အာဏာကို အသုံးချကာ ရာဇဝတ်မှု ကျူးလွန်လျက်ရှိ

by Hla Soewai - Sep 04 2022

တရားမျှတမှု နှင့် ဥပဒေ စိုးမိုးရေးကို ပြောင်ပြောင်တင်းတင်းပင် မျက်ကွယ်ပြုကာ ရန်သူ အဖြစ် သတ်မှတ်ထားသူများအား နိုင်ငံ၏ တရားရေး မဏ္ဍိုင်ကို အသုံးချကာ ကျုးလွန်နေကြပြီ ဖြစ်သည်။

 

ထိုသို့ သော အခြေ အနေ တွင် တရားသူကြီးဟု ခန့်အပ်ကာ စေခိုင်းခံနေရသူ များ အဖို့ ထမင်းတလုတ် အတွက် လူတောပင် မတိုးရဲအောင် အောက်တန်းနောက်တန်း ကျစွာဖြင့် ပျော်ပျော်ကြီး အသုံးတော် ခံနေကြရရှာပြီ ဖြစ်သည်။

 

ယမန်နေ့က ဗြိတိသျှ သံအမတ်ဟောင်း မစ္စက် ဗစ်ကီ ဗိုမင်းအား လူဝင်မှု ကြီးကြပ်ရေး ဥပ‌ဒေ ဖြင့်

ထောင် တနှစ် အပြစ်ပေးလိုက်ပြီ ဖြစ်သည်။

 

၎င်းတို့ အပေါ် မည်သို့မျှ ဆိုးဆိုးဝါးဝါး ဝေဖန် ခဲ့ခြင်း မရှိ၊ သို့သော် မြန်မာ စီးပွားရေး အနေအထားများကိုတော့ နိုင်ငံခြား ကုမ္ပဏီများ နှင့် နှီးနှောပွဲများတွင် အရှိကို အရှိတိုင်း ပြောခဲ့သည်များသာ ရှိသည်။

 

သို့သော် အာဏာသိမ်း စစ်ကောင်စီ သည် ၎င်းတို့ ပိုင် ကုမ္ပဏီများ၏ လျို့ဝှက်သိပ်သည်းစွာ လုပ်ကိုင်နေပုံများကို Center for Responsible Business ၏ အကြီးအကဲ ဖြစ်သည့် မစ္စက် ဗိုမင်းမှ အူမချေးခါး မကျန် သိရှိနေသည်ကို စိုးရိမ်ထိတ်လန့် နေပုံ ရှိသည်ဟု ဘီဘီစီ သတင်းက ဆိုသည်။

 

နောက်တ‌ ကြောင်းက ဗြိတိသျှအစိုးရ မှ ၎င်းတို့ လုပ်ရပ်များ အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်နေမှု၊ မြန်မာ သံအမတ်ကြီး ဦးကျော်ဇော်မင်း၏ အပေါ် ၎င်းတို့ တောင်းဆိုသလို အရေးယူခဲ့ခြင်း မရှိမှု၊ သံတမန် အဆင့် လျော့ချခဲ့မှု၊ မင်းအောင်လှိုင်၏ သားသမီး များပိုင် ကုမ္ပဏီများအား နာမည်ပျက်စာရင်း ထည့်သွင်းကာ ပိတ်ဆို့ဒဏ်ခတ်ခဲ့မှုများ အပေါ် ရန်ညိုးသို့ကာ တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ရပေသည်။

 

ဗြိတိသျှ နိုင်ငံသား တဦးအား ဖမ်းဆီးကာ တပတ်အတွင်း ထောင် တနှစ် ချခဲ့သည့် လုပ်ရပ်ကား ၎င်းတို့အတွက် ကမ္ဘာအလယ်တွင် မည်သို့မျှ ဂုဏ် တက်လာဖွယ် ရှိမည် မဟုတ်သည့် လုပ်ရပ်လည်း ဖြစ်သည်။

 

၎င်းတို့၏ အဓိက ရန်သူကြီးသဖွယ် ဆယ်စု နှစ်ပေါင်းများစွာ ရန်ညိုး သိုခံခဲ့ရရှာသော နိုင်ငံတော် အတိုင်ပင်ခံ အဖို့တော့ ဆိုဖွယ်ရာ မရှိတော့။

 

ယခုလည်း သူမ၏ ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို ၈၀% ကျော် အနိုင်ရရှိခဲ့ခြင်း‌ ကြောင့် ရွေးကောက်ပွဲတွင် "မသမာမှု" ကြောင့်သာ ထိုသို့ အနိုင်ရရှိခြင်းဟု စွပ်စွဲကာ ထောင်သုံးနှစ် ချခဲ့ပြန်သည်။

 

ဤသည်ကို ကြည့်က စစ်တပ်သည် တိုင်းပြည်ကို နှစ်ပေါင်း ၆၀ ခန့် (ကြားကာလ ငါးနှစ်မှ လွဲ၍) အုပ်ချုပ်လာခဲ့သော်လည်း တခါဖူးမျှ ပြည်သူ့ ဆန္ဒ ကို ထင်ဟပ်ခဲ့ခြင်းမရှိ၊ နားလည် မလည်၊ သဲထဲ ခေါင်းစိုက်ကာ ငါ ဘာမှမသိချင်ဖူး ဟု အော်ဟစ်နေသူများသာ ဖြစ်နေသည်မှာ အထင်အရှား ဖြစ်နေသည်။

 

ထိုသို့သော အမှားများ၊ သမ္မတ လုပ်ချင်သည့် အာဏာရူး တယောက်ကြောင့် တတိုင်းပြည်လုံး ဒုက္ခလှလှကြီး တွေ့နေရပြီ ဖြစ်သည်။

 

ထိုပုဂ္ဂိုလ် အနေဖြင့် စဉ်းစားတတ်မည်ဆိုလျှင် ၎င်း၏ အာဏာသိမ်း မှုသာ မရှိခဲ့လျှင် တနှစ်ခွဲဆိုသည့် ကာလ အတွင်း သေဆုံးသွားခဲ့သည့် ပြည်သူများ၊ ၎င်း၏ စစ်သည်များသည် မိခင်ဖခင်၊ မိသားစု များနှင့် အတူ ပျော်ရွှင်စွာ ဖြင့် အသက်ရှင်ရက်သား ရှိနေကြပေဦးမည် ဆိုသည်ကို အလွယ်လေးပင် တွေးနိုင်မည် ဖြစ်သည်။

 

ထိုအချက် တခုတည်း နှင့်ပင် ၎င်း၏ တကိုယ်လုံး အကုသိုလ်မီးများ လောင်မြိုက်နေပေဦးတော့မည်။

 

ထိုသို့ မ‌တွေးမိအောင် နည်မျိုးစုံ ဖြင့် နေ့စဉ်လို ကိုယ့်ကိုကိုယ် ပြန်လိမ်ကာ အားပေးနေရပေတော့မည်။

 

အမိမြန်မာနိုင်ငံတော်ကြီး နှင့် ပြည်သူများကတော့ ၎င်းတို့ မရှိလည်း ကမ္ဘာအလယ်တွင် ဆက်လက် ရှင်သန်နေဦးမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ တွန်းလှန်စစ် မုချအောင်ရမည်!!!

 

Photo credit - Amnesty international