ဗြိတိသျှ ဘုရင်မကြီး ကွယ်ရှာပြီ

by Hla Soewai - Sep 09 2022

၁၉၅၃ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အင်္ဂလန်နိုင်ငံသားများ ၏ ဧည့်ခန်းဆောင်များမှာ စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာနေပြီ ဖြစ်သည်။ အားလုံးက ပထမဆုံး အကြိမ် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ် ဖြစ်သော အသက် ၂၅ နှစ်ရှိ အယ်လိဇဘက် ဝင်ဆာ မင်းသမီး လေးအား ဘုရင်မကြီး အဖြစ် နန်းတက် ဘိသိတ်ခံပွဲ ကို စောင့်စားကြည့်ရှုကြရတော့မည် ဖြစ်နေသောကြောင့်ပင်။

 

အခမ်းအနား ပြီးဆုံးကာနီးတွင်တော့ စိန် အလုံးပေါင်း ၂,၈၆၈ လုံး၊ အလေးချိန်အားဖြင့် တစ် ကီလိုဂရမ်ကျော် ရှိသော နန်းစဉ် သရဖူ ကြီး ကို နုနယ်ချောမောလှပသည့် အယ်လိဇဘက် ဝင်ဆာ မင်းသမီးလေး ၏ ခေါင်းတွင် တပ်ဆင်ပေးခဲ့ပြီ ဖြစ်၍ သူမသည် ဒုတိယမြောက် အယ်လိဇဘက် ဘုရင်မကြီး ဘွဲ့ကို ခံယူလိုက်ပြီ ဖြစ်သည်။

 

သို့သော် အများပြည်သူတို့ မြင်ခွင့်မကြုံခဲ့သည်မှာ အခမ်းအနား မတိုင်မီ ကန့်လန့်ကာနောက်ကွယ်တွင် ဥရောပ အလယ်ခေတ် က စခဲ့သော အစဉ်အလာအတိုင်း အဝတ်အစားများ ချွတ်ပြီး Holy oil အမွှေးနံသာဆီများ လိမ်းချယ်ပေးခဲ့ခြင်းပင် ဖြစ်သည်။ ရည်ရွယ်ချက်ကား သူမအား ဘုရင်မကြီး အဖြစ် တင်မြှောက်ခဲ့ခြင်းသည် အစဉ်အလာ တော်ဝင် မဟာဆီ မဟာသွေး ဖြစ်နေသောကြောင့်သာမက ဘုရားသခင်၏ အမိန့်တော်အတိုင်း ဆိုသည်ကို ထင်ရှားစေလို၍ ဖြစ်သည်။ ဘုရင်မကြီးအဖြစ် သူမ ထမ်းဆောင်ရမည့် တာဝန်သည် ဘုရားသခင် အလိုတော်အတိုင်း သေတပန် သက်တဆုံး ဖြစ်သည်ကိုလည်း သတိပေးလိုက်ခြင်း ဖြစ်သည်။ ထိုသို့ သတိ ပေးခဲ့မှုကို ဘုရင်မကြီးသည် ဘာမောရယ် ရဲတိုက်ကြီးတွင် နောက်ဆုံးထွက်သက်အထိ မေ့လျော့မသွားခဲ့ပေ။

 

ခန္ဓာကိုယ် ပုပုအိုင့်အိုင့် ပေါ်တွင် အဖြူနုနု အပေါ် ကုတ်အင်္ကျီ နှင့် လက်ကိုင်အိတ် အကြီးစား ကို ကိုင်ကာ ပြည်တွင်း ပြည်ပ ခရီးများကို မနောနိုင် မပန်းနိုင် သွားသွားလာလာ လုပ်နိုင်ခဲ့သူ ဖြစ်သည်။ သူမ ထံ လာတွေ့သူများကိုလည်း အမြဲလို Have you come far? အဝေးကြီးက လာခဲ့ရသလားဟု ပီသကြည်မြပြီး ပြတ်သားသော ဗြိတိသျှ တော်ဝင် လေယူလေသိမ်းဖြင့် ခရီးဦးကြို နှုတ်ဆက်လေ့ ရှိသဖြင့် ကွယ်ရာတွင် နောက်ပြောင်းစရာ ဖြစ်ခဲ့ရသည်။ အမြဲတမ်းလို လက်အိတ် နှင့် ခေါင်းဆောင်းကို မချွတ်တမ်း ဝတ်ဆင်တတ်သူ ဖြစ်သည်။

 

စိတ်သဘောထား ကောင်းမွန်လှ၍ လည်း သူမအပေါ် အားလုံးက ချစ်ခင်ကြသည်။ လာရောက်တွေ့ဆုံကြသော နိုင်ငံခြား ဧည့်သည် အချို့က အလိုက်ကမ်းဆိုး မသိဘဲ ထိလားပြုလား လုပ်လာလျှင်ပင် ဗြိတိသျှ စာနယ်ဇင်းတို့ ဆွေ့ဆွေ့ခုန် မတတ် ရေးသားခဲ့ကြသည်။ သမ္မတ အိုဘားမား ကတော် မီချယ်က တွေ့ထိရုံတင်မက ကျောကိုပါ ပွတ်သပ်လိုက်သည့် အခါတွင်တော့ ဆိုဖွယ်ရာ မရှိတော့။

 

သူမသည် ပြည်တွင်း တွင်သာမက ဓနသဟာယ အဖွဲ့ဝင် နိုင်ငံများ သို့ သွားရောက်ပြီး ပန်းစည်းများ လက်ခံရ ယူခြင်း၊ ရိုးရာအကများ ကြည့်ရှုခြင်း၊ အဆောက်အဦးများ ဖွင့်လှစ်ပေးခြင်း၊ သင်္ဘောများ ရေချပေးခဲ့ခြင်း စသည့် အခမ်းအနားပေါင်း မျိုးစုံနှင့် လူထု ကြား ဆင်းခဲ့သူဖြစ်၍လည်း သူမအား ချစ်ခင်လေးစားကြသည်မှာ အဆန်းတကြယ်တော့ မဟုတ်ပေ။

 

သူမ ဘဝသည် ၁၉၃၈ ခုနှစ်တွင် ဖခင်ဖြစ်သူ မမျှော်လင့်ဘဲ ထီးနန်းဆက်ခံ ခဲ့ရသည့် အချိန်အထိ အနှောင်အဖွဲ့ ကင်းမဲ့ပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ခဲ့ရသည့် ကာလများ ဖြစ်ခဲ့ရသည်။ ထို့နောက် ဘုရင်သမီးတော် ဘဝ နှင့် တာဝန်သိစွာ နေလာခဲ့ရပြီး ၁၉၅၂ ဖေဖေါ်ဝါရီလ တမနက်တွင်တော့ ဘုရင်မကြီး အဖြစ် တက်လှမ်းရတော့မည့် အဖြစ်ကို သိရှိလာခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း သမီးတော် ဘဝမှာပင် အမျိုးသမီး အရံတပ်ဖွဲ့တွင် ဝင်ရောက် အမှုထမ်းပြီး ထရပ်ကားကြီးများ မောင်းနှင်ရခြင်း၊ စက်ပြင်အလုပ်ကို ကူညီလုပ်ကိုင်ပေးရခြင်း အစရှိသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

 

၁၉၄၇ ခုနှစ်တွင် မင်းသား ဖီလစ်နှင့် လက်ဆက်ခဲ့ရာတွင် မင်္ဂလာဆောင် ဝတ်စုံကို လှူဒါန်းထားသော အဝတ် အစား ဝယ်ရန် ခွဲတမ်းချထားသည့် ကူပွန်များကို စုဆောင်းကာ ဝယ်ယူ ချုပ်လုပ်ခဲ့ရသည်။ သူမ နန်းတက်ပြီး မကြာမီမှာပင် အမေရိကန် သမ္မတ အိုက်စင်ဟောင်ဝါထံ နို့မလိုင် ရေခဲချောင်း လုပ်နည်းကို ပို့ပေးရန် စာရေးသား တောင်းဆိုခဲ့ဖူးသည်။ ထို့အတွက် မီးဖိုချောင်းသုံး အေပရွန်ကြီး ဝတ်ကာ တကုတ်ကုတ် နှင့် ရေခဲချောင်း ပြုလုပ်နေမည့် သူမကို မြင်ယောင်မိလာကြသည်။

 

သူမလက်ထက်တွင် ဗြိတိသျှ ဝန်ကြီးချုပ် ဆယ့်ငါးဦး အပြောင်းအလဲ ဖြစ်ခဲ့ရသည့် ကာလများကိုလည်း တည်ငြိမ်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ ထိုအထဲတွင် အာဝဇ္ဇန်း ရွှင်သည့် လေဘာ ပါတီ ခေါင်းဆောင် ဟာရိုး ဝီလ်ဆန် နှင့် မာဂရက် သက်ချာကို အထူး နှစ်သက်ခဲ့သည်။ ဗြိတိသျှ နိုင်ငံရေး နှင့် ခပ်ကင်းကင်း နေခဲ့ သော်လည်း ၂၀၁၄ ခုနှစ် စကော့တလန် ခွဲထွက်မည့် အရေး နှင့် ကြုံလာသောအခါ သူမ၏ မြောက်ပိုင်းသား များကို သတိထား ဆုံးဖြတ်ကြရန် ပြောလာခဲ့သည်။

 

သူမ ဘဝ တွင် ဝမ်းနည်းကြေကွဲစွာ ခံစားရသည်ကို လူသိရှင်ကြား တွေ့ခဲ့ရသည့် အဖြစ်က ၁၉၉၂ တွင် သားကြီး ဩရသ ချားလ် နှင့် ဒိုင်ယာနာ တို့ လမ်းခွဲသွားမှု နှင့် ဝင်ဆာ ရဲတိုက်ကြီး မီးဘေးသင့်ခဲ့မှု တို့ပင် ဖြစ်သည်။ ထိုနှစ်များကို ဘဝတွင် ဆိုးဝါးစွာ ကြုံခဲ့ရသည့် ကံမကောင်း အကြောင်းမလှမှု အဖြစ် ထုတ်ဖေါ်ပြောဆိုခဲ့သည့် အထိပင်။ သို့သော် ထိုကဲ့သို့ အဖြစ်ဆိုးမျိုး နောက်တကြိမ် ကြုံခဲ့ရပြန်သည်။ ၂၀၁၉ ခုနှစ်တွင် အတ္တလန်တစ် တဖက်ကမ်း ရှိ ဒုတိယမြောက် သားတော် မင်းသား အင်ဒရူး ၏ လိင်ကိစ္စ အရှုပ်တော်ပုံ၊ ဘရက်ဆစ် အကျပ်အတည်း တို့ နှင့် အတူ ဘောရစ် ဂျွန်ဆန် ၏ တောင်းဆိုမှု ဖြစ်သည့် ဗြိတိသျှ ပါလီမန် ကို ရပ်ဆိုင်းရန် သဘောတူ ပေးခဲ့ ရခြင်းတို့ပင် ဖြစ်သည်။

 

သူမလက်ဝယ်တွင် တကယ်တမ်း အာဏာ မရှိသော်လည်း သူမကြောင့် ဗြိတိသျှ နိုင်ငံသားတို့ စိတ်ချမ်းသာ အောင် ဖန်တီးပေးနိုင်ခဲ့သည်။ သူမသည် နိုင်ငံကို ချည်နှောင်ပေးထားသည့် ကြိုးတချောင်းဟုပင် ခေါ်ဝေါ် သုံးနှုန်းခဲ့သည်။ ကိုဗစ် ဖြစ်လာသည့်အခါတွင် ဒုတိယ ကမ္ဘာစစ် အတွင်း သူမ၏ အကြိုက်ဆုံး အဆိုတော် Vera Lynn သီချင်းများကို ပြန်လည် ဖေါ်ထုတ်ပေးခဲ့သည်။ သူမအတွက် ခွန်အား ဖြစ်ခဲ့ရသည့် ကြင်ယာတော် မင်းသားကြီး ဖီလစ် ကွယ်လွန်သွားသည့် အခါတွင်လည်း သိသိသာသာ ပြိုလဲ သွားချင်း မရှိဘဲ တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်ခဲ့သည်။

 

မြင်း ဝါသနာ ပါသူလည်း ဖြစ်သဖြင့် သူမ၏ မြင်း သည် ပြိုင်ပွဲတွင် အနိုင်ရရှိသည့် အခါတိုင်း အထူး ပျော်ရွှင် ခဲ့သည်။ မြင်းနှင့် ပတ်သက်သော စာအုပ်များကို အမြဲလို ဖတ်ရှုတတ်သူ ဖြစ်သည်။ ကျေးလက် စံအိမ် ရဲတိုက်ကြီးတွင် အပန်းဖြေသည့်အခါတိုင်း နွေ တွင် ခေါင်းစည်းပုဝါ လေး စည်းကာ နှင့် မိုးတွင်း တွင် မိုးကာ အင်္ကျီကြီး တဖားဖား နှင့် မြင်းစီးနေပုံကို အမြဲလို ဓါတ်ပုံ အရိုက်ခံလေ့ရှိသည်။

 

သက်တော်ရှည်စွာ နေသွားနိုင်ခဲ့သဖြင့် အိမ်ရှေ့စံမင်းသားသည်ပင် အရွယ်လွန်သည့် အဖြစ် ရောက်လာခဲ့သည်။ သို့သော် သားကြီး ဩရသ ၏ အပြုအမူများကြောင့် ထီးနန်းကို မစွန့်ဘဲ ထားခဲ့ပုံရသည်ဟု ယူဆစရာ ဖြစ်ခဲ့ ရသည်။ သူမ၏ ထီးနန်းကို အခြားလူတယောက် လက်ဝယ်တွင် သာ စိတ်ချလက်ချ ထားခဲ့လိုပုံရှိသည်။

 

သူမ၏ နောက်ဆုံးရက်များ အတွင်း ဘုရားသခင် ထံတွင် ကတိပြုခဲ့သည့် အတိုင်း ထီးနန်းကို သေတပန် သက်တဆုံး အုပ်ချုပ်သွားမည်ဟူသော သံန္နိဋ္ဌာန်က သူမ၏ မျက်နှာပေါ်တွင် ပိုမိုထင်ရှားလာခဲ့ရသည်။

 

သူမသည် နန်းတက်ဘိသိတ် ပွဲ မတိုင်မီ နန်းစဉ်သရဖူ ကြီး၏ အလေးချိန်ကို ခေါင်းတွင် နေသားကျအောင် မနက်စာ စားတိုင်း ဆောင်းထားလေ့ရှိသည်။ ၁၉၅၃ ခုနှစ် တရက်တွင်တော့ နိုင်ငံကို ဆယ်စုနှစ်များစွာ ဆက်လက် ထိန်းသိမ်းသွားနိုင်ရန် ဆိုသည့် ကြီးလေးသော တာဝန်ကြီးက နန်းစဉ် သရဖူ ကြီးနှင့် အတူ သူမ၏ ပုခုံးပေါ် ကျရောက်လာခဲ့ရပေတော့သည်။

 

ယခု သူမကွယ်လွန်သွားခဲ့မှု နှင့် အတူ ခေတ်ကြီး တခေတ် ပြည်ဖုံးကား ချသွားခဲ့ရပြီ ဖြစ်သည်။

 

ချားလ်မင်းသား ချက်ချင်းပင် ထီးနန်း အရိုက်အရာကို ဆက်ခံခဲ့ပြီ ဖြစ်သည်။ သူ့ထံသို့ အမေရိကန် သမ္မတ၊ ရုရှားသမ္မတ ပူတင်၊ ပုပ်ရဟန်းမင်းကြီး အပါအဝင် ကမ္ဘာခေါင်းဆောင်များက ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ကြပြီး ယူကရိန်းစစ်ပွဲ အတွက် အထူးအစည်းအဝေးကျင်းပနေသော လုံခြုံရေးကောင်စီ အစည်း အဝေး တွင် ငြိမ်သက်စွာ ဆုတောင်း ဝတ်ပြုပေးခဲ့ကြသည်။

 

စက်တင်ဘာ ၈ ရက်၊ ၂၀၂၂ ခုနှစ် အီကော်နော်မစ် မဂ္ဂဇင်းပါ “Elizabeth II never laid down the heavy weight of the crown” ဆောင်းပါးကို ပြန်လည် တင်ပြသည်။