမာမှု ကျုးလွန်သည် ဆိုကာ မတရားသဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ခြင်းအား ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လာသည်။

 

စစ်ကောင်စီသည် အထက်တွင် ဆိုခဲ့သလို မထူးဇာတ် ခင်းကာ ညစ်တွန်းတွန်းလာနေပြီ ဖြစ်သည်။ ထိုအချက်ကို အာဆီယံ အနေဖြင့် ထိရောက်စွာ ဟန့်တား နိုင်မှ ဖြစ်ပေတော့မည်။

 

အကောင်းဆုံး အကြံညဏ် ပေးလိုသည်က နိုဝင်ဘာ မတိုင်မီ နိုင်ငံတွင်း ရှိနေကြသော မလေးရှား နှင့် အင်ဒိုနီးရှား နိုင်ငံသားများ အမြန် ထွက်ခွာထားကြရန်ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!